Sunday, May 12, 2013

ကျွန်မ ဦးနှောက်မငယ်ပါ

Ever November | 5/12/2013 02:50:00 PM | Best Blogger Tips

ကျွန်မဟာ ရိုးသားတဲ့ တောင်သူ ဦးကြီးတစ်ယောက်ရဲ့ သား သမီး ၅ ယောက်ထဲက ဒုတိယမြောက်သမီးပါ။ ၈ နှစ် အရွယ်အထိ ကျောင်းမနေရသေးတဲ့ ကျွန်မ ကျောင်းတွေဖွင့်ပြီးတစ်ရက်မှာ အရဲစွန့်ပြီး “အဖေ သမီး ကျောင်းနေချင်တယ်လို့ ” ပူဆာလိုက်မိတယ်။
အချစ်ဆုံးသမီးလေးမို့ အဖေက နှမြောတသစွာ ကြည့်နေပြီး အခွင့်အရေးတစ်ခု ပေးရမှာကိုလည်း သတိထားမိဟန် တူပါတယ်။ “ အင်း သမီးကို မနက်ဖြန် အဖေ ကျောင်းလိုက်အပ်ပေးမယ် ” လို့ ကတိပေးခဲ့ပါတယ်။

မနက်ဖြန်ဆိုတဲ့ နေ့တစ်နေ့ဟာ ကျွန်မအတွက် ပျော်စရာအတိနဲ့ ဖြစ်နေမှာကိုတွေးမိပြီး ကျွန်မ တစ်ညလုံး အိပ်မပျော်ခဲ့ပါဘူး..။ ကျောင်းမှာ ဘာတွေသင်ရမယ် ဆရာမနဲ့ အတန်းဖော်တွေ ငါ့ကိုဘယ်လို ဆက်ဆံကြမှာလဲဆိုတဲ့  အတွေးတွေနဲ့ ကျွန်မ တစ်ညလုံးကုန်ဆုံးခဲ့တာပါ..။

အဖြူအစိမ်း မဆင်နိုင်တဲ့ ကျွန်မဟာ အစ်မ ဝတ်ပြီးသား အဝတ်အဟောင်းတွေထဲက အသစ်လွင်ဆုံးလို့ ထင်ရတဲ့ အဝတ်တစ်စုံကို ရွေးဝတ်လိုက်တယ်..။ အဖေရဲ့ ဆေးသေး ၊ ဆေးရွက်နဲ့ ကွမ်းထုပ် ထည့်တဲ့ အိတ်ကလဲ ကျောက်သင်ပုန်း၊ ကျောက်တံ ထည့်တဲ့ ကျွန်မရဲ့ ကျောင်းလွယ်အိတ် ဖြစ်လာခဲ့တယ်။

ဒီလိုနဲ့ အဖေ ကျွန်မကို ကျောင်းလိုက်အပ်ပေးခဲ့တယ်။ ကျွန်မရဲ့စိတ်တွေလည်း အရမ်းလှုပ်ရှားနေမိတယ်။ သူများတွေလို အဖြူအစိမ်း ၀တ်စုံပြည့်လေး ၀တ်ချင်ပေမဲ့ မ၀တ်နိုင်တာကိုလည်း ကျွန်မ အားငယ်စိတ် မ၀င်ခဲ့မိပါဘူး။  အဓိကက ကျွန်မ စာဖတ်တတ်ချင်တာလေ။  တစ်နေ့တာလုံး စာရေးသင်ရင်း၊ ဆရာမပြောပြတဲ့ ပုံပြင်လေးတွေ နားထောင်ရင်းနဲ့ ကျွန်မ အရမ်းကို ပျော်ရွှင်နေမိတယ်။ အတန်းဖော် သူငယ်ချင်းသစ်တွေနဲ့လည်း အဆင်ပြေ ချောမောလို့ ပေါ့။

တစ်နေ့တာ ကုန်ဆုံးလို့ အိမ်ပြန်ရောက်တဲ့အခါ သာသာယာယာမရှိတဲ့ အဖေရဲ့မျက်နှာကို ၀ါးထရံ ပြတင်းပေါက်ကနေ ကျွန်မ လှမ်းမြင်လိုက်ရတယ်။ စိုးရိမ်းစိတ်နဲ့ ကျွန်မ အဖေ့နား ချဉ်းကပ်မိတယ်။ ကျွန်မကိုမြင်တာနဲ့ အဖေက

