Sunday, March 18, 2012

အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်နှင့် တွေ့ဆုံခြင်း

November | 3/18/2012 04:19:00 PM | Best Blogger Tips
မြန်မာနိုင်ငံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ
 ဖော်ဆောင်နေမှုတို့ကြောင့် အမေရိကန် ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာမှ အစိုးရအဖွဲ့ဝင် အကြီးအကဲများ မြန်မာနိုင်ငံသို့ အဆက်မပြတ် ရောက်ရှိလာခဲ့ကြသည်။ ထိုကဲ့သို့ ရောက်ရှိလာမှုများတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း ပါဝင်ခဲ့သည်။ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးနှင့် အမေရိကန်ဘက်မှ စီးပွားရေး ပိတ်ဆို့မှု၊ ခရီးသွားလုပ်ငန်း ကန့်သတ်မှု၊ သွင်းကုန်တင်ပို့ခြင်း ကန့်သတ်မှုများ အစရှိသည့် အရေးယူ ပိတ်ဆို့မှုများကို လျော့ချ ရုပ်သိမ်းသွားနိုင်ရန် Road Map  ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသဖြင့် ပြောဆိုခဲ့သည်။ မြန်မာအစိုးရ၊ သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအ၀င် ထိတွေ့ ဆက်ဆံရေးမူဝါဒကို အကောင်အထည်ဖော်သည့်အနေဖြင့် မြန်မာနိုင်ငံသို့ မကြာခဏလာရန် စီစဉ်ထားသည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည့်အတိုင်း အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်သည် မြန်မာနိုင်ငံသို့ ခုနစ်လအတွင်း ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် မတ်လ ၁၁ ရက်နေ့မှ ၁၇ နေ့ရက်အထိ လာရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း Eleven Media Group အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်အား ရန်ကုန်မြို့ရှိ အမေရိကန် သံအရာရှိနေအိမ်တွင် မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက Exclusive Interview အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်နေမှု၊ မြန်မာ-အမေရိကန် ဆက်ဆံရေး၊ အရေးယူပိတ်ဆို့မှု၊ ကြားဖြတ်ရွေးကောက်ပွဲ၊ နှစ်နိုင်ငံ တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်မှု အစရှိသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမေးမြန်းမှုမှ အချို့ကို ကောက်နှုတ် ဖော်ပြလိုက်ပါသည်။
မေး - သံအမတ်ကြီး ဒဲရစ်မစ်ချယ်အနေနဲ့ ခုနစ်လအတွင်းမှာ  ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ယခု ရောက်ရှိလာခဲ့ပါတယ်။ မြန်မာ အစိုးရ၊ သက်ဆိုင်သူများနဲ့ တွေ့ဆုံ ဆွေးနွေးခြင်းများ အပါအ၀င် ထိတွေ့ဆက်ဆံရေးမူဝါဒကို အကောင်အထည်ဖော်တဲ့ အနေနဲ့ မြန်မာနိုင်ငံကို မကြာခဏလာဖို့ စီစဉ်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားတဲ့အတိုင်း ရောက်ရှိလာတဲ့အခါမှာ မြန်မာနိုင်ငံမှာ ဘယ်လို တိုးတက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာ သံအမတ်ကြီးအနေနဲ့ မြင်တွေ့ရပါသလဲ။
ဖြေ - ကျွန်တော့် အလုပ်ကတော့ အမေရိကန် အစိုးရရဲ့ မူဝါဒကို ညှိနှိုင်းပေးဖို့နဲ့ နိုင်ငံတကာကို ကမ်းလင့် ထောက်ကူဖို့ပါပဲ။ နောက်ပြီး မြန်မာနိုင်ငံကို မကြာခဏ လာတဲ့ကိစ္စကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွေမှာ မိတ်ဖက်အဖြစ် ဆောင်ရွက်လိုတဲ့အတွက် ဖြစ်ပါတယ်။ လာ ဖြစ်တဲ့ ခရီးစဉ်တိုင်းကလည်း အရေးကြီးပါတယ်။ နှစ်နိုင်ငံကြား တိုက်ရိုက် ထိတွေ့ပြောဆိုမှုတွေ ဖြစ်မြောက်စေရုံသာမက ကျွန်တော့်အတွက်လည်း ယုံကြည်မှု တည်ဆောက်ရေး ဖြစ်စေပါတယ်။ ဒီမှာ ရက်သတ္တပတ်တိုင်း ပြောင်းလဲနေတယ်ဆိုတာကို ပြည်သူတွေ မြင်တွေ့နေရတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ကတော့ ဒီကပြည်သူတွေ မြင်တွေ့ရတဲ့အတိုင်း ထင်ဟပ်သွားမှာပါပဲ။ နောက်ပြီး ခုနစ်လအတွင်းမှာ ဒီမှာ တိုးတက်မှုတွေ ကဏ္ဍတိုင်းနီးပါးမှာ ဆင့်ကဲဖြစ်နေတယ် ဆိုတာပါပဲ။ ဒါတွေက အားတက်စရာပါပဲ။
