Saturday, July 5, 2014

မန္တလေး ပဋိပက္ခအတွက် သစ်ထူးလွင် သတင်းဝက်ဘ်ဆိုက် တောင်းပန်

Ever November | 7/05/2014 01:29:00 PM | Best Blogger Tips

ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား အချို့ ဒဏ်ရာရရှိပြီး မော်တော်ယာဉ်များ ဖျက်ဆီး ခံရသည် အထိ ဖြစ်ပွားခဲ့သော မန္တလေးမြို့တော်မှ ပဋိပက္ခများ အတွက် တောင်းပန်ကြောင်း သစ်ထူးလွင် သတင်း ဝက်ဘ်ဆိုက် တာဝန်ရှိ သူများက ဇူလိုင် ၂ ရက်နေ့တွင် ကြေညာ လိုက်သည်။
သစ်ထူးလွင် သတင်းဝက်ဘ် ဆိုက်တွင် ဖော်ပြခဲ့သည့် ဘာသာခြား အမျိုးသားနှစ်ဦးက ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် ခဲ့သည် ဆိုသည် သတင်းကြောင့် မန္တလေးမြို့တော်တွင် ဇူလိုင် ၁ ရက်နေ့က ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများကို လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့ရှိရသည့် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ ယခုအခါ ပြဿနာများ မဖြစ်ပွားရန် သစ်ထူးလွင်၏ ဆိုရှယ်မီဒီယာ စာမျက်နှာများနှင့် သတင်းဝက်ဘ်ဆိုက် များတွင် အဆိုပါသတင်းကို ဖယ်ရှား လိုက်ပြီ ဖြစ်ကြောင်း သစ်ထူးလွင် သတင်းဝက်ဘ် ဆိုက်တွင် ရေးသားထားသည်။
“သတင်းဖြစ်စဉ်နှင့် ပတ်သတ်၍ ပဋိပက္ခ ဖြစ်ပွားစေလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ပါ။ အားနည်းသူဘက်က ရပ်တည်၍ အမှုကို ပေါ်လွင်စေချင်သည့် စိတ်စေတနာသာ ရှိခဲ့ပါသည်” ဟုလည်း ရေးသားဖော်ပြထားသည်။
ဘာသာရေးနှင့် ပတ်သက်သော ကိစ္စရပ်များကို ဖော်ပြရာတွင် သတင်းမီဒီယာ လုပ်ကိုင်နေသူများသည် ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပြီး ပဋိပက္ခ မကြီးထွားရန် စောင့်စည်းသင့်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဇော်သက်ထွေးက ပြောကြားသည်။
“အထူးသဖြင့် ထိန်းချုပ်မှု ကင်းမဲ့နေတဲ့ ဆိုရှယ်မီဒီယာမှာ လုပ်ကိုင်နေသူတွေက ကိုယ့်ရဲ့ ဉာဏ်အမြော်အမြင် ကိုယ့်ရဲ့ မီဒီယာသမား တစ်ယောက်ရဲ့ တန်ဖိုးကို ချင့်ချိန်ပြီးတော့ ဆောင်ရွက်သင့်တယ်” ဟု ၎င်းကဆိုသည်။
 ပြည်သူလူထုအနေနှင့် ကိုယ်တိုင် ရေးသားခြင်း မရှိဘဲ သတင်းများ စုစည်း ဖော်ပြသည့် သစ်ထူးလွင်ကဲ့သို့ သတင်းဝက်ဘ်ဆိုက်များကို မယုံကြည်ရသည့် သတင်းဝက်ဘ်ဆိုက် စာရင်းများတွင် ထည့်သွင်းရန် လိုအပ်ပြီး ယင်းဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည့် သတင်းများကို လူထုအနေနှင့် အလွယ်တကူ မယုံကြည်ရန် အရေးကြီးကြောင်း၊ ထို့အတူ သစ်ထူးလွင်ကဲ့သို့ သတင်းဝက်ဘ်ဆိုက်များက သတင်းများကို အခြေပြုပြီး ပဋိပက္ခ ဖန်တီးသူများ ရှိနေသည်ကို သတိပြုမိကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများကွန်ရက် (MJN) အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က အကြံပြု ပြောကြားသည်။
“အဲဒီသတင်းကို မနေ့က နံနက်ထဲက ကျွန်တော် ဖတ်ကြည့်ပါတယ်။ တိကျတဲ့ သတင်းရင်းမြစ်လည်း မပါဘူး။ ဥပမာ- သူတို့ကို အရပ်သားတစ်ယောက်က သတင်းပေးတိုင်း ဖော်ပြမှာလား။ အဲဒါမျိုးဆို တာဝန်မဲ့ရာ ကျလွန်းတယ်ပေါ့။ သူတို့ကို ကျွန်တော်က ယုံကြည်လို့ ပြောတာ မဟုတ်ပါဘူး။ ယုံကြည်တဲ့လူတွေ တချို့ ရှိနေတော့ အဲဒါ ပြဿနာ ဖြစ်နေတာပေါ့” ဟု ၎င်းကဆိုသည်။
မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ “နေ” လက်ဖက်ရည်ဆိုင်နှင့် “ဆန်း” လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဘာသာခြား ညီအစ်ကိုနှစ်ဦးက ဗုဒ္ဓဘာသာ ထမင်းချက် အမျိုးသမီးကို ပျဉ်းမနားသို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်သည်ဟု အဆိုပါအမျိုးသမီးက ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် အမှုဖွင့်ခဲ့ကြောင်း ပျဉ်းမနားမြို့မ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် နေလင်းအောင်က ပြောကြားသည်။
