Sunday, February 12, 2012

 မှန်ကန်ပါလျက် အဂတိလိုက်စား စီရင်ချက်ချမှတ်ခြင်းခံ ခဲ့ရသော နစ်နာသူများထံမှ အမှုဟောင်း ၃၀၀ကျော် ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာ၍ အချက်အလက် ပြည့်စုံခိုင်လုံသော အမှုများကို ပြန်လည်စိစစ်မည်

November | 2/12/2012 10:23:00 PM | Best Blogger Tips

ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ဒေသအသီးသီးမှ မှန်ကန်ပါလျက် အဂတိလိုက်စားစီရင် ချက်ချမှတ်ခြင်းခံခဲ့ရသော နစ်နာသူများထံမှ အမှုဟောင်း ၃၀၀ ကျော် ရောက်ရှိလာသဖြင့် အချက်အလက် ပြည့်စုံခိုင်လုံသော အမှုများကို ပြန်လည်စိစစ်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

သူရဦးအောင်ကိုက “ကော်မတီဖွဲ့စည်းပြီးတဲ့ အချိန်ကစပြီး ကော်မတီကို ဒေသအသီသီးမှ မှန်ကန်ပါလျက် အဂတိလိုက်စား စီရင်ချက်ချမှတ်ခြင်း ခံခဲ့ရသော နစ်နာသူများထံမှ အမှုဟောင်းများစွာ ပေးပို့တင်ပြလာခဲ့ပါတယ်။ အချက်အလက်၊ အထောက်အထား ပြည့်စုံတဲ့အမှုတွဲ ၆၀ စုံကို ပြန်လည်သုံးသပ် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ညှိနှိုင်းလွှဲပြောင်းပေးခဲ့ပါတယ်။ ယခု ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလအတွင်း အလားတူ အမှုဟောင်း ၃၀၀ ကျော် ထပ်မံရောက်ရှိလာရာ ကော်မတီမှ လေ့လာစိစစ်လျက်ရှိပါတယ်။ အချက်ပြည့်စုံခိုင်လုံသော အမှုတွဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တရား လွှတ်တော်များသို့ ပြန်လည်စိစစ် ဆောင်ရွက်နိုင်ရန် ဆက်လက်လွှဲပြောင်းပေးပို့ သွားမှာ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်ချက်အပေါ် မှန်ကန်ပါလျက်နဲ့အမှုရှုံးခဲ့တဲ့ နစ်နာသူတွေ စိုးရိမ်နေကြတာက လွှဲပြောင်းပေးခဲ့တဲ့ အမှုတွဲတွေ အပေါ် တရားလွှတ်တော် အသီးသီးက ၀တ္တရားကျေ ပြန်လည်စိစစ်ပြီးတော့ ပြင်ဆင်ဆုံးဖြတ်ရန် ပြန်ကြားလာမယ် ဆိုရင် ၎င်းတို့အနေနဲ့ အားကိုးစရာ မရှိတော့တဲ့ အခြေအနေကို ပြန်ရောက်သွား နိုင်တယ်လို့ တင်ပြလာကြပါတယ်။ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအနေနဲ့ ယင်းကဲ့သို့ အခြေအနေမျိုး ကြုံတွေ့လာမယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေက တစ်ဆင့် အမှုဟောင်းပြန်လည် စိစစ်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သတင်းမီဒီယာအဖွဲ့တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖြစ်ရပ်မှန်ဖော်ထုတ် အရေးယူနိုင်ဖို့ ဆောင်ရွက်သွားပါမယ်။ ထိုအဆင့်များနှင့် မအောင်မြင်လျှင် အမြင့်ဆုံးကြိုးပမ်းမှု အနေနဲ့ ပြည်သူ့ လွှတ်တော်ကို တင်ပြပြီး ဆောင်ရွက်သွားပါမယ်”ဟု ပြောကြားခဲ့သည်။
ဥပဒေနှင့် မညီညွတ်ဘဲ အဂတိ လိုက်စားပြီး စီရင်ချက်များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေမျိုး ပြည်သူ့ လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံပွဲတွင် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို က ပြောကြားခဲ့သည်။
လက်ရှိကာလတွင် တည်ဆဲ ဥပဒေများ၌ ဥပဒေနှင့် မညီညွတ်သော အဂတိလိုက်စားပြီး စီရင်ချက် များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေမျိုး သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိသေးသည့်အတွက် ထိုဥပဒေမျိုး ပြည်သူ့လွှတ်တော်သို့ တင်ပြပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
“တရားရေးမဏ္ဍိုင် တိမ်းစောင်း ယိမ်းယိုင်နေမှုတွေမှာ တရားသူကြီးများမှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ တရားရေးအ၀န်းအ၀ိုင်းမှာ ပါဝင်နေကြတဲ့ ဥပဒေ၀န်ထမ်းများ၊ ရှေ့နေများ၊ တရားလို၊ တရားပြိုင်၊ တရားခံများ၊ တရားရုံးဝန်ထမ်းများနဲ့ အမှုပွဲစားများအားလုံးမှာ တာဝန်ရှိ ပါတယ်။ တရားရေးမဏ္ဍိုင် တည့် မတ်ခိုင်မာနေဖို့ ပြည်သူလူထုကို တရားဥပဒေစိုးမိုးမှုဖြင့် ကာကွယ်ပေးနိုင်ဖို့အတွက် မီဒီယာတွေက တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကို ပူးပေါင်းကူညီဖို့လိုအပ်ပါတယ်။ အရင်က ငွေများတရားနိုင်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ပြည်သူတွေ က သနားဖို့ကောင်းပါတယ်။ အဲဒီ အတွက် ဥပဒေနဲ့ မကိုက်ညီဘဲ အဂတိ လိုက်စားတယ်လို့ ယူဆလို့ရရင် တရားသူကြီးတွေကို တရားစွဲအရေး ယူနိုင်မယ့် ဥပဒေပေါ်ပေါက်လာဖို့ လွှတ်တော်မှာ အောင်မြင်အောင် တင်ပြဆွေးနွေးသွားပါမယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အဓိကတာဝန်မှာ နိုင်ငံတော်အတွင်း ဥပဒေနှင့် ညီညွတ်သော ဖြောင့်မတ်မှန်ကန်ပြီး အဂတိတရား ကင်းစင်သော တရားစီရင်မှုဖြစ်ထွန်း လာစေရန် ပံ့ပိုးပေးခြင်း၊ ဥပဒေဘောင် အတွင်း နေထိုင်ကြသည့် ပြည်သူများ၏ ဘ၀လုံခြုံမှုရရှိရန် ဆောင်ရွက်နေသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ လုပ်ငန်းများကို ကူညီပံ့ပိုးပေးရန် ဖြစ်ကြောင်း သိရသည်။
From EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1