ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း |
အောင်မောင်း
ပထမအကြိမ်
ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရ ဦးရွှေမန်းမှ အစိုးရဝန်ထမ်းများအား သင့်တော်သည့်
လစာတိုးမြှင့်ပေးရေးနှင့် အကျိုးမရှိသည့် စီမံကိန်းများ ရပ်တန့်ရန်
တင်သွင်းခဲ့သည့် ဥပဒေကြမ်းသည် မြန်မာအစိုးရ ခေါင်းဆောင်များ အနေဖြင့်
ခေတ်အဆက်ဆက်က စေတနာအမှား၊ ဆန္ဒအမှား၊ ဆုံးဖြတ်ချက်အမှားများကို
ရှင်းရှင်းလင်းလင်းသိမြင်နေပြီး ပြုပြင်ပြောင်းလဲရေးများအတွက်
ကြိုတင်စဉ်းစားထားကြောင်း ထုတ်ဖော်ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ကောင်းမွန်သော အပြောင်းအလဲများကို အရှိန် အဟုန်မြှင့်
လုပ်ဆောင်လာသည်ဖြစ်ရာ အစိုးရအတွင်း၌ အပြောင်းအလဲလိုလားသည်ဟု
ရှုမြင်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် လွှတ်တော် များ၏ အခန်းကဏ္ဍကို
ပိုမိုမြင့်မားလာရန်နှင့် ပြည်သူတို့၏ဆန္ဒကို ကိုယ်စားပြုသော
လွှတ်တော်များဖြစ်ပေါ်လာရေးအတွက် တစ်စိုက်မတ်မတ် ကြိုးပမ်း
ဆောင်ရွက်နေမှုများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ထိုက်ပါသည်။ ယခုကိစ္စသည်
သမ္မတကြီးမှ ပင်စင်လစာများတိုးမြှင့်ပေးခဲ့သည့် စေတနာ မှန်ကန်သည့်
လုပ်ရပ်နှင့်လည်း များစွာတူညီမှုရှိပါသည်။ သို့ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏
စေတနာနောက်ကွယ်တွင် ကြီးမားသော ရှုပ်ထွေးမှု ကြီးများကို
ရင်ဆိုင်နိုင်ရဖွယ်လည်းရှိပါသည်။ ယိုယွင်းနေသော ဗျူရိုကရေစီစနစ်၊
နိမ့်ကျနေသည့် ပညာရေးစနစ်၊ တည်ငြိမ်မှု မရသေးသည့် ငွေကြေးစနစ်၊ ပုဂ္ဂလိက
ပိုင်ဆိုင်ခွင့်ပြုရေး၊ ခြစားမှုတိုက်ဖျက်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊
အနည်းဆုံး လုပ်ခလစာသတ်မှတ်ရေး စသည်ဖြင့် မြောက်များစွာသော
ပြဿနာပေါင်းစုံသည် အမယ်ဘုတ်၏ ချည်ခင်ကဲ့သို့ပင် ရှုပ်ထွေးလွန်းလှပြီး
ထိုအရှုပ်ထုပ်ကြီးကို ရဲရဲဝံ့ဝံ့ ဖြေရှင်းရန် ဦးဆောင်တာဝန်ယူလိုက်သည့်
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၏ စေတနာကိုလည်း များစွာမှပင် ကျေးဇူးတင်ရမည်လည်း
ဖြစ်ပါသည်။
တော်လှန်ရေးကောင်စီလက်ထက်၊
တပ်မတော်အစိုးရလက်ထက်တို့၌ ဗဟိုဦးစီးစနစ်၏ ရှုပ်ထွေးလှသော
ဗျူရိုကရေစီယန္တရား၊ မည်သည့် ကြားနာ စစ်ဆေးမှုမျှမပါသည့် (တစ်ခါတစ်ရံတွင်
ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်းပင် မပြုသည့်) ဥပဒေများ၊ အထက်အောက် ဆက်သွယ်ရေး