“သမီး ကျောင်းမနေလို့ မဖြစ်ဘူးလား၊ သမီးမရှိရင် အဖေရော အမေရော ကူဖော်လောင်ဖက် မရှိတော့  တစ်အိမ်လုံး ဒုက္ခရောက်မှာ..  သမီးရဲ့ မောင်တွေ ညီမတွေက အရမ်း ငယ်သေးတာလေ… အဖေတို့ကို မချစ်ဘူးလား၊ မသနားဘူးလားဟင် ”လို့မေးပါတယ်။

ဟုတ်ပါတယ် ကျွန်မဟာ အဖေ့ရဲ့ အားကိုးရာလည်း ဟုတ်သလို၊ အမေ့အတွက် ကူဖော်လောင်ဖက်ဆိုလည်း မမှားပါဘူး။

ကျွန်မ တွေးတွေးဆဆနဲ့ ပုခက်ပေါ်မှာ အော်ငိုနေတဲ့ ညီမငယ်လေးကို လှမ်းကြည့်မိတယ်။ သူကတော့ ကျွန်မကို သယ်ပိုးပါလို့ အဓိပ္ပာယ်ပါတဲ့ မျက်ရည်တွေ ရွှဲးစိုနေတဲ့ အကြည့်နဲ့ပေါ့။ ကျွန်မ အောက်က မောင်နဲ့နို့ညှာ ညီမကတော့ မြင်မကောင်းအောင် ထွက်နေတဲ့ နှပ်တရွဲရွဲနဲ့ ဆော့ကစားနေကြလေရဲ့။ ကျွန်မရဲ့ အထက်က အစ်မကြီးကလည်း ဟိုးအဝေး ရန်ကုန်ဆိုတဲ့ မြို့မှာ အလုပ်သွားလုပ်နေတယ်လေ။ အိမ်အကူလို့တော့ အဖေပြောသံကြားလိုက်ပေမဲ့ ကျွန်မ သေချာတော့ နာမလည်ပါဘူး။

ကျွန်မရဲ့အဖြေကို မျှော်လင့်တစ်ကြီး စောင့်စားနေတဲ့ အဖေ့ကို တစ်ချက်ကြည့်ပြီး ကျွန်မ စိတ်မသက်သာစွာ  ခေါင်းငြိမ့် အဖြေပေးလိုက်မိတယ်။ အဖေ မကြားနိုင်အောင် သက်ပြင်းတစ်ချက်ကို ခိုးချရင်း “ ငါ မနက်ဖြန်ကျောင်းသွားလို့ မရတော့ဘူးပေါ့” လို့လည်း ဝမ်းနည်းစွာ တွေးနေမိတယ်။ ဒီတစ်ညကတော့ မနေ့ညနဲ့ ကွဲလွဲစွာ ကျွန်မ မျက်ရည်တွေနဲ့ တစ်ညလုံး ဖြတ်သန်းခဲ့ရတယ်။

--------------

ဒီလိုဆိုးရွားတဲ့ ဘ၀ကနေ ကျွန်မ ရုန်းထွက်ချင်စိတ်တွေလည်း တစ်ဖွားဖွား ဖြစ်ပေါ်နေမိတယ်။ ဘ၀တခုအတွက် ရွေးချယ်ပြီး မွေးဖွားလာခွင့် မရှိတော့လည်း အခက်သားပေါ့။ ဒါပေမဲ့ ခဏတာ အားလျော့ စိတ်ပျက်မှုတွေကို အမြန်ဆုံး မောင်းထုတ်ပြီး ငါလုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်လို့ သံန္နိဋ္ဌာန်ချလိုက်မိတယ်။။

ဒီလိုနဲ့ မိဘတွေကိုကူရင်း၊ မောင်နှမတွေကို ထိန်းကျောင်းရင်နဲ့ ကျွန်မအသက် ၁၈ နှစ် အရွယ်ကိုရောက်လာခဲ့တယ်။  အိမ်ရဲ့ စီးပွားရေးကလည်း အထိုက်အလျောက် အဆင်ပြေလာခဲ့တယ်။ နွေရာသီ ရိတ်သိမ်းချိန်ပြီးရင် အဖေက မြင်လှည်းထွက်မောင်းပြီး အိမ်ရဲ့စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်စေခဲ့တယ်။

