နှလုံးသားခြင်းနီးစပ် ရင်ဘတ်တူ အများအကျိုးအတွက် ဆောင်ရွက်နေကြတဲ့ ပြည်တွင်းမှ ကြယ်တွေစုံနေပြီး ပြိုင်တူလင်းနေတဲ့နေ့တနေ့ အမှတ်တရပုံလေး
နှလုံးသားတွေ လှူတဲ့နေ့
၁၇.၂.၂၀၁၂ (သောကြာနေ့) ည (၇း၀၀)
နာရီအချိန်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သောဆောင်းဦးလှိုင် (တစ်ကိုယ်တော်) ဖျော်ဖြေမှု “နှလုံးသားတွေလှူမယ့်ည”
တေးဂီတဖျော်ဖြေပွဲတွင် ရရှိသမျှ ဝင်ငွေအားလုံး (၁၂၆)
သိန်းတိတိအားသုံးပုံခွဲ၍ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ၈၈
ကျောင်းသားများအဖွဲ့တို့အား လှူဒါန်းပြုလုပ်မည် ဖြစ်သော်ငြားလည်း
ယင်းညဖျော်ဖြေပွဲ၌ စင်မြင့်ပေါ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌနှင့် ၈၈
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အားတက်ခွင့် မပြုခြင်း၊ အသင်း၏
ယူနီဖောင်းဖြစ်သော အဖြူအနက် ဝတ်စုံတို့အား လဲလှယ်ခိုင်းခြင်း၊ နာရေးကူညီမှု
အသင်း(ရန်ကုန်) မော်တော်ယာဉ်များအား အမျိုးသားကဇာတ်ရုံဝင်းအတွင်းသို့
ဝင်ရောက်ခွင့် မပြုခြင်းစသည့် အခက်အခဲ အပိတ်အပင်များကြောင့်
စင်မြင့်ထက်ပေါ်တွင် အလှူရှင် ပွဲကြည့်ပရိသတ်များ ရှေ့မှောက်၌ အလှူငွေ
ပေးအပ်မှုကို မပြုလုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် အလှူရှင်
ပွဲကြည့်ပရိသတ်များအနေဖြင့်လည်းမုဒိတာပွား၍ သာဓုမခေါ်ဆိုနိုင်ခဲ့ချေ။
သို့သော် နှလုံးသားတွေ လှူမယ့်ညသည် မထင်မှတ်ဘဲ အောင်မြင်စွာ
ပြီးမြောက်ခဲ့သည်။
“နှလုံးသားတွေလှူမယ့်ည” အလှူပွဲအားညအချိန်တွင် လှူဒါန်းမှု
မပြုလုပ်နိုင်ခဲ့သော်လည်း ယနေ့ ၂၂.၂.၂၀၁၂ (ဗုဒ္ဓဟူးနေ့) နေ့လည် (၂း၀၀)
နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ရုံးချုပ်ရှိရာ
မြောက်ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအလှူပွဲအား
နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ကိုဆောင်းဦးလှိုင်၏
ဂီတသမားများ၊ အမာခံပရိသတ်များ၊ အလှူရှင်များ၊
စီးပွားရေးလုပ်ငန်းရှင်များနှင့် ၈၈ ကျောင်းသားများဖြင့်
စုံညီစွာကျင်းပခဲ့သည်။ အခမ်းအနားတွင် ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ
အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့ပွဲသည် ငြိမ်းချမ်းရေးအစစ်အမှန်
မရရှိသေးသောမိမိတို့နိုင်ငံတွင် မိမိတို့ သက်ဆိုင်ရာ နယ်ပယ်များမှ
နည်းမျိုးစုံဖြင့် ဖော်ဆောင်နေသူများ စုံစည်းရာပွဲ
ငြိမ်းချမ်းရေးလူသားများတွေ့ဆုံသည့်ပွဲ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရခြင်းရည်ရွယ်ချက်များနှင့် ဂီတဖျော်ဖြေပွဲ၏
အခက်အခဲများကို တင်ပြသွားခဲ့သည်။
