တရုတ်-မြန်မာနယ်စပ်က
ရွှေလီမှာ ရောက်နေတဲ့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က အမျိုးသမီး
အလုပ်သမားတွေကို တရုတ်လုပ်ငန်းရှင်တွေက ခေါင်းပုံဖြတ်
အမြတ်ထုတ်ခံနေရတယ် ဆိုပြီး မြန်မာအမျိုးသမီးသမဂ္ဂက အစီရင်ခံစာ တစောင်
ထုတ်ပြန်ပြီး အသိပေးလိုက်ပါတယ်။
“အသံမဲ့
(သို့) ပုန်းကွယ်နေသောအရိပ်များ” လို့ အမည်ပေးထားတဲ့
ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသမီးသမဂ္ဂရဲ့
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်တင်တင်ညိုကို ဆက်သွယ်
မေးမြန်းထားပါတယ်။
တရုတ်နယ်စပ်
ရွှေလီမှာရှိတဲ့ မြန်မာအမျိုးသမီး အလုပ်သမားတွေက
တရုတ်လုပ်ငန်းရှင်တွေရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံ နေရတယ် ဆိုပြီး
အစီအရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရတယ်လေ။ ဘယ်လိုနေရာမျိုးတွေမှာ
ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရလို့ ထောက်ပြထားပါလဲ။
“ကျမတို့
ဒီကြေညာစာမှာ အထူးသဖြင့် ဖော်ပြတဲ့ လုပ်ငန်းတွေက တခုက
ကျောက်သွေးတဲ့နေရာ၊ စက်ရုံတွေ၊ ဝပ်ရှော့တွေမှာ လုပ်နေတဲ့
နေရာလေးတွေ ကျမတို့ ပြောပြထားတာ ရှိတယ်။ နောက်တခုက
လိင်အလုပ်သမားတွေပေါ့။ လုပ်ငန်းခွင်တွေမှာတော့ အများစု
ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရတဲ့ အနေအထားတွေ ကြုံတွေ့ရတာတွေ ရှိတယ်။
အထူးသဖြင့် အလုပ်ချိန် အကြာကြီး လုပ်ရတယ်။ ခွင့်တွေယူလို့မရတဲ့
အနေအထားမျိုးတွေပေါ့။ တချို့ဆို ၁၁ နာရီခွဲလောက် တနေကုန်
အလုပ်လုပ်ရတာရှိသလို၊ တချို့ဆို နာရီ ၂၀ ကနေ ၂၅ နာရီလောက် အလုပ်လုပ်ရတာ
ရှိတာပေါ့။ တချို့လစာတွေကို အလုပ်ရှင်တွေက ပုံမှန်မပေးတာတွေလည်း
ကြုံရတာတွေရှိတယ်။ အထူးသဖြင့်တော့ အဲဒီလုပ်ငန်း ၂ နေရာကို
ပိုပြီးတော့ မီးမောင်းထိုးပြထားတာရှိတယ်။”
ဒီခေါင်းပုံဖြတ်ခံရတဲ့ အထဲမှာ အဆိုးဝါးဆုံးပုံစံတခုလောက် ပြောပြပေးပါလား။
“ကျမတို့
အင်တာဗျူးတဲ့အထဲက တယောက်ဆိုရင် လိင်အလုပ်သမားပေါ့။ သူတို့
ဖောက်သည်လာတဲ့အချိန်မှာ ဓားတွေဘာတွေနဲ့ ခြိမ်းခြောက်ပြီးတော့မှ
အတင်းဓမ္မ ဆက်ဆံတာမျိုးတွေ၊ ကွန်ဒုံးတွေမသုံးဘဲနဲ့ ပြဿနာဖြစ်တာပေါ့။