ကျွန်မအဖို့  သေစာရှင်စာမပြောနဲ့ ကျွန်မနာမည်ကိုတောင် မဖတ်တတ်၊ မရေးတတ်ခဲ့ပါဘူး။ လူတစ်ယောက်ရဲ့ ဘဝဆိုတာ တစ်ဖြောင့်တည်းသွားတဲ့ မျဉ်းဖြောင့်တစ်ကြောင်းလို မဟုတ်ဘူးဆိုတာကို ကျွန်မ အသက် ၁၈နှစ် ကျော်ကျော်မှာ သိခွင့်ရခဲ့တယ်။

ဒီရွှံ့တွေ တလူးလူးနဲ့ ရုန်းကန်ခဲ့ရတဲ့ ဘ၀ကနေ ကျွန်မ ရုန်းထွက်ဖို့ ဘ၀တစ်ဆစ်ချိုးလို့ပဲ ပြောရမယ်ထင်ပါရဲ့။

ကျွန်မတို့မြို့က တတိယအချမ်းသာဆုံး မြို့မျက်နှာဖုံး သူဌေးသားက ကျွန်မကိုမှ မျက်စိကျပြီး ချစ်ရေးဆို၊ ချစ်သဝဏ်လွှာတွေ ရေးပို့လာခဲ့တယ်။ ကျွန်မဆီပို့သမျှ စာတွေကို ဒိုင်ခံဖတ်ပြီး ပြန်ပေးတဲ့သူကတော့ ကျွန်မရဲ့နို့ညှာ ညီမလေးပေါ့။ သူလည်း အထက်တန်းကို ရောက်နေပြီးခဲ့ပြီလေ။

ဒီလိုနဲ့ ရွေမင်းသားလေးနဲ့ ကျွန်မ မေတ္တာမျှပြီး မကြာမှီပဲ မိဘတွေက ထိမ်းမြားပေးကြတယ်။ ကျွန်မအဖေက အားတက်သရော် စုဆောင်းထားသမျှလေးတွေနဲ့ ကျွန်မ မျက်နှာမငယ်ဖို့ ကျွန်မအတွက် လက်ဝတ်လက်စားလေးတွေ လုပ်ပေးခဲ့တဲ့အပြင် စာသောက်ကျွေးမွေးစားရိတ်ကိုလည်း အားလုံးတာဝန်ယူပေးပါတယ်။ သတို့သားဖက်ကတော့ ကားတစ်စီးနဲ့ အိမ်တလုံးလက်ဖွဲ့ ပေးခဲ့တယ်။ ဒါကလည်း ကျွန်မကို သဘောအကျကြီး မဟုတ်ပေမဲ့ သားမျက်နှာနဲ့ လက်ဖွဲ့လိုက်တာပါ။

လက်ထက်ပြီး ၁ လလောက်မှာ ကျွန်မ ကိန်းဂဏန်းမကျေမှန်း စာမဖတ်တတ်မှန်း ကျွန်မအမျိုးသား ကောင်းကောင်းသိသွားပေမဲ့ သနားစိတ်ကလေးနဲ့ ကျွန်မအပေါ် မေတ္တာတွေပိုလို့တောင်ပေးခဲ့တယ်။ ရထားတဲ့ ကားကို ကျွန်မအမျိုးသား ကိုယ်တိုင်းမောင်း လိုင်းဆွဲပြီး မိသာစု စားဝတ်နေရေးကိုဖြေရှင်ခဲ့ကြတယ်။ ကျွန်မရဲ့ မိဘအစဉ်ဆက် လုပ်ကိုင်ခဲ့တဲ့ လယ်အလုပ်ကို ကျွန်မအမျိုးသားကိုယ်တိုင်က သူဋ္ဌေးသားပီပီ ဘာမှ နားမလည် မလုပ်ကိုင်တတ်သလို၊ ကျွန်မ ကိုယ်တိုင်ကလည်း ဒီဘဝထဲကို ပြန်မသွားချင်တော့ပါဘူး။

ကျွန်မတို့ နှစ်ယောက် ဘဝကို အတူရုန်းကန်ရင်း၊ ပျော်ရွှင်ဖွယ်အိမ်ထောင်လေးကို တည်ဆောက်နိုင်ခဲ့ကြတယ်။ ကျွန်မတို့ရဲ့ အိမ်ထောင်သက် ၇ နှစ်အတွင်း သမီးကြီးနဲ့ သမီးငယ် ထပ်ပြီး ဝင်ရောက်လာခဲ့လို့လည်း ပိုပြီးသာယာပြည့်စုံ ပျော်ရွှင်ဖွယ်အတိနဲ့ ဖြစ်ခဲ့ရတယ်။

