Wednesday, February 22, 2012

 ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းများမှ စီမံခန့်ခွဲသူများနှင့် တွေ့ဆုံလစာတိုးရန်ပြောသည့်ကိစ္စသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီအတွက် မဲဆွယ်ခြင်း မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား

November | 2/22/2012 10:56:00 PM | Best Blogger Tips
 

ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က အရပ်ဖက်အဖွဲ့အစည်းများ နယ်ပယ်အသီးသီးမှ ပညာရှင်များ မီဒီယာသမားများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းရှိ လွှတ်တော်အဆောက်အအုံတွင် ဖေဖော်ဝါရီလ ၂၂ ရက် နေ့ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


ယင်းတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှပညာရှင်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းရခြင်းမှာ - နိုင်ငံနှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းသည့်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် ပြည်သူများထံမှ အခက်အခဲများကို ယခုကော်မ ရှင်မှတဆင့် ကူညီဖြေရှင်းပေးနိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဆွေနှင့် ဦးဋ္ဌေးမြင့် အပါအ၀င်အဖွဲ့ဝင် စုစုပေါင်း (၄၆)ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များအနေဖြင့် ဥပဒေရေးရာ ကိစ္စရပ်များအပါအ၀င် အခြားကိစ္စရပ်များနှင့်ပတ်သက်၍ အကြံဥာဏ်များပေးလိုပါက ယခုကော်မရှင်မှ တဆင့်လွှတ်တော်သို့ ဝေဖန်အကြံပြုနိုင်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲ၌ အဓိကအားဖြင့် ဆွေးနွေးရာတွင် ၀န်ထမ်းများ၏ လစာစရိတ်များတိုးမြှင့်ပေးပါက ဖြစ်ပေါ်လာနိုင်သည့် ကုန်ဈေးနှုန်းကြီးမြင့်မှု ငွေကြေး၏ဖောင်းပွမှုများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးများကို ဖော်ဆောင်ရာတွင် ဥပဒေပြုရေးမဏ္ဍိုင်မှ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များအား ပွင့်လင်းမြင်သာစွာဖြင့် ပကတိအရှိတရားအတိုင်း ပါဝင်ဆွေးနွေးနိုင်ပြီး အချိန်ကန့်သတ်ချက်ရှိပါက ဆွေးနွေးလိုသည့်အကြောင်းအရာများအား ကော်မရှင်သို့ စာဖြင့်ဆွေးနွေးအကြံပြုနိုင်ကြောင်း ၊အပြုသဘောဆွေးနွေးခြင်း မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။ 
လွှတ်တော်တွင် ၄င်းပြောကြားခဲ့သော စကားများနှင့်ပတ်သက်၍ သတင်းစာများတွင် ဖော်ပြရာ၌ ပြည့် ပြည့်စုံစုံမဟုတ်ဘဲ ဖြတ်တောက်ထားသည်ကို တွေ့ရပါကြောင်း၊ မိမိပြောကြားချက်များအား အပြည့်အစုံဖော်ပြပါက မိမိအားထိခိုက်နိုင်သည်ဟု ယူဆပြီး ဖြတ်တောက်ထားခြင်းမျိုးဆိုသည်လား မသိကြောင်း၊  ၀န်ထမ်းများ လစာတိုးရန်ပြောသည့် ကိစ္စတွင် မိမိအားအကောင်းဘက်မှ ပြောကြားသူများရှိသကဲ့သို့ ဝေဖန်သည့်ဘက်မှ ပြောကြားသူများလည်းရှိကြောင်း၊ ယခုအချိန်၌ ဒီမိုကရေစီစနစ်ကို သွားနေပြီဖြစ်၍ ဆွေးနွေးအကြံပေးရာတွင်လည်း ယခင်ကကဲ့သို့ အကြောက်တရားမရှိဘဲ သတ္တိရှိရှိ ပါဝင်ဆွေးနွေးနိုင်ကြောင်း၊ ၀န်ထမ်းများ လစာတိုးသည့်ကိစ္စနှင့်ပတ် သက်၍လည်း မိမိအနေဖြင့် အလျော့ပေးသွားမည်မဟုတ်ပဲ ၀န်ထမ်းများ လစာတိုးမြှင့်ရရှိသွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လစာတိုးမြှင့်လိုက်ပါက ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ကိုလည်း ဖြေရှင်းရန် စဉ်းစားသွားရမည်ဖြစ်ကြောင်း  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ၀န်ထမ်းများလစာတိုးရန်နှင့်ပတ်သက်၍ လွှတ်တော်တွင်ဆွေးနွေး ပြောကြားခဲ့ခြင်းအပေါ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား မဲဆွယ်စည်းရုံးခြင်း မျိုးလားဟု ပြည်သူများအကြား၌ ပြောကြားမှုအချို့ ရှိနေခြင်းအပေါ် ဥက္ကဋ္ဌကြီး၏ အမြင်အားသိရှိလိုပါကြောင်း သတင်းသမားတစ်ဦးကမေးမြန်းခဲ့ရာ ''၀န်ထမ်းတွေ လစာတိုးပေးဖို့ ပြောကြားခဲ့တာဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်စည်းရုံးတာ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့ပါသည်။