နောက်ဆုံး ဘယ်လောက်ဆိုးဝါးလည်းဆိုရင် ဒီအတိုင်းပဲ
အကာအကွယ်မရှိဘဲနဲ့ လိင်ဆက်ဆံလိုက်ရတယ်။ သူ့ရဲ့နောက်ဆက်တွဲအနေနဲ့
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရသွားတဲ့ပုံစံမျိုး ဖြစ်သွားတယ်။
အဲဒါလေးကတခုပေါ့၊ ဒီရောဂါကို ရပြီးတဲ့အချိန်မှာ သူတို့က အလုပ်ကို
ဆက်လုပ်လို့ မရတဲ့ အခြေအနေ ဖြစ်သွားတယ်။ ဘဝပါသေဆုံးသွားသလို
ဖြစ်တာပေါ့။”
ရွှေလီမှာပဲ
အိမ်ဖော်တို့၊ ဈေးရောင်းတာတို့၊ ဆောက်လုပ်ရေးတို့
အားလုံးပေါင်း အလုပ်သမား ၁ သိန်းကျော်လောက် ရှိတယ်လို့လည်း
ပြောထားတယ်။ အဲဒါ အမျိုးသားရော၊ အမျိုးသမီးရောလား။ အမျိုးသမီး
အလုပ်သမားက ၁ သိန်းကျော်ထဲမှာ ဘယ်လောက်ရှိမလဲ။
“တသိန်းလောက်
တွက်ထားတဲ့အထဲမှာ အမျိုးသားကော၊ အမျိုးသမီးပါ ပါတယ်။
အမျိုးသမီးသီးသန့်တော့ သေချာမတွက်ထားဘူး။ အများစုက
အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်။”
ဒီထဲမှာ ခေါင်းပုံဖြတ်ခံရတဲ့ အလုပ်သမားတွေကကော အမျိုးသမီးတွေက အကြမ်းဖျင်း အရေအတွက် ဘယ်လောက်ရှိမလဲလို့ ခန့်မှန်းလဲ။
“၁၀ ယောက်မှာ
၃ ယောက်ဝန်းကျင်လောက်က ခံနေရတယ်။ ဒါတော့ လုပ်ငန်းအပေါ်မှာ
မူတည်တာပေါ့။ တချို့ လိင်အလုပ်သမားတွေဆို အရေအတွက် ပိုများတာပေါ့။
တိတိကျကျ တွက်ထားတာတော့ မရှိသေးဘူး။ အဲဒီ ဝန်းကျင်လောက်တော့
ရှိနေတယ်။ ဘာလို့လဲဆိုတော့ တချို့အင်တာဗျူး လုပ်ရင် တယောက်တည်း
ဆိုပေမယ့် သူတို့နဲ့အတူ ခံစားနေရတဲ့သူတွေ အယောက် ၄၀၊ ၅၀ ရယ်၊
အယောက် ၂၀ လောက် အကြောင်းတွေ သူပြောပြထားတာ ရှိတာပေါ့။”
ဒီအစီရင်ခံစာက ပါတဲ့အချက်အလက်တွေ ခိုင်မာအောင်လို့ သက်သေ အထောက်အထားပြနိုင်အောင် ဘယ်လိုကြိုးပမ်းပြုစုထားတာ ရှိပါသလဲ။
“ကျမတို့
လူကိုအရမ်း စိစစ်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့က မေးခွန်းတွေ
သေသေချာချာ ပြင်ဆင်ထားတယ်။ ပြီးတော့မှ တကယ်ပဲ တိတိကျကျ ခိုင်ခိုင်မာမာ
ပြောနိုင်တဲ့ လူတွေကို ကျမတို့ ရွေးတယ်။ ဒါကြောင့်မို့လို့
ကျမတို့ အင်တာဗျူးလုပ်တယ်ဆိုရင် လူဦးရေ နည်းနေတာကို တွေ့ရလိမ့်မယ်။
အဲဒါက အရည်အသွေးပေါ့၊ သူတို့ပြောလို့ ရလာမယ့် အချက်အလက်ကို ကျမတို့