ထို့နောက် ၈၈ ကျောင်းသားအဖွဲ့ကိုယ်စား ကျောင်းသားခေါင်းဆောင်
မင်းကိုနိုင်အား အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း)ကျပ်တိတိကို
ပေးအပ်လှူဒါန်းခဲ့ပြီးကိုမင်းကိုနိုင်မှ ကျေးဇူးတင် စကားအားကြေကွဲစွာဖြင့်
ပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့
ကိုဆောင်းဦးလှိုင်မှ အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း)ကျပ် တိတိအား
လှူဒါန်းခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကား ပြောကြားရာတွင်
“ကျွန်တော်တို့သည် ရေကန်ထဲမှ ငါးများဖြစ်ခဲ့ပါက …. အချို့သည်
ပိုက်ကွန်ဖြင့် အုပ်ခံကာဖမ်းဆီးခံရသည်။ အချို့သည် ယမ်းပျော့ဖြစ် ဖောက်ခွဲ၍
သေကြေခဲ့ရသည်။ အချို့သည် ငါးမျှားချိတ်တွင် ငါးစာချိတ်၍ ဖြားယောင်းကာ
အဖမ်းခံခဲ့ရသည်။ ထိုအထဲတွင် ကျွန်တော်တို့သည် အရှင်လတ်လတ် ကုန်းမြေပေါ်သို့
ပစ်တင်ခံခဲ့ရသည်” ဟု တင်စား ပြောကြားခဲ့သည်။
ယင်းနောက် ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရန် ကျန်ရှိသော ၄၂၀၀၀၀၀ိ/-
(လေးဆယ့်နှစ်သိန်း)ကျပ် တိတိအား အများဆန္ဒဖြင့် မျိုးဆက်သစ်ဂီတ
ဖျော်ဖြေပွဲတစ်ပွဲ ထပ်မံ၍ အလှူဒါနမတည်ငွေအဖြစ် အသုံးပြုရန် ဆုံးဖြတ်မှုကို
ပြုလုပ်ခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည်
ကိုဆောင်းဦးလှိုင်၏ “နှလုံးသားတွေလှူမယ့်ည” ဂီတဖျော်ဖြေပွဲ
ကျင်းပနေချိန်တွင် အပိတ်အပင် အတားအဆီးများကြောင့် လူကိုယ်တိုင်
ဂီတဖျော်ဖြေပွဲသို့ မတက်ရောက်နိုင်ဘဲ မိမိ၏ နေအိမ်တွင် သူ၏နှလုံးသားဖြင့်
ကြေကွဲစွာ ရေးဆွဲခဲ့သော ကိုဆောင်းဦးလှိုင်၏ ပုံတူပန်းချီကားအား
အမှတ်တရအဖြစ် လက်ဆောင်ပေးအပ်ခဲ့သည်။
စာနယ်ဇင်းများ ကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန် ရှိ
သုခကုသိုလ်ဖြစ်ဆေးခန်း၌ လုပ်အားပေး ဆရာဝန်အဖြစ် တာဝန်ယူနေသော စာရေးဆရာမ
ဒေါက်တာမသီတာ(စမ်းချောင်း)မှ ကျေးဇူးတင်စကား ပြောကြားရာတွင် အစဉ်အလာ
ဟောင်းများကို ဆွဲကိုင်ရင်း အစဉ်အလာသစ်သို့ ဖောက်ထွက်ခဲ့သော
နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ၈၈ ကျောင်းသားအဖွဲ့နှစ်ခုတို့၏ ထူးခြားသော
ဝိသေသများကို ဂုဏ်ပြုပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)
အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခ) ရွှေဇီးကွက်မှ နှလုံးသားတွေ လှူသည့်ပွဲ
အခမ်းအနား မပြီးဆုံးခင် အပိတ်စကား ကျေးဇူးတင် စကားပြောကြားရာတွင်
“ကျွန်မသည် မနေ့ညတွင် အင်တာနက်ကြည့်မိရာမှ ၂၃.၂.၂၀၁၂ ရက်နေ့တွင် ၈၈
ကျောင်းသား ခေါင်းဆောင်များအဖွဲ့သည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များထံ