ကျွန်မဘဝမှာ ငယ်ကတည်းက ကိုယ်ဖြစ်ချင်တာကို ဦးစားပေးခွင့်မရဘဲ စိတ်ချမ်းသာမှုတွေနဲ့ ကင်းဝေးခဲ့ရပေမဲ့ ကံကြမ္မာ မျက်နှာသာပေးလို့ အခုလို သာယာပျော်ရွှင်တဲ့ အိမ်ထောင်ဘဝလေးကို ပိုင်ဆိုင်ခွင့်ရတော့လည်း ဘဝကိုကျေနပ် သာယာနှစ်ခြိုက်နေခဲ့မိတယ်။
------------------

ဒါပေမဲ့ သာယာလှပတဲ့ ကျွန်မဘဝလေးကို ကျွန်မကျေနပ်လို့မှမဆုံးခင် မမျှော်လင့်တဲ့ ကံကြမ္မာအဖြစ်ဆိုးကြီးက ကျွန်မဆီကို မကြိုဆိုဘဲ ရောက်လာခဲ့တယ်။ နိုင်ငံရေး မတည်ငြိမ်မူတွေနဲ့အတူ စီးပွားရှာထွက်နေရတဲ့ ကျွန်မအမျိုးသား ပျောက်ချင်မလှ ပျောက်သွားခဲ့တယ်။ သတင်းအစအန တစ်စုံတစ်ရာမရဘဲ ကျွန်မဘဝထဲကနေ ကျွန်မအမျိုးသား အပြီးအပိုင် ထွက်ခွာသွားခဲ့တယ်။

ကျွန်မဘဝရဲ့ အသာယာဆုံးအချိန်တွေကနေ ကျွန်မ အထိတ်တလန့်နဲ့ လန့်နိုးခဲ့ရတယ်။ အရွယ်မရောက်သေးတဲ့ လူမမည် ကလေးနှစ်ယောက်နဲ့ ကျွန်မ ဘဝဟာ ဒုက္ခတွေ ပင်လယ်ဝေခဲ့ရတယ်။ ရှိစုမဲ့စုလေးတွေ ရောင်းချပြီး သမီးနှစ်ယောက်နဲ့ ဘဝကို ရသလောက် ဆက်လှမ်းခဲ့ရတယ်။ ကျွန်မ ဘဝရဲ့ ကံကြမ္မာမညီမျှမှုကိုလည်း စိတ်နာနေမိတယ်။ စိတ်ဓာတ်တွေ ကျပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်မသိလောက်အောင်ဖြစ်နေတဲ့ ကျွန်မအတွက် သမီးလေး နှစ်ယောက်ရဲ့ နောင်ရေးဆိုတာကို တွေးမိလိုက်တဲ့အခါတိုင် မျက်ရည်ကျခဲ့ရတယ်။

သူတို့လေးတွေရဲ့ ဘဝနောင်ရေးအတွက်  မိခင်တစ်ယောက်အနေနဲ့ တာဝန်ရှိတယ်ဆိုတဲ့ အသိတရားနဲ့အတူ အာငယ်စိတ်တွေကို မောင်းထုတ်ပြီး   ကျွန်မ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင် ချလိုက်မိတယ်။ ကျွန်မ ဘဝက သမီးနှစ်ယောက်ရဲ့  အနာဂတ်လောက် ဘာမှ အရေးမကြီးတော့ဘူးလေ။ အရာရာအတွက် ကျွန်မ စွန့်လွှတ်အနစ်နာခံဖို့ အသင့်ဖြစ်ခဲ့ရတယ်။ ကျွန်မ သမီလေးတွေရဲ့အနာဂတ်လှပဖို့ သမီးနှစ်ယောက်နဲ့ အဝေးမှာ သွားပြီးစီးပွားရှာဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နေ့မှာ ကျွန်မ အမျိုးသားရဲ့အမေ နဲ့ ညီမတွေဆီကို ကျွန်မရဲ့ ကလေးနှစ်ယောက်ကို ခေါ်သွားပြီး၊ ကျွန်မ စီးပွား သွားရှာနေတဲ့ အတောအတွင်း ပြုစုစောင့်ရှောက်ပေဖို့ တောင်းဆို ကြည့်မိတယ်။ ဒါပေမဲ့ ထူးဆန်းစွာပဲ ၀န်တွေပိလာမှာ စိုးလို့လား၊ သွေးရင်းသားရင်ကိုပဲ မချစ်လို့လား မပြောတတ်ပါဘူး၊ ကလေးတွေကိုလက်မခံနိုင်ကြောင်း ကျွန်မကို ငြင်းလိုက်ကြတယ်။