ပိုပြီးတော့မှ ယူတယ်။ နောက် တယောက်ပြောရင် ဒီတယောက်က ၁၀၊ ၂၀ ကို
ကိုယ်စားပြုတဲ့ အနေအထားမျိုး ဖြစ်အောင် ကျမတို့လုပ်တယ်။ နောက်တခုက
ကျမတို့ မြန်မာအမျိုးသမီးသမဂ္ဂရဲ့ လုပ်ငန်းက အဲဒီ့ဘက်အခြမ်းမှာ
စပြီး အကောင်အထည်ဖော်တာ ၂၀၀၀ ပြည့်နှစ်ကတည်းက ဆိုတော့ အခုဆိုရင်
၁ဝနှစ်ကျော် အတိုင်းအတာ ရှိပြီ။ အဲဒီ့ လုပ်ငန်းအတွေ့အကြုံ၊
ဆက်စပ်မှုတွေနဲ့ နိစ္စဓူဝ ဖြတ်သန်းမှုတွေကို သုံးသပ်မှုတွေ လုပ်ထားတော့
အဲဒါကနေတဆင့် ကျမတို့ ခိုင်မာမှုတွေ ယူထားတာ ဖြစ်တယ်။”
မြန်မာအလုပ်သမားတွေက တရုတ်နိုင်ငံမှာ ဘာကြောင့် ခေါင်းပုံဖြတ်ခံနေရတယ်လို့ ထင်ပါသလဲ။
“အဓိကတော့
သူတို့ကို တရားဝင် ဥပဒေပိုင်းဆိုင်ရာ အကာအကွယ် ပေးထားတဲ့ ယန္တရား
မရှိတာပေါ့။ သူတို့က အဲဒီမှာ အလုပ်သွားလုပ်တဲ့ အချိန်မှာဆိုရင်
နေထိုင်ခွင့် လက်မှတ်တော့ လုပ်လို့ရတယ်။ အဲဒီ့ နေထိုင်ခွင့်က
အလုပ်လုပ်လို့ ရတယ်ဆိုပေမယ့် အလုပ်သမားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့
အခွင့်အရေးတွေ ဘာတခုမှ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က
အလုပ်သမားလက်မှတ် မရှိလို့ပေါ့။ အလုပ်သမား လက်မှတ်ကလည်း သူတို့
လုပ်လို့မရဘူး။ တရုတ်အစိုးရက မလုပ်ပေးဘူးလေ။ ဒီတော့ တခုခု
ပြဿနာတက်မယ်။ ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ခံရတဲ့ ကိစ္စပဲဖြစ်ဖြစ်၊
အကြမ်းဖက်ခံရတဲ့ ကိစ္စမျိုးပဲဖြစ်ဖြစ်၊ သူတို့မှာ သွားတိုင်လို့
ရနိုင်တဲ့ နေရာတွေ မရှိဘူး။”
တရုတ်အာဏာပိုင်တို့
၊ အလုပ်သမားအဖွဲ့အစည်းတွေ၊ နောက် တရုတ်အမျိုးသမီး
အဖွဲ့အစည်းတွေရော မရှိဘူးလား။ အဲဒီမှာ သွားတိုင်လို့ မရဘူးလား။
“မြန်မာပြည်အ
ရေးကို လုပ်ပေးတဲ့သူတွေ မရှိဘူး။ ဟိုအရင်တုန်းက save the
childrenဆိုတာ ရှိတယ်။ အရင်တုန်းက မြန်မာ လိင်အလုပ်သမားတွေကို
ကူခဲ့ပေးတာ ရှိတယ်။ နောက်ပိုင်းမှာ မြန်မာလိင်အလုပ်သမားတွေကို လုံးဝ
မကူတော့ဘူး။ ကျမတို့ ၂၀၀၀ ခုနှစ် စလုပ်ခဲ့တဲ့ နောက်ပိုင်းကနေ
ကြည့်လိုက်မယ်ဆိုရင်ပေါ့။ လုံးဝ ကူညီတာမျိုး မရှိတော့ဘဲနဲ့
သူတို့ရဲ့ တရုတ် လိင်အလုပ်သမားတွေကိုပဲ သူတို့ ကူညီပေးတာ။ ဒီတော့