မေး - ဒီဖြစ်ပေါ်တိုးတက်မှုတွေဟာ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့အတွက် လုံလောက်မှုရှိပြီလို့ သံအမတ်ကြီးအနေနဲ့ ထင်မြင်ပါသလား။
ဖြေ - ကျွန်တော့် အနေနဲ့ကတော့ ဒါတွေကို အရေးယူ ပိတ်ဆို့မှုအရ မကြည့်ပါဘူး။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ မိတ်ဖက်ဖြစ်ဖို့အတွက် ကျွန်တော်တို့ လုပ်နေတဲ့ အရာတွေဟာ သေချာရဲ့လားဆိုတဲ့ အမြင်ကနေပဲ ကြည့်ပါတယ်။ အခုလိုမျိုး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် တိုက်တွန်းခဲ့တာ ကြာပါပြီ။ ပြည်သူတွေအနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေဟာ မှန်လား၊ မှားလားဆိုတာကို ဆွေးနွေး ငြင်းခုံခဲ့ကြပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်အနေနဲ့ မပြောလိုပါဘူး။ လတ်တလော ဆွေးနွေးနေတာကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြောင်းလဲမှုတွေအတွက်နဲ့  ဒီအပြောင်းအလဲတွေကို ပြည်သူတွေ ခံစားရရှိဖို့ ကျွန်တော်တို့ ဘယ်လို ကူညီရမလဲဆိုတာပါပဲ။ ဒီမိုကရေစီ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ လူ့အခွင့်အရေးအစရှိတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ လတ်တလော ဆွေးနွေးနေပါတယ်။ အရေးယူ ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေး အဓိကထား ဆွေးနွေးနေတာ မဟုတ်ပါဘူး။
မေး - အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖြစ်ခဲ့မယ် ဆိုလို့ရှိရင် ဘယ်အရာကို ပထမဆုံး ရုပ်သိမ်းသွားမှာပါလဲ။
ဖြေ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီးပြီ။ နောက်ပြီး ကမ္ဘာ့ဘဏ် အစရှိသဖြင့် တားမြစ်ကန့်သတ်ထားတာတွေထဲက တချို့ကို ဖယ်ရှားပြီးသွားပါပြီ။ ဒါတွေက တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲ ဖြစ်ပေါ်လာတဲ့ အရာတွေပါပဲ။ လုပ်ရပ်တစ်ခု ပေါ်လုပ်ရပ် တစ်ခုနဲ့ တုံ့ပြန်ဆောင်ရွက်သွားမှာပါ။
မေး -  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီး နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတာနဲ့ ပတ်သက်လို့ ဘယ်လိုများမြင်ပါသလဲ။
ဖြေ - သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုရယ်၊ သူရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အသိအမှတ်ပြုခံရမှု အများကြီးရှိနေတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ သူလုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ တော်တော် သတ္တိရှိရှိနဲ့ လုပ်ဆောင်ခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်။ လွန်ခဲ့တဲ့ တစ်လက သူ့ရဲ့ မိန့်ခွန်းကို ကျွန်တော်ဖတ်ရပါတယ်။ အဲဒီမိန့်ခွန်းက အတော်ကြီးကို အမြော်အမြင်ရှိတဲ့ မိန့်ခွန်းတစ်ခုပါပဲ။
မေး - မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်တဲ့ နေရာမှာ နိုင်ငံရေးက စီးပွားရေးထက် ပိုပြီး မြန်ဆန်နေတယ်လို့ တချို့က ပြောကြပါတယ်။ ဒီအပေါ်မှာ ဘယ်လိုများမြင်ပါသလဲ။