ကျွန်မသဘောပေါက်စွာနဲ့ပဲ ယောက်ခမနဲ့ ယောင်းမတွေကို ကျေားခိုင်း၊ သမီးငယ်ကို ကျောမှာပိုး၊ သမီးကြီးကို လက်ကဆွဲးပြီး ထွက်လာခဲ့လိုက်တယ်။ တာဝန်မဲ့ ငြင်းပယ်မူကြောင့် ကျောခိုင်းထွက်လာခဲ့ရပေမဲ့ ကျွန်မ မျက်ရည်မကျပါဘူး။ သူတို့ရဲ့ဥပက္ခာပြုနိုင်မှုက ကျွန်မအတွက် အားအင်တွေတောင် မွေးဖွားပေးလိုက်နိုင်သေးတယ်။ သူတို့က သွေးသားလို သဘောမပိုက်တာကိုလည်း ကျွန်မ ဂရုမစိုက်ပါဘူး။ ကျွန်မ ဘဝအတွက် ဘယ်လို အခက်ခဲမျိုးတွေပဲ ရှိပါစေ ကျွန်မ သမီးနှစ်ယောက်အတွက် ကျွန်မရုန်းကန်ကျော်လွှာဖို့ ကျွန်မမှာ အားအင်တွေအပြည့်နဲ့ ဖြစ်နေခဲ့ပြီးပါပြီ။
---------------

ကျွန်မရဲ့ခြေလှမ်းတွေကို ကျွန်မချစ်တဲ့ အဖေနဲ့အမေတို့ အိမ်ဆီကို ပြန်လှည့်ခဲ့ရတယ်။ စီးပွားရေအဆင်မပြေမူတွေနဲ့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်သေးတဲ့ မောင်နှမတွေအတွက် အပူတပြင်း ရုန်းကန်နေရတာတွေနဲ့ ဘဝအမောတွေ ဝေနေတဲ့ အဖေနဲ့အမေ ကို အကူအညီမတောင်းရက်၊ ဝန်မပိုစေချင်ပေမဲ့ အဆင်ပြေမယ့်နည်းလမ်း ဒီတစ်လမ်းပဲ ရှိတော့တာမို့ အရဲစွန့်ပြီး ကလေးနှစ်ယောက်ကို ကြည့်ပေးဖို့နဲ့ ကလေးနှစ်ယောက်စရိတ်ကိုလည်း အပြည့်အ၀ အဝေးကနေ ထောက်ပေးမယ်ဆိုတဲ့အကြောင်း ကျွန်မ  အပူကပ်လိုက်ရတယ်.။

ကျွန်မ အဖေကတော့ သူအချစ်ဆုံးသမီးမို့ ကျွန်မ စကားအဆုံးမှာပဲ ချက်ခြင်းခေါင်းငြိမ့် အဖြေပေးလက်ခံခဲ့ပါတယ်။ သားသမီးတွေ ဒုက္ခရောက်တိုင်း အားကိုးတစ်ကြီးနဲ့ ကွန်းခိုရာဟာ မိဘ အိမ်ဖြစ်မြဲပဲဆိုတာ အဖေ ကောင်းကောင်း သဘောပေါက်ပုံလည်း ရတယ်။ ညီမအထွေးလေးက  သမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်စွာဆော့ကစားနေတာ မြင်ရတော့ ကျွန်မ ဝမ်းသာပီတိဖြစ်မိတယ်။ အဖြူအမည်း မသိသေးတဲ့သမီးနှစ်ယောက်ကတော့ ရယ်သံတွေ တခစ်ခစ်နဲ့ပေါ့။