အဲဒီဘက်ခြမ်းရဲ့ အခြေအနေထူးခြားချက်က ခုနလိုမျိုး ဒုက္ခရောက်နေတဲ့
အမျိုးသမီးတွေကို လိုက်ပြီးတော့မှ ဝန်ဆောင်မှုပေးတဲ့၊
ကူညီပေးတဲ့ အဖွဲ့အစည်းတွေ မရှိတော့သလောက်ကိုပဲ။”
မြန်မာအစိုး
ရဘက်ကရော ကိုယ့်နိုင်ငံက အလုပ်သမားတွေရဲ့ အခွင့်အရေး
ချိုးဖောက်ခံရတာတွေကို ဘယ်လိုမျိုး အကာအကွယ်ပေးတာတွေ ရှိလဲ။
“ကျမတို့
အင်တာဗျူးအရရော ကျမတို့ လုပ်ငန်း အဆက်အစပ်အရပါ ကြည့်လိုက်မယ်ဆိုရင်
အဲလိုမျိုး ကာကွယ်ပေးမှုဆိုတဲ့ နေရာမျိုး မရှိဘူးပေါ့။ ပြီးတော့မှ
သူတို့ တခုခု ပြဿနာဖြစ်ရင် သွားတိုင်လို့ရတဲ့ နေရာမျိုးလည်း
မရှိဘူး။ မြန်မာအစိုးရဘက်ကနေ လုပ်ထားပေးတာ မရှိဘူး။ ဟိုတုန်းကဆို
အိမ်တွင်းအကြမ်းဖက်မှုတွေ အကြီးအကျယ် ဖြစ်နေတဲ့အချိန်မှာ သူတို့
ဘယ်မှာမှ သွားတိုင်လို့ မရတဲ့ အနေအထားမျိုးတွေ ဖြစ်ခဲ့တာမျိုး
ကျမတို့ ကြုံတွေ့ရတယ်။ ပြောရမယ်ဆိုရင်တော့ သူတို့က
နယ်စပ်ဖြတ်ကျော်တဲ့ အချိန်မှာ လက်မှတ်လုပ်ပေးတဲ့ အဆင့်တခုလောက်ပဲ
ရှိတာ။ အဲဒီ့ လက်မှတ်ကလည်း အရမ်းကို ရှုပ်ထွေးတဲ့အခါကျတော့
အလုပ်သမားတွေအတွက် အထောက်အကူ မဖြစ်ဘဲနဲ့ ပိုတောင်မှ အခက်အခဲ
ဖြစ်စေနိုင်တဲ့ အနေအထားတွေ ဖြစ်စေတာ။ ကျန်တဲ့ဟာတွေတော့
မတွေ့ရဘူး။”
ဒီအမျိုးသမီး အလုပ်သမားတွေက ဘယ်နယ်က လာတဲ့ အလုပ်သမားတွေလဲ၊ မြန်မာပြည်ကဆိုရင် ဘယ်ဒေသတွေက အများစုလာကြသလဲ။
“အများစုက
တော့ မြန်မာပြည်အလယ်ပိုင်းကလာတာ များတယ်။ မကွေးတိုင်း၊
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဘက်ကလာကြတာ များပါတယ်။ အဲဒီဒေသက
ရေခန်းခြောက်မှုတွေ အရမ်းဖြစ်ပြီး စိုက်ပျိုးရေးတွေ
လုပ်လို့မရတဲ့အတွက် ထွက်လာတဲ့သူတွေလည်း အများကြီး
ကျမတို့တွေ့ရတယ်။ တချို့ကတော့ နမ့်ဆန် ဟိုဘက်ခြမ်းပေါ့၊
ရှမ်းပြည်နယ်ဘက်ခြမ်းတို့၊ ကချင်ပြည်နယ် ဘက်ခြမ်းက လာတာတွေ ရှိပါတယ်။
အများစုကတော့ ခုန ပြောတဲ့နေရာက လာတာတွေများတယ်။”
မြန်မာအမျိုး
သမီး သမဂ္ဂ အနေနဲ့ ခေါင်းပုံဖြတ်ခံရတဲ့ မြန်မာအမျိုးသမီးတွေနဲ့
အလုပ်သမားတွေအတွက် ဘာတွေလုပ်ပေးခဲ့တာ ရှိသလဲ။ ရှေ့ဆက်ပြီး ဘာတွေ
လုပ်သွားဖို့ အစီအစဉ် ရှိသလဲ။
“ကျမတို့
