Wednesday, February 22, 2012

တရုတ်စီမံကိန်းကို နေရာဖယ်ပေးရမည့် ရွာသားများ မပြောင်းဘဲငြင်းဆန်

November | 2/22/2012 11:06:00 PM | Best Blogger Tips
တရုတ်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတဲ့ စစ်ကိုင်းတိုင်းထဲက ကြေးနီစီမံကိန်း ဧရိယာထဲမှာ  ပါဝင်နေတဲ့  ရွာတရွာက မိသားစု ၅၀ နီးပါး အဓမ္မပြောင်းရွှေ့တာကို လက်မခံဘဲ ငြင်းဆန်နေပါတယ်။
မုံရွာမြို့ တဖက်ကမ်း ချင်းတွင်းမြစ် အနောက်ဘက်မှာ ရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီးတူးဖော်ရေး စီမံကိန်းအတွက် ဆားလင်းကြီးမြို့နယ်အတွင်းက ရွာလေးရွာ ပြောင်းရွှေ့ခိုင်းထားတာ ဖြစ်ပြီး၊ ၀က်မှေးရွာက မိသားစုတွေက ငြင်းဆန်နေကြတာပါ။

ဝက်မှေးရွာမှာနေထိုင်တဲ့ မ၀င်းက “လူဦးရေတော့ မသိဘူး။ အိမ်ခြေကတော့ ၄၈ အိမ်ပါ။ ကျမတို့ ဘိုးဘွားလက်ထက်ထဲက နေလာတဲ့ရွာဆိုတော့ မပြောင်းတော့ဘူးဆိုပြီး သံန္နိဋ္ဌာန်ချထားတယ်။ မပြောင်းတော့ဘူး။ လုပ်ကိုင်စားသောက်ရတာ ကျမတို့ရွာက အဆင်ပြေလို့ပါ။”
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ၂၀၁၀ ဇွန်လဆန်းပိုင်းက တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်းမှာ တရုတ်ကုမ္ပဏီ တခုဖြစ်တဲ့ China Industries Corporation က တရားဝင် လုပ်ပိုင်ခွင့် ပေးလိုက်တာ ဖြစ်ပြီး၊ စီမံကိန်းထဲမှာ ပါဝင်နေတဲ့ ကံတော၊ ဝက်မှေး၊ ဆည်တည်းနဲ့ ဆီးတောရွာတွေကို မနှစ် ဒီဇင်ဘာ နောက်ဆုံးထားပြီး ပြောင်းရွှေ့ခိုင်းထားတာပါ။
အာဏာပိုင်တွေက ရွာသားတွေကို အကြောင်းကြားထားတဲ့ စာကို ၀က်မှေးရွာသားတယောက်က အခုလို ဖတ်ပြပါတယ်၊
“အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အိမ်ထောင်ဦးစီးများအနေဖြင့် ၉ ရက် ၁၂ လ၊ ၂၀၁၁ ခုနှစ်တွင် ပြောင်းရွှေ့ရန် ကြိုပို့ယာဉ်များ၊ သယ်ယူရန်လူအင်အားများ၊ စီစဉ်ပေးမည် ဖြစ်ကြောင်းနှင့် ပြောင်းရွှေ့ခြင်းမရှိပါက ယင်းရွာမှ အိမ်ထောင်ဦးစီးများ၏ တာဝန်သာ ဖြစ်ကြောင်း တတိယအကြိမ် အကြောင်းကြားပါသည်။”
ရွာသားတွေကို ပုသိမ် – မုံရွာ ကားလမ်းကြီးဘေး ချောက်သင်းကျတောရ ကျောင်းအနီးမှာ နေရာ ချထားပေးဖို့ ညွှန်ကြားထားတာပါ။ ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ ရွာသားတွေက နေရာသစ်မှာ အခြေမဲ့အနေမဲ့ ဖြစ်မှာစိုးတယ်လို့ ၀က်မှေးရွာသားက အခုလို ပြောပါတယ်။
“လက်မဲ့ဖြစ်သွားတယ်။ ဘာမှလုပ်ကိုင် စားသောက်ဖို့မရှိဘူး။ ကျနော်တို့မှာ မိရိုးဖလာ လုပ်ကိုင်စားသောက်တဲ့ တောင်ယာတွေပဲရှိတာ။ တောင်ယာတွေ မရှိတဲ့သူတွေကလည်း လယ်ငှားရမ်းလိုက်တယ်၊ အသီးအရွက်လေးတွေ ခူးရောင်းတယ်၊ မန်ကျဉ်းသီးတို့ မန်ကျဉ်းရွက်တို့ပေါ့။ အသီးအပင်က ပေါတာကိုး။ ဟိုမှာကတော့ ဘာနေရိပ်မှမရှိဘူး၊ ဘာသစ်ရိပ်ဝါးရိပ်မှ မရှိတာ။”
မနှစ် ဒီဇင်ဘာတုန်းကလည်း ၀က်မှေးရွာ ဘုန်းကြီးကျောင်းကို ကုမ္ပဏီက မြေတူးစက်တွေနဲ့ ဖြိုဖျက်ဖို့ ၀င်လာတာကြောင့် ရွာသားတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကြားမှာ ခဲတွေနဲ့ ပေါက်တဲ့အထိ (ရုန်းရင်းဆန်ခတ်တွေ) တွေ ဖြစ်ခဲ့တယ်လို့ ရွာသားက ပြောပါတယ်။
အခုလို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စကို ရွာသားတွေက သမ္မတ ဦးသိန်းစိန်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ အလုပ်သမားရေးရာ ဝန်ကြီး၊ လယ်ယာဆည်မြောင်းရေးရာ ဝန်ကြီးတို့ဆီကို အသနားခံစာ ပေးပို့ထားတယ်လို့ ဆိုပါတယ်။
လက်ပန်းတောင်းတောင် အနီး ကြေးစင်တောင်နဲ့ စပယ်တောင် တို့မှာလည်း ကြေးနီစီမံကိန်းတွေကို  ၁၉၈၀ ပြည့်လွန် နှစ်တွေကတည်းက  ယူဂိုဆလားဗီးယားနိုင်ငံ၊ ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ ကုမ္ပဏီတွေက ကြေးနီ  ထုတ်ယူနေတယ်လို့ သိရပါတယ်။
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1