Tuesday, March 27, 2012

မနန်းဝိုးဖန်သေဆုံးမှုအတွက် ထပ်မံရရှိတဲ့သတင်း

Ever November | 3/27/2012 08:45:00 PM | Best Blogger Tips
ရန်ကုန်မြို့စုံစမ်းစစ်ဆေးရေးဌာနအဆောက်အဦပေါ်ကနေလွန်ခဲ့တဲ့ရက်ပိုင်းက ပြုတ်ကျ သေဆုံးခဲ့တဲ့
အမျိုးသမီးငယ်တဦးကိစ္စကိုစုံစမ်းစစ်ဆေးရေးခုံရုံးတရပ်ဖွဲ့စည်းပြီး ဖော်ထုတ်သွားမယ်လို့ရန်ကုန်
တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။

မတ် ၂၄ရက်နေ့ မနက်က ရန်ကုန် တိုင်းဒေသကြီး စသုံးလုံး တိုက်ပေါ်က ပြုတ်ကျတဲ့ ရှမ်း အမျိုးသမီး ဟာ ရုံးပေါ်မှာ အန်ရာကနေ အရှိန်လွန်ပြီး ကျတယ်လို့ သူ့ထံ သတင်းဝင်ထား တဲ့ အကြောင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ခုလို ပြောဆိုပါတယ်။
“မတော်တဆဖြစ်တယ်လို့ သုံးသပ်တာပဲ။ သူ့ဟာသူ ကျန်းမာရေး အရ အန်ပြီးတော့ ဗိုက်နာ ဗိုက်အောင့်တယ်၊ အန်ရင်းနဲ့ ဖြစ်သွားတဲ့ ကိစ္စပါ။”
အမှုနဲ့ပတ်သက်လို့ အမှုမှန်ပေါ်အောင် ဖော်ထုတ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
“အဖြစ်မှန်ပေါ်အောင်တော့ ကျနော်တို့ဘက်က ခုံရုံးဖွဲ့ပြီး စုံစမ်းရမှာပေါ့။ ဒီလို ကိစ္စတွေကို ပြန် စစ်ဆေးကြည့်ရမှာပေါ့။”
သေဆုံးသူ မနန်းဝိုးဖန်ဟာ အသက် ၂၀ ခန့် အမျိုးသမီး တဦးဖြစ်ပြီး အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ စပ်လျဉ်းပြီး စသုံးလုံးက  ၂၁ ရက် နေ့ကနေ သေဆုံးတဲ့ ၂၄ ရက် နေ့ မနက် ၄ နာရီထိ ဆက်တိုက် စစ်ဆေးခဲ့တာလို့ အတူ စစ်ဆေးခံရတဲ့ နန်းဝိုးဖန်ရဲ့ မိတ်ဆွေ တရားလွှတ်တော် ရှေ့နေ ဒေါ်အိအိအောင်က ပြောပါတယ်။ ရုံးအပြင်မျက်နှာစာ ၅ ထပ် ကနေ ပြုတ်ကျခဲ့တာလို့ဆိုပါတယ်။
စသုံးလုံး ၅ ထပ်တိုက် အပေါ်ဆုံးထပ်မှာ သူတို့ နှစ်ဦးကို ထားရှိ စစ်ဆေးပြီး သူတို့ နှစ်ဦးအတွက် အမျိုးသမီးအစောင့် တဦးစီ ထားရှိပေးပြီး ညအိပ်ရကြောင်းနဲ့ သူ့ကိုတော့  တညပဲ စစ်ဆေးပြီး မနန်းဝိုးဖန်ကိုတော့ ရက်ဆက်တိုက် စစ်ဆေးတယ် လို့ ဒေါ်အိအိအောင် က ပြောပါတယ်။
အသက်ငယ်တဲ့အပြင် ဗမာစကား မတတ်ကျွမ်းတဲ့ မနန်းဝိုးဖန်အတွက် ဘာသာပြန်မရှိဘဲ စစ်ဆေးစဉ်ကာလမှာ အခက်ကြုံခဲ့တယ်ဆိုတာကို ကိုယ်ချင်းစာမိတယ်လို့ သူကပြောပါတယ်။