 အဆိုပါ သတင်းကို သစ်ထူးလွင် သတင်းဝက်ဘ်ဆိုက်တွင် ဇွန်လ ၃၀ ရက်နေ့က ဖော်ပြခဲ့ရာ အဆိုပါ သတင်းကြောင့် လက်ဖက်ရည်ဆိုင်ကို လာရောက် ဖျက်ဆီးမည်ဟု သတင်းများ ထပ်မံထွက်ပေါ်ခဲ့ကြောင်း၊ ယင်းကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ စောင့်ကြည့်ရာမှ ဇူလိုင် ၁ ရက်နေ့ ည ၇ နာရီကျော် အချိန်ခန့်တွင် လူဦးရေ ၃၀၀ ခန့် စုရုံး ရောက်ရှိလာကြောင်း၊ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများနှင့် လူစုများခွဲခဲ့ရာ ည ၈ နာရီကျော်အချိန်တွင် လူစုကွဲသွားခဲ့ကြောင်း၊ ည ၁၀ နာရီခွဲ အချိန်ခန့်တွင် ၂၆ လမ်းအတိုင်း အနောက်မှ အရှေ့သို့ ဆိုင်ကယ်သုံးစီး လူငယ်ခြောက်ဦးတို့ ကမ္ဘာမကျေသီချင်း သီဆို၍ ခြေလျင် လျှောက်လာခဲ့ကြောင်း၊ ထို့နောက် ည ၁၁ နာရီ အချိန်ခန့် ၂၆x၈၆ လမ်းထောင့်တွင် လူအင်အား ၃၀၀ ခန့်၊ သံဃာတော် အင်အား ၃၀ နီးပါးခန့်သည် အုတ်ခဲကျိုး၊ ပုလင်းခွံများ ကိုင်ဆောင်၍ လမ်းဘေး ဝင်းထရံများအား ပစ်ပေါက်ခဲ့ကြောင်း၊ ည ၁၁ နာရီခွဲ အချိန်တွင် ၂၆x၈၃ လမ်းထိ ရောက်ရှိလာခဲ့ကာ လမ်းဘေးရှိ ဘာသာခြားတို့၏ ဆိုင်များ၊ အိမ်များနှင့် လမ်းပေါ်ရှိ ကားမှန်များအား ရိုက်ခွဲခြင်းများ ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ကျည်သုံးချက် ပစ်ဖောက်ကာ လူစုခွဲခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
“ကမ္ဘာမကျေ သီချင်းဆိုပြီး ဆိုင်ကယ်စီးနင်း မောင်းနှင်သွားတဲ့ လူငယ်ခြောက်ဦးကိုလည်း စုံစမ်းလျက် ရှိပါတယ်။ အချက်အလက် အားလုံးကို စစ်ဆေးနေပြီးတော့၊ အရေးယူ ဆောင်ရွက်သွားမယ်” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁ နာရီကျော် အချိန်တွင် ဂဠုန်နီဆရာတော် ဦးဆောင်သည့် သံဃာတော်များသည် လူအုပ်ကြီးအား ထိန်းသိမ်း၍ မရသဖြင့် ဗဟိုဗလီရှေ့မှ ပြန်လည်နောက်ဆုတ် လှည့်ပြန်ခဲ့ကြကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
မန္တလေးမြို့တော် ပဠိပက္ခ ဖြစ်ပွားစေရန် ဘာသာရေး အကြောင်းပြ၍ သွေးထိုးလှုံ့ဆော်မှုများ၊ အများပြည်များ အထိတ်တလန့် ဖြစ်ပွားစေရန် လူတချို့မှ ပြုလုပ်နေကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးမြို့တွင် ထပ်မံ၍ မလိုလားအပ်သော လူစုဝေးများ၊ ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် မန္တလေးတိုင်းဒေသကြီး ရုံးရှိ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀ ခန့်၊ ရဲတပ်ရင်း အင်အာများကို သုံး၍ အသင့်အနေထားသို့ အရန်သင့်ထားရှိလျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။
“အခုချိန်မှာတော့ ပုဒ်မ ၁၄၄ ထုတ်ဖို့ အကြောင်းကြားစာ ရောက်မလာသေးပါဘူး၊ နေ့ခင်း၊ ညနေပိုင်းတွေမှာဆိုရင် လုံခြုံရေးကို တိုးမြှင့်ချထားတယ်” ဟု ၎င်းကဆိုသည်။ မန္တလေးမြို့၌ ဇူလိုင်လ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်း ဖြစ်စဉ်မှာ ဒေသခံ တာဝန်ရှိသူ အစိုးရအာဏာပိုင်များ၏ ညံ့ဖျင်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သံဃာထုနှင့် လူထုမှ လှုံ့ဆော်ခြင်း မဟုတ်ဟု အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ်မှ ကြေညာချက်အရ သိရသည်။
 အဆိုပါ အဓိကရုဏ်းသို့ အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂ အဖွဲ့ချုပ်မှ သံဃာများက ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် လာရောက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။ မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော် ဖြစ်စဉ်နှင့် ပတ်သက်၍ မခိုင်လုံသော ကောလဟာလ သတင်းများကြောင့် ပြည်သူအများ ထိတ်လန့်တကြား ဖြစ်ပေါ်ခဲ့သည်သာမက အမျိုးအမည် ခွဲခြားရန် ခက်ခဲသော လူစုလူဝေးအချို့၏ အကြမ်းဖက်လုပ်ငန်းများ ကျူးလွန်ခဲ့ခြင်းသည် လုံးဝ မလိုလားအပ်သော ဖြစ်ရပ်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
 “အကြမ်းဖက်တာ လုံးဝလက်မခံဘူး၊ တရားဥပဒေနဲ့အညီနဲ့ဘဲ ဖြေရှင်းသင့်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။ 
The Voice

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1