သမီးလေးတွေရဲ့ ရယ်သံဟာ ကျွန်မအတွက် အားအင်တစ်ခုပါပဲ။ သူတို့လေးတွေ လူ့ဘဝ  လူ့လောကကြီးမှာ အခုလို အပူပင်ကင်းကင်းနဲ့ ရပ်တည်နေနိုင်ဖို့ ကျွန်မ ကြိုးစားရမယ်လေ။ သမီးကြီးက ၄ နှစ်ကျော်၊ သမီးငယ်လေးက ၁ နှစ်၊ ဒီလူမမည် ကလေးနှစ်ယောကအတွက် ကျွန်မ အဖေ့အိမ်မှာ စိတ်ချပြီးထားခဲ့ပါရစေလို့ အဖေ့ကိုပြောတော့ စိတ်မကောင်းစွားနဲ့ အဖေက ကျွန်မကိုကြည့်ပြီး ဘာမှ စိတ်မပူဖို့နဲ့ တဘက်နိုင်ငံမှာ ဘုရား တရားမမေ့ဖို့ တတွတ်တွတ် မှာရှာပါတယ်။

ဒီလိုနဲ့ ကျွန်မ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ သမီးနှစ်ယောက်ကို အဖေ့အိမ်မှာထားပြီး ထွက်လာခဲ့တယ်။ ကျွန်မ အလုပ်မကြောက်တဲ့သူ ဖြစ်တဲ့အတွက် ကျွန်မအတွက် ဘယ်အလုပ်မဆို အဆင်ပြေစွာနဲ့ လုပ်နိုင်ခဲ့တယ်။ ကျွန်မ ကံကောင်းတယ်ပဲ ပြောရမလား၊ ကံကြမ္မာရဲ့ အဆိုးတွေထဲက အနည်းငယ် မျက်နှာသာပေးမူလို့ပဲဆိုရမလာပဲ။ ကျွန်မနဲ့အလုပ်တူ လုပ်တဲ့ အလုပ်တူအပေါင်းအသင်းကနေ ကျွန်မ တစ်နေ့ ၁ နာရီနှုန်းနဲ့ မြန်မာစာဖတ် သင်နိုင်ခဲ့တယ်။

ကျွန်မရဲ့ အလုပ်က ကလေးထိန်းဖြစ်တာမို့ ယိုးဒယားစာကိုလည်း ကလေး စာသင်ရာကနေ ကျွန်မ သင်လိုက်နိုင်ခဲ့တယ်။ ယိုးဒယားစာနဲ့ နေ့တိုင်းနီးစပ်ခဲ့တဲ့ ကျွန်မဟာ ယိုးဒယားနိုင်ငံသား နီးပါး ရေးနိုင် ဖတ်နိုင်ခဲ့ပါတယ်။ မြန်မာစာဆိုရင်လည်း သတ်ပုံလေး တစ်လုံးတစ်လေးကျတာကလွဲလို့ အတော်ဟုတ်နေခဲ့ပါပြီ။

ယခုကာလ လူပြောများနေတဲ့ အင်တာနက်ကိုလည်း လေ့လာရင်း၊ အင်တာနက်က ဗဟုသုတရစေမယ့် စာတွေကိုလည်း ဖတ်နေနိုင်ပါပြီ။ ကျွန်မ ဘဝရဲ့ အပြောင်းလဲတွေထဲမှာ စာရေးတတ်ဖတ်တတ် ဖြစ်လာတာက ဒုတိယ ဂုဏ်အယူဆုံးပါ။

အဲဒါထက် ဂုဏ်အယူရဆုံးက ကျွန်မ သမီးလေးနှစ်ယောက် လူ့လောကမှာ လူတစ်လုံးသူတစ်လုံးဖြစ်လာအောင်၊ ကျွန်မလို ပညာမတတ်ခဲ့တဲ့ ဘဝမျိုးကနေ ကင်းဝေးအောင် ကျွန်မ အစွမ်းကုန်း ထောက်ပံ့ပျိုးထောင်းပေးနိုင်ခဲ့တာကိုပါပဲ။ အခုဆို သမီးအကြီးမလေးအတွက် ထိုင်းနိုင်ငံက နာမည်ကြီး တက္ကသိုလ်တစ်ခုမှာ မာစတာဘွဲ့အတွက် ကျွန်မ ထောက်ပံ့ တက်ရောက်စေနိုင်ခဲ့ပါပြီ။ သမီးအငယ်လေးကတော့ ဒီနှစ်မှာ မြန်မာစာအဓိကနဲ့ ပြည်တွင်းမှာ ဘွဲ့ယူနိုင်ပါတော့မယ်။