''ကျွန်တော် ပြည်သူ့ခေတ်ဂျာနယ်က အယ်ဒီတာဖေမြင့်ပါ ခင်ဗျာ့  ကျွန်တော်တို့နားထောင်နေရင်းနဲ့ ဥက္ကဋ္ဌကြီးပြောတဲ့အထဲမှာ ပါလာတဲ့ အချက်တစ်ခုကြောင့် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဥက္ကဋ္ဌကြီးပြောသွားတဲ့မိန့်ခွန်းကို ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ မီဒီယာတွေအားလုံးကနေပြီးတော့ ဖြတ်တောက်မှုရှိတယ်ဆိုတဲ့ အချက်ပါ။ ဒီအချက်ဟာ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေ အတွက်ဆိုရင် အင်မတန်မှ ထူးခြားတဲ့အချက် ဖြစ်ပါတယ်။ အဲဒီဖြတ်တောက်ခြင်းသည် ဥပဒေပြုမဏ္ဍိုင်က ပုဂ္ဂိုလ်တစ်ယောက်ကို အုပ်ချုပ်ရေးမဏ္ဍိုင်ကနေပြီး ပြန်ပြီးအပြန်အလှန် ထိန်းကျောင်းတဲ့ လုပ်ငန်းရဲ့ဘောင်ထဲမှာ ၀င်သလား မ၀င်ဘူးလားဆိုတာကို သိချင်ပါတယ်။ တဆက်တည်းမှာပဲ အဲသလို လွတ်လပ်စွာပြောဆိုခွင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးတစ်ယောက်ရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ တဆက်တည်း ကျွန်တော်တို့လို စာနယ်ဇင်း သမားတွေရဲ့ လွတ်လပ်စွာရေးသားခွင့်တွေကို စိစစ်ဖြတ်တောက်တယ်ဆိုတာတွေက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပြည်သူ့ရပိုင်ခွင့်တွေထဲက လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာ ရေးသားခွင့် ဆိုတဲ့ဟာကို ကန့်သတ်ရာရောက်ပါသလား။  တနည်းပြောလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုရှိသလား မရှိဘူးလား ဆိုတဲ့အချက်ကလေးကို ကျွန်တော်သိချင်ပါတယ်''ဟု ဦးဖေမြင့်၏ မေးမြန်းချက်အပေါ် ဥက္ကဋ္ဌ သူရဦးရွှေမန်းက '' ဒီအဖြေကို အတွေ့အကြုံရှိတဲ့ ဥာဏ်ပညာအမြော်အမြင်ရှိတဲ့ ကျွန်တော်တို့ မီဒီယာတွေက ရင်ထဲမှာ အဖြေရှိမယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်နှုတ်ကတော့ သီးခြားဖြေစရာ မလိုဘူးလို့ဘဲ ထင်ပါတယ်ခင်ဗျာ'' ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များကဆွေးနွေးခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိဂုံးချုပ်ဆွေးနွေးတင်ပြခဲ့ပြီး မီဒီယာများမှ သိလိုသည်များ မေးမြန်းခြင်းနှင့် ဖြေကြား ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
From EMG


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1