ဖြေ - နိုင်ငံရေး အတွက်တော့ တချို့ကိစ္စတွေက လွယ်ကူပါတယ်။ စိတ်ဆန္ဒ ရှိဖို့ကတော့ မလွယ်ကူလှပါဘူး။ လူ့အဖွဲ့အစည်းကို ပွင့်လင်းလာအောင် လုပ်ဖို့ကတော့ ခက်ခဲပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ထောင်ကနေ လွှတ်လိုက်တဲ့သူတွေ လမ်းပေါ်မှာ ဆန္ဒပြပြီး သူတို့ကို စိန်ခေါ်တာမျိုးတွေ။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ လုပ်ဖို့ဆိုတာ အတော်ကြီးကို သတ္တိမွေးရပါတယ်။ ဒါကြောင့် ဒီလိုလွတ်လာတဲ့သူတွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ တစ်တပ်တစ်အား ထောက်ပံ့ပေးနိုင်တယ် ဆိုတာကို တာဝန်ရှိသူတွေကို တိုက် တွန်း အားပေးသင့်ပါတယ်။ ဒီလိုမျိုး အခါကျရင် သူတို့အနေနဲ့ နောက်ထပ်လွှတ်ပေးမှုတွေကို စဉ်းစားလာမှာ ဖြစ်ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အတွက်တော့ ကိုယ်ဘယ်လို လုပ်သလဲဆိုတာကို ဂရုစိုက်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အရမ်း ရှုပ်ထွေးလွန်းလို့ပါ။ တကယ်လို့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို မြန်မြန် လုပ်လိုက်မယ်ဆိုရင် မှန်ကန်တဲ့ နည်းလမ်းတကျ အဆင့်ဆင့် လိုက်မလုပ်ဘူးဆိုရင် ရေရှည်မှာ အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။  ကမ္ဘာပေါ်က နိုင်ငံအများကြီးမှာ ဒီလို အကူးအပြောင်းကာလတွေမှာ လူတွေက အပြေးအလွှား ၀င်ရောက်လာပြီး အကူအညီ အထောက်အပံ့တွေ ပေးကြတယ်၊ အကျိုးစီးပွား ကြည့်ကူညီကြတယ်။ ဒါတွေက ခြစားမှုကို ကူညီရာ ရောက်စေပါတယ်။ နောက်ပြီး ငွေကြေးဖောင်းပွမှုကိုလည်း ဖြစ်စေပါတယ်။ ဒါပေမယ့်လို့လည်း ဒီမှာရှိတဲ့အကြံပေး တချို့က အစိုးရကို မှန်ကန်တဲ့ မေးခွန်းတွေ ထုတ်မေးနေကြပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်တဲ့အခါမှာ ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှလည်း ကူညီထောက်ပံ့မှုတွေ ထပ်ရာမရောက်မှာ ဖြစ်ပါတယ်။
မေး - အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရာမှာ သံရုံးယာယီ တာဝန်ခံအဆင့်မှ သံအမတ်ကြီး အဆင့်တိုးမြှင့်မယ်လို့ ဆိုထားတဲ့အတွက် မြန်မာ-အမေရိကန် နှစ်နိုင်ငံကြား သံအမတ်ကြီးအဆင့် ထားရှိနိုင်ဖို့ ဘယ်တော့လောက်များ ဖြစ်လာမလဲလို့ မျော်လင့်ပါသလဲ။
ဖြေ - အမေရိကန် ပြည်ထောင်စုမှာတော့ ဒါက လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် အချိန်ယူရဖို့ ရှိပါတယ်။ လများစွာလည်း ကြာနိုင်ပါတယ်။ ဒါတွေက ဆီးနိတ်ပေါ် မူတည်ပါတယ်။ ဒီဘက်ကအတွက်တော့ ဒီကအစိုးရ ဆုံးဖြတ်ရမှာပါ။
မေး - မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံလိုတဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေကို လတ်တလော ဘာများ ပြောကြားလိုပါသလဲ။
ဖြေ - ဒီမှာ ဘာတွေဖြစ်ပျက်နေတယ် ဆိုတာကို လေ့လာပါလို့ ကျွန်တော့် အနေနဲ့ ပြောချင်ပါတယ်။
မေး - အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတဘားရက်အိုဘားမား မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ အလားအလာများ ရှိပါသလား။
ဖြေ - ဒါတော့ ကျွန်တော်မသိပါဘူး။
မေး - မြန်မာ-တရုတ်ဆက်ဆံ ရေးအပေါ်မှာရော အမေရိကန် ပြည်ထောင်စုအနေနဲ့ ဘယ်လိုများ သဘော ထားပါသလဲ။
ဖြေ - မြန်မာ-တရုတ် ဆက်ဆံရေးကတော့ မြန်မာ-တရုတ်နဲ့ပဲ သက်ဆိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဒီကအကျိုးစီးပွားကတော့ ဒီကပြည်သူတွေကို ကမ်းလင့်ထောက်ကူဖို့ပါပဲ။ ဒီက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ မိတ်ဖက်အဖြစ် ဆောင်ရွက်သွားဖို့ပါပဲ။ တရုတ်ကို တုံ့ပြန် counter လုပ်ဖို့ မဟုတ်ပါဘူး။ 