သွားရောက်၍ အားပေးစကားနှင့် အင်အားများ တိုးပွားစေရန် သွားရောက်
တွေ့ဆုံကြမည်ကို သိရှိရပါ၍ ယနေ့နံနက် အသင်းသို့ ရောက်လျှင် ရောက်ခြင်း
စစ်ဘေးဒဏ်ခံနေရသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ယခင်ကလည်း
မိမိတို့ကိုယ်တိုင် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင် အလှူငွေ
သိန်းလေးရာ သုံးဆယ်ကျပ်နှင့် အဝတ်အထည်များ စုစုပေါင်းတန်ဖိုး
ကျပ်သိန်းငါးရာကျော် လှူဒါန်းခဲ့ပြီးသော်လည်း ယခုထပ်မံ၍ တိုင်းရင်းသား
ညီအစ်ကို မောင်နှမများအတွက် အလှူငွေများ လိုအပ်နေသည်ကို သိရှိရပါ၍ ၈၈
ကျောင်းသားခေါင်းဆောင်အဖွဲ့နှင့် တစ်ဆင့် လှူဒါန်းမှုကို ပြုလုပ်ချင်ကြောင်း
ဆွေးနွေးတိုင်ပင်ခဲ့ကာ အလှူငွေကျပ် သိန်းတစ်ရာတိတိအား ဒီအခမ်းအနားမှာ
တစ်လက်စတည်း ၈၈ ကျောင်းသား ခေါင်းဆောင်အဖွဲ့အား လှူဒါန်းမည်ဖြစ်ကြောင်း”
ပြောကြားခဲ့ကာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် တတိယအကြိမ်အဖြစ်
အလှူငွေကျပ် သိန်းတစ်ရာတိတိအား ၈၈ ကျောင်းသား ခေါင်းဆောင်များထံ
ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းကဲ့သို့ နှလုံးသားများလှူတဲ့နေ့တွင်
လှူဒါန်းမှုများ အသီးသီးပြုလုပ်နိုင်ခဲ့ခြင်းသည် ကိုဆောင်းဦးလှိုင်အား
လာရောက် အားပေးကြသော အများပြည်သူများနှင့် လူမှုရေးလုပ်ငန်းများအား နာရေး၊
ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် ရှာဖွေရေးနှင့် သဘာဝဘေးဒဏ်များအပြင်
စစ်ဘေးဒုက္ခသည်များအတွက် ကူညီဖေးမ ထောက်ပံ့မှုများကို တတ်စွမ်းသရွေ့
ပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အား လာရောက် လှူဒါန်းမှုများကို
ပြုလုပ်ကြသော အများပြည်သူ အလှူရှင်များ၏ ကောင်းမှုတို့ပင် ဖြစ်ပါသည်။
ထို့ကြောင့် ယနေ့ ၂၂.၂.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သော နှလုံးသားတွေ
လှူသောနေ့ အလှူပွဲကြီးအား အများပြည်သူ နတ်လူသာဓု ခေါ်ဆိုနိုင်ရန်အတွက်
တင်ပြလိုက်ရပါသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်)
တိုင်းပြည်အကျိုး ဆောင်ရွက်နေကြသည့်
အဆိုတော် ကိုဆောင်းဦးလှိုင်၊ ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်
ကျောင်းသားများ၊ နာရေးကူညီမှု အသင်းမှ အကိုကြီးကိုကျော်သူနှင့် အသင်းသားများ
အလှူရှင်များတို့၏ မွန်မြတ်သော စေတနာနှင့် ရင်ဘတ်တူသူ ညီအကို
မောင်နှမများတို့၏ နှလုံးသားတွေနဲ့ လှူတဲ့ အလှူအား ဝမ်းမြောက်ဝမ်းသာ
သာဓုခေါ်ရင်း အထူးလေးစားဂုဏ်ယူ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
No comments:
Post a Comment