အခုဆို ကျွန်မရဲ့ ဘဝက ခက်ခက်ခဲခဲနဲ့ ရုန်းကန်ရတဲ့ ရွှံဗွက်ထဲက ဘဝမဟုတ်တော့ပါဘူး။ အဆင်မပြေမှုတွေနဲ့ အားငယ်စိတ်တွေ လွှမ်းမိုးခံခဲ့ရတဲ့ ဘဝမျိုးလည်း မဟုတ်တော့ပါဘူး။ ပညာကို သင်ယူချင်ခဲ့ပါလျှက် အခြေအနေမပေးလို့ ပညာတတ်မဖြစ်ခဲ့ပေမဲ့ ကျွန်မ သမီးနှစ်ယောက်အတွက် ကျွန်မ ပုခုံးနဲ့ ကျွန်မ ဖြစ်ချင်ခဲ့တဲ့ ဘဝကို ကျွန်မ တွန်းတင်းပေးနိုင်ခဲ့ပါပြီ။ မိခင်တစ်ယောက်အနေနဲ့ ကျွန်မ အချိန်တွေအများကြီး ရင်နှီးပေးဆပ်ခဲ့ပြီး ရလာတဲ့ အသီအပွင့်တွေကနေ ပေးတဲ့ ချိုမြိန်တဲ့ ပီတိက ကျွန်မ ဘဝတစ်သက် မောခဲ့ရတဲ့ ဘဝအမေားတွေကို တစ်ခဏလေးနဲ့ ပြေပျောက်စေခဲ့ပါပြီ။
----------

ဘဝဆိုတာ တစ်ဖြောင့်တည်းသွားတဲ့ မျဉ်းမဟုတ်ဘူး၊ အတက်အကျတွေ ကြုံလာတဲ့အခါ ကြံ့ကြံ့ခံရင်ဆိုင် ဖြေရှင်ဖို့တွက် အားအင်တွေ လိုအပ်တယ်ဆိုတာလည်း ကျွန်မနားလည်လာခဲ့ရပါတယ်။ အခုတော့ ဘဝအမောတွေ ဝေခဲ့ရတဲ့ ကျွန်မ၊ ကျွန်မပျိုးပေးခဲ့တဲ့ ပန်းကလေးတွေကနေ ပေးတဲ့ သင်းပျံ့တဲ့မွှေးရနံ့တွေကြောင့် ကျေနပ်ပီတိဖြစ်စရာဘဝလေးကို ပိုင်ဆိုင်နေခဲ့ရပါပြီ။

ကျွန်မပေးလိုက်တဲ့ ပညာအမွေကို သူတို့လေးတွေ အသုံးချပြီ တိုင်းပြည်နဲ့ လူမိုးအတွက် မွှေးပျံ့တဲ့ သူတို့လို ပန်းပွင့်လေးတွေ ပြုစုပျိုးထောင် ပေးနိုင်လိမ့်မယ်လို့လည်း  အပြည့်အ၀ ယုံကြည်မိပါတယ်။ ကျွန်မဘဝဟာ စာသင်ခွင့်မရခဲ့လို့ ဘဝအမောတွေနဲ့ ဝေခဲ့ပေမဲ့၊ အခုတော့ ပညာတတ်တဲ့ ပန်းကလေးနှစ်ပွင့်ကို ရေလောင်းပေါင်းသင်ပြီး ရနံ့တွေဝေ၊ အလှတွေတိုးအောင် ကျွန်မ ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီလေ…။

စာပေဗဟုသုတတွေနဲ့ ငယ်စဉ်က မနီးစပ်ခဲ့လို့ ကျွန်မရဲ့ ဦးနှောက် ငယ်ခဲ့ပေမဲ့၊ အခုတော့ စာပေဗဟုသုတနဲ့ ပညာရဲ့  အကျိုးကျေးဇူးကြောင့် ကျွန်မရဲ့ ဦးနှောက်မငယ် တော့ပါဘူး။ ပန်းကလေးနှစ်ပွင့်အတွက် ဥယျာဉ်မှူးကောင်းတစ်ယောက် အဖြစ် ကျွန်မရဲ့ဘဝကို ရပ်တည်ရင်း ကျေနပ်နှစ်သက် ဝမ်းသာပီတိ ဖြစ်နေမိပါတော့တယ်…..။

မွေးမိခင်၏ ကျေးဇူးအား ရိုသေစွားဦးညွတ်လျှက်..       

 

မဖြူဖြူ
moethihaaung blog 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1