ပြတ်တောက်မှု ကြောင့် အောက်ခြေအဆင့် ယိုယွင်းမှုများ၊ သားတူညီ ကောင်းစားရေး
ပယောဂများကြောင့် မြန်မာနိုင်ငံ၏ ဗျူရိုကရေစီစနစ်မှာ သုံးမရအောင် ပျက်ယွင်း
နေခဲ့သည်မှာ နှစ်ပေါင်း များစွာ ရှိခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ
ဗျူရိုကရေစီ စနစ်အနေဖြင့် အကြီးအကျယ် ရင်ဆိုင်နေရသည့် အချက်များကို လေ့လာ
ဆန်းစစ်လျှင်
ဗျူရိုကရေစီ ယန္တရား၏ ယိုယွင်းမ
(၁) အဂတိ လိုက်စားမှု လွန်စွာကြီးမားနေခြင်း၊ မည်သည့် အစိုးရဌာနတွင်မဆို သတ်မှတ်ငွေကြေးနှုန်းထားထက် ပိုမိုပေးဆောင်နေရခြင်း
(၂)
ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများမှအပ ကျန်ဝန်ကြီးဌာနများတွင် လိုအပ်သည်ထက်
ဝန်ထမ်းအင်အား ပိုလျှံနေခြင်း၊ (အချို့သော ဝန်ထမ်းများမှာ မလိုအပ်ဘဲ
ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရ၊ ဆွေမျိုးတော်စပ်မှုအရ ဆွဲခန့်ထားခြင်း၊
အဓိကအားဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တွေ့ရလေ့ ရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသော
လုပ်အားပေးဝန်ထမ်းများမှာ လစာမရသည့်တိုင် ကြားပေါက်ခေါ် အပိုကြေး ငွေမှာ
သာမန်ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းထက်များပြားနေသဖြင့် ထိုနေရာကိုပင်
ဝင်ရောက်လုပ်ကိုင်ချင်သည့် ဝန်ထမ်းမှာ အလွန်အမင်းများပြားနေခြင်း)
(၃)
ဝန်ထမ်းရွေးချယ်ခန့်ထားရေးမှာ မူဝါဒလုပ်ငန်းစဉ်အတိုင်း မသွားတော့ဘဲ
သားတူညီ၊ ဆွေမျိုးတပည့် ကောင်းစားရေးစသည့် လက်သင့်ရာ
စားတော်ခေါ်မူဝါဒကြောင့် အရည်အချင်းနှင့် ကိုက်ညီသည့် ဝန်ထမ်းမရရှိတော့ခြင်း
(ဤအချက်မှာ မြန်မာနိုင်ငံ၏ ပညာရေးကြောင့်ဟု ဆိုနိုင်စေကာမူ သတ္တဗေဒ၊
ရုက္ခဗေဒ၊ မြန်မာစာစသည့် ဘွဲ့ရဝန်ထမ်းများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏
အင်ဂျီနီယာဌာန၊ ကြေးနန်းဌာနများတွင် ဝင်ရောက် လုပ်ကိုင်နေကြပြီး
ဂျီတီအိုင်ဆင်းများ၊ အင်ဂျင်နီယာဘွဲ့ရများအတွက်လည်း
နေရာဖန်တီးပေးနိုင်မှုမရှိသည်များက သာဓကအဖြစ်မြင်နိုင်သည်)
(၄)
မလိုအပ်တော့သော ဦးစီးဌာနများ များပြားနေခြင်း ( ဥပမာ ပေးရလျှင်
မ.ထ.သကဲ့သို့သော အဖွဲ့အစည်းမျိုးကို ကော်မတီများအဖြစ်
ပြောင်းလဲဖွဲ့စည်းခဲ့စေကာမူ ယင်းအဖွဲ့အစည်းသည် အစိုးရဝန်ကြီးဌာနလက်အောက်ခံ
အဖွဲ့အစည်းမဟုတ်ခြင်း၊ အခွန်အခများသည် ယင်းအဖွဲ့အစည်း များ၏
ဝန်ထမ်းများအတွက်သာဖြစ်ခြင်း၊ အကယ်၍ ယာဉ်လိုင်းများကို ထိန်းသိမ်းရန်ဆိုပါက
ယာဉ်ထိန်းရဲနှင့် ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာနများမှ လုပ်