ဟိုဘက်ကမှ အလုပ်လုပ်နေတယ်ဆိုပေမယ့် တရားဝင် တရုတ် အစိုးရက
အသိအမှတ်ပြုထားတဲ့ အဖွဲ့မျိုး မဟုတ်သေးဘူးပေါ့။ ကိုယ်တတ်နိုင်တဲ့
ဘက်ကပဲ ဒီအမျိုးသမီးတွေကို ဥပမာ – စွမ်းအင်မြှင့်တင်ရေး လုပ်တာ။
သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင် လိုက်လုပ်ပေးနိုင်တဲ့
အနေအထားရယ်၊ နောက် အကြမ်းဖက်မှုတွေ ရှိတယ်ဆိုရင် ကျမတို့
ဖြေရှင်းပေးလို့ ရနိုင်တဲ့ အနေအထားဆိုရင် လိုက်ကူညီ
ဖြေရှင်းပေးတာတို့တော့ ကျမတို့ လုပ်ခဲ့တာတွေ ရှိတာပေါ့နော်။
ဒါပေမယ့် တကယ့် တကယ် ဥပဒေပိုင်းဆိုင်ရာ အကာအကွယ် ပေးလာနိုင်တဲ့
အနေအထားမျိုး ဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့လည်း
ဒီအစီရင်ခံစာမှာ ကျမတို့ ယန္တရားတွေ ရှိလာအောင် ကျမတို့က
တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာက ပထမဆုံးအကြိမ် ထုတ်တဲ့
အစီရင်ခံစာပေါ့နော်။ အဲဒီ့ဘက်ခြမ်းမှာ ဖြစ်နေတဲ့ ဒီအလုပ်သမား
အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ကမ္ဘာကရော မြန်မာပြည်ကပါ သိပ်မသိကြတာ
ရှိတယ်လေ။ အဲဒီ့ အခြေအနေလေးတွေကို ကျမတို့ ထုတ်ဖော်
ပြောပြလိုက်တာနဲ့ တပြိုင်နက်မှာ ကျမတို့မှာ တောင်းဆိုချက်တွေ
ရှိတယ်၊ အဲဒါတော့ တရုတ်အစိုးရကော၊ မြန်မာအစိုးရကိုပါ အထူးသဖြင့်
ဒီအလုပ်သမားတွေနဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုရယ်၊
ပြီးတော့မှ သူတို့ကို သေချာ ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ
ရှိလာဖို့အတွက်ကို ကျမတို့ တိုက်တွန်းထားတယ်။ ဒီကိစ္စကို
အကောင်အထည်ဖော်ဖို့ဆိုရင် ကျမတို့ မြန်မာနိုင်ငံသူ
နိုင်ငံသားအားလုံးကလည်း ဝိုင်းဝန်းပြီးမှ တတ်နိုင်တဲ့ အင်အားနဲ့
လိုက်လုပ်ပေးရမယ်လို့ ကျမတို့ မြင်တယ်လေ။ နီးစပ်ရာပဲဖြစ်ဖြစ်၊
လက်လှမ်းမီတဲ့နေရာတွေမှာ စည်းရုံးလှုံ့ဆော်ပေးတဲ့
အနေအထားမျိုး၊ အဲဒါမျိုးလည်း ကျမတို့ ဖြစ်စေချင်တယ်။ အဲလိုမျိုး
ဝိုင်းကူလုပ်မှသာ ကျမတို့ ဒီအလုပ်သမားတွေ တကယ်လိုအပ်တဲ့
အခွင့်အရေးပိုင်းဆိုင်ရာ ကာကွယ်ပေးမှုတွေက အားကောင်းကောင်းနဲ့
ဖြစ်လာမယ်လို့ ကျမတို့ ယုံကြည်တယ်။”
From DVB
No comments:
Post a Comment