မေး - မြန်မာနိုင်ငံက စစ်ဖက်ခေါင်းဆောင်တွေဟာ တရုတ်အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေကို မကြာသေးမီ လများအတွင်း သွားရောက် လည်ပတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို လည်ပတ်မှုတွေမှာလည်း နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ သံအမတ်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေမှာလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုတွေ ပြုလုပ်ပြီးတဲ့အခါမှာ နှစ်နိုင်ငံကြား တပ်မတော်ခေါင်းဆောင်တွေ အပြန်အလှန် လည်ပတ်မှုခရီးစဉ်တွေ မကြာမီဖြစ်ပေါ်လာဖို့ အလားအလာများ ရှိပါသလား။
ဖြေ - ကျွန်တော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတို့နဲ့ တွေ့ဆုံတဲ့အခါမှာ သူတို့အနေနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့ကို စိတ်ဝင်စားကြောင်း ပြသခဲ့ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ပထမဆုံး မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံး အမေရိကန်စစ်သားတွေ ရှာဖွေရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဆောင်ရွက်နေပါတယ်။ ဒါက ပထမဆုံး အဆင့်ပါပဲ။ ဒါက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် မိတ်ဆက်မှုတွေ ပြန်လည်ပြုလုပ်တာ ဖြစ်သလို နှစ်နိုင်ငံ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ဒါတွေကို မှန်ကန်တဲ့ အခြေအနေအောက်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး - သံအမတ်ကြီးအနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေကို မေးမြန်း စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်သလို မဲစာရင်းတွေမှာ မှားယွင်းမှုများနဲ့ ပတ်သက်လို့လည်း သိရှိကောင်း သိရှိနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်များ ရှိနေတဲ့အတွက် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတဖို့ ရှိပါသလား။ ဒီလိုမျိုး မဖြစ်လာခဲ့ဘူးဆိုရင် အမေရိကန်ပြည်ထောင်စုက ဘယ်လိုများ တုံ့ပြန်သွားဖို့ ရှိပါသလဲ။
ဖြေ - လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှု ဖြစ်မလာဘူးဆိုလို့ရှိရင် ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ ပြောပြလို့ မရပါဘူး။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှု မရှိဘူးဆိုရင်တော့ နှစ်နိုင်ငံဆက်ဆံရေးကို အ ထောက်အကူပြုမှာ မဟုတ်ပါဘူး။
Profile
အမည် ဒဲရစ်ဂျိမ်းမစ်ချယ်
မွေးသက္ကရာဇ် စက်တင်ဘာ ၁၆၊ ၁၉၆၄
အလုပ်အကိုင် အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး၊ သံအမတ်၊ အာရှရေးရာ ကျွမ်းကျင်သူ။
ထမ်းဆောင်ခဲ့ဖူးသည့် ရာထူးအချို့ - ကာကွယ်ရေးဝန်ကြီးရုံးတွင် Principal Deputy Assistant Secretary of Defense, Asian and Pacific Security Affairs အဖြစ်ထမ်းဆောင်ခဲ့။ Center for Strategic and International Studies wGif senior fellow and director of the Asia Division of the International Security Program အဖြစ်ထမ်းဆောင်ခဲ့။ အထက် လွှတ်တော်အမတ် Edward M. Kennedy ၏ အကြီးတန်း နိုင်ငံခြားရေးမူဝါဒ အကြံပေး၏ လက်ထောက်အဖြစ် ထမ်းဆောင်ခဲ့။
ပညာရေး University of Virginia မှ B.A. in Foreign Affairs ရရှိ၊ Fletcher School of Law and Diplomacy, Tufts University မှ Master of Arts degree in Law and Diplomacy ရရှိ။
  REF; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1