Saturday, February 23, 2013

ပုဂ္ဂလိက သတင်းစာ ထုတ်လုပ်ခွင့်ပြုရန် စီစဉ်ခြင်းသည် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ဟု Toby Mendel ပြောကြား

Ever November | 2/23/2013 09:10:00 AM | Best Blogger Tips

မဇ္ဈိမ သတင်းမီဒီယာမှ ဦးဆောင်ကျင်းပသော မီဒီယာဥပဒေနှင့် သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက Micasa ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဥပဒေနှင့် ဒီမိုကရေစီရေးရာဌာန အမှုဆောင်ဒါရိုက်တာ ကနေဒါနိုင်ငံသား Toby Mendel မှ 'လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေခံမူများ'၊ 'ပုံနှိပ်မီဒီယာ ဥပဒေအတွက် အဓိကကျသော ကိစ္စရပ်များ'၊ 'ပုံနှိပ်နှင့် အသံလွှင့်မီဒီယာ ဥပဒေများအကြား ခြားနားချက်များ' နှင့် 'သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး' ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးသွားသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အခြေစိုက် သတင်းမီဒီယာများမှ သတင်းထောက်များနှင့် အယ်ဒီတာများ တက်ရောက်ခဲ့ကြပြီး အစပိုင်းတွင် စာနယ်ဇင်းကောင်စီ၏ ဖွဲ့စည်းပုံ၊ အရေးပါမှုနှင့် ၄င်း၏လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
ကနေဒါနိုင်ငံသား Toby Mendel ကပင် အားကောင်းသော စာနယ်ဇင်းကောင်စီ တစ်ခုအနေဖြင့် စာနယ်ဇင်းသမားများနှင့် မီဒီယာလောကအတွက် အားထားရသည့် မဏ္ဍိုင်တစ်ခု ဖြစ်ရန်နှင့် မီဒီယာများ၏ အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရာတွင် မီဒီယာသမားများနှင့် တတ်သိနားလည်သူများ အချင်းချင်းပူးပေါင်း တိုင်ပင်ကာ စည်းမျဉ်းများ ချမှတ်ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် အစိုးရ (သို့မဟုတ်) အခြားသော
နိုင်ငံရေးအင်အားစုများ၏ လွှမ်းမိုးမှုခံရခြင်းမှ ရှောင်ရှားကာ လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် မကြာမီ ပေါ်ထွက်လာမည့် မီဒီယာဥပဒေနှင့် ပတ်သက်၍ နိုင်ငံတကာ ဥပမာများဖြင့် နှိုင်းယှဉ်ကာ ဆွေးနွေးရာတွင် မှန်ကန်တိကျသော မီဒီယာဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန် မီဒီယာကျင့်ဝတ်များသည် အရေးပါကြောင်း၊ ထိုကျင့်ဝတ်များအား အခြေခံကာ လက်တွေ့ကျသည့် မီဒီယာဥပဒေအား ရေးဆွဲရကြောင်း Toby Mendel မှ ပြောကြားခဲ့သည်။
ယင်းနောက် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉ ) ပါ လွတ်လပ်စွာ ပြောဆိုရေးသားပိုင်ခွင့်၊ အများပြည်သူ သိသင့်သော အချက်အလက်များကို မီဒီယာများတစ်ဆင့် ပြည်သူများ သိရှိရန် အစိုးရအနေဖြင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အစိုးရမှ လုပ်ဆောင်သည့် လုပ်ငန်းဆောင်တာများသည် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ကြောင်းများ ဆက်လက်ဆွေးနွေးခဲ့သည်။
ထို့ပြင် လက်ရှိအစိုးရ အနေဖြင့် နေ့စဉ်ထုတ် သတင်းစာထုတ်လုပ်ခွင့်ကို ပုဂ္ဂလိကမီဒီယာများထံ လုပ်ခွင့်ပြုရန် စီစဉ်နေခြင်းသည် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ပင်ဖြစ်ကြောင်း၊ သို့သော် ရုပ်သံထုတ်လွှင့်မှုကို ပုဂ္ဂလိကကုမ္ပဏီများအား ခွင့်မပြုသေးခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အနှောင့်အယှက်တစ်ခုအဖြစ် ရှိနေသေးကြောင်း Toby Mendel က သုံးသပ်သည်။
ယင်းနောက် ဆွေးနွေးပွဲ တက်ရောက်လာသူများ၏ မေးမြန်းမှုများနှင့် ထင်မြင်ချက်များအပေါ် ၎င်းက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
EMG
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1