ဆောင်နိုင်သည်ဖြစ်၍ မ.ထ.သကို ဆက်ခံသည့်အဖွဲ့အစည်းမှာ အပိုဖြစ်နေခြင်း၊
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ကြေးနန်းဌာနမှာ ခေတ်နှင့် လျော်ညီမှု
မရှိတော့သည်ဖြစ်ရာ ထိုဝန်ထမ်းများကို ဆက်လက်ခန့်ထားရေးအတွက် PAC ဟု
ခေါ်ဆိုသည့် အင်တာနက်စခန်းများ ဖွင့်လှစ်ရခြင်း၊ ထို့ပြင် အွန်လိုင်း
ကြေးနန်းစနစ်ဟူသည့် မလိုလားအပ်သည့် အဆင့်တစ်ဆင့်ကို ပုံဖော်ပေးရခြင်း၊)
(၅)
အထက်ပါ အချက်များကြောင့် ဗျူရိုကရေစီ စနစ်၏ လုပ်ငန်းစဉ်များ၊
လုပ်ပိုင်ခွင့်များ တိကျစွာ မရှိတော့ခြင်း၊ ရှိလျှင်လည်း လိုက်နာမှု
အားနည်းသွားခြင်း( တစ်ခါတစ်ရံတွင် ညွှန်ကြားရေးမှူးအဆင့်လောက်ကသာ
ဆုံးဖြတ်နိုင်သည့်ကိစ္စကို အောက်ခြေအဆင့်ဝန်ထမ်းမှ လာဘ်ငွေယူ၍
ဖြေရှင်းပေးနိုင်သလို၊ အောက်ခြေအဆင့် စာရေးနှင့် ပြီးပြတ်ရမည့်ကိစ္စကို
ညွှန်ကြားရေးမှူးနှင့် လာဘ်ပေးလာဘ်ယူ ညှိနှိုင်းရသည်အထိ ကိစ္စရှည်ကြာ
တတ်ခြင်း)
မြန်မာနိုင်ငံ၏
ဗျူရိုကရေစီစနစ်၏ ပျက်စီးယိုယွင်းမှုကို ပြုပြင်ရန်မှာ
အမယ်ဘုတ်၏ချည်ခင်များထဲမှ တစ်စသာ ဖြစ်ပါလိမ့်ဦးမည်။ အရည် အချင်းနှင့်
ထိုက်တန်သော ခေတ်ကာလနှင့် လျော်ညီသော ဝန်ထမ်းလစာများ တိုးပေးပြီးပါကလည်း
ခြစားသည့် ဝန်ထန်းများအား အလုပ်မှ ထုတ်ပယ်ခြင်း ထက်ပိုသော
အရေးယူမှုများကိုလည်း ခေတ်နှင့် လျော်ညီ အောင် ပြုပြင်ရပါမည်။
ဝန်ထမ်းရွေးချယ်ခန့်ထားရေးအဖွဲ့များ၏ မူဝါဒများလည်း လူပုဂ္ဂိုလ်ထက် မူဝါဒကို
ဇောင်းပေးရန် လိုအပ်ပါသည်။ ပိုလျှံဝန်ထမ်းများကို လျော့ချမည်ဆိုပါက
အစိုးရတွင်လည်း ပြဿနာများစွာ ရှိနိုင်သည်ဖြစ်ရာ အခြေခံ အဆောက်အဦများ
တည်ဆောက်ခြင်းကဲ့သို့သော အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းစေမည့်
နိုင်ငံတည် ဆောက် ရေးလုပ်ငန်းများ( အကျိုးရှိမည့် စီမံကိန်းများ)လည်း
ဖော်ဆောင်ရန် လိုအပ်ပါလိမ့်မည်။ ထိုကဲ့သို့ ဗျူရိုကရေစီစနစ်ကို စနစ်တကျ
တည်ဆောက်ရန်အတွက်ပင်လျှင် မူဝါဒအတိုင်း ကျင့်သုံးမည့် လုပ်ငန်းစဉ်
ဖော်ဆောင်ရေး အစီအစဉ် များနှင့် တာဝန်ယူမည့် ပုဂ္ဂိုလ်များတွင်ပါ
မူဝါဒအတိုင်း အလုပ်လုပ်နိုင် ရန် အစီအစဉ်ချရဦးမည်ဖြစ်ရာ ဗျူရိုကရေစီစနစ်
ပုံစံချရန်ပင် ဗျူရိုကရေစီချင်း ရစ်ပတ်ယှက်နွယ်နေသည့် ရှုပ်ထွေးမှုများ
သည်ပင်လျှင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ အဆိုကို စိန်ခေါ် နေသော
ချည်ခင်တစ်စပင်ဖြစ်ပါသည်။
YC
No comments:
Post a Comment