ရှမ်းအမျိုးသမီးငယ်ဟာ ဂျပန်အမျိုးသားတဦးနဲ့ အိမ်ထောင်ပြုပြီး အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေတာ ဖြစ်တဲ့ အကြောင်းနဲ့ သိန်းထောင်ချီ ပိုင်ဆိုင်မှု ရှိလာတဲ့ ကိစ္စတွေ အတွက် ခေါ်ယူမေးမြန်းတာပါ။
မနန်းဝိုးဖန်ဟာ အခင်းမဖြစ်ခင်က အပြင်ဆိုင်မှာ တာဝန်ရှိသူတွေနဲ့ ထွက်စဉ်က  ပင်လယ်စာ အလွန်အကျွံ စားသောက်ပြီး အန်တာဖြစ်နိုင်တယ် လို့ ဒေါ်အိအိအောင် က ပြောပါတယ်။
“အန်မယ် ဆိုတာကို ရှမ်းသံနဲ့ ဗလုံးဗထွေးအသံနဲ့ အန်မယ်ဆိုပြီး ခဏပဲမြင်လိုက်ရတယ်။ ကျမက အစောင့်ကို သူအန်မယ်ပြောနေတယ်ဆိုပြီး ပြောလိုက်တယ်။ အစောင့် ၂ ယောက်က လည်း ပြေးထွက်သွားတယ်။ ပြီးတော့ လမ်းတလျှောက် စင်္ကြန်မှာ ဘာမှ မတွေ့တော့ ပြတင်းပေါက်မှာ သွားကြည့်တော့ မရှိတော့ဘူး။ အောက်မှာတွေ့တယ်။ အကုန်လုံးကိုခေါ်ပြီး အောက်မှာ ဓါတ်လှေကား နဲ့ ပြေးကြည့်တော့ အောက် မှာ အော်တဲ့ အသံကို ကြားနေရတယ်။ ကျမကို ခေါင်းခန်းမှာ ထားပြီး ဆေးရုံကြီးကို တန်းခေါ်လာတယ်။
ဆေးရုံမှာ ဘယ်လို အခြေအနေရှိလဲ ဆိုတော့ ၇၀၊ ၃၀ ရာခိုင်နှုန်းလို့ပဲ ပြောတယ်။ ကျမလည်း မယုံတော့လို့  ၂၅ ရက် နေ့ မနက်ကျမှ  အဖွဲ့အစည်း အားလုံးကို နန်းဝိုးဖန် အခြေအနေ အတွက် စုံစမ်းပေးခိုင်းတော့မှ အဲဒီနေ့မနက် ၆ နာရီက ဆုံးသွားတာကို သိရတာလေ။”
မနန်းဝိုးဖန်ဟာ မတ် ၂၄ ရက်နေ့ မနက် ၅ နာရီခန့်မှာ အန်ချင်တယ် ဟု အသံကြားရပြီး ၀ရန်တာဘက်ကို လမ်းလျှောက်ထွက်သံကြားရပြီး သေဆုံးမှု ဖြစ်စဉ်ကို ကြုံရတယ်လို့ သူက ဆက်ပြောပြပါတယ်။
အခင်းဖြစ်ဖြစ်ချင်း မသိသေးပဲ နောက်နေ့ စုံစမ်းမှ သေတယ် ဆိုတာသိရပြီး သူ့ခင်ပွန်း လည်း ဂျပန်က ပြန်မရောက်သေးဘဲ ထိန်ပင်သုသာန်မှာ ဗမာဘုန်းကြီး၊ ရှမ်းဘုန်းကြီးတွေ နဲ့ တရားနာခဲ့ပြီး အလောင်းကို ခင်ပွန်းသည် ဂျပန်က ပြန်ရောက်အလာ ကို စောင့်နေတယ် လို့ ပြောပါတယ်။
အဲဒီအပေါ်ဆုံးထပ်မှာ သူတို့နှစ်ဦးရယ် ၀န်ထမ်းအစောင့်အမျိုးသမီး ၂ ဦး အပြင် တခြား တာဝန်ကျ အမျိုးသား ၀န်ထမ်းတွေကိုလည်း ညဘက်တွေမှာပါ တွေ့ရလေ့ ရှိပါတယ် လို့ ပြောပါတယ်။ သူ့ကိုလည်း စစ်ဆေးဖို့ မတ် ၂၈ ရက် ၁၀ နာရီမှာ စသုံးလုံး ရုံးကို ခေါ်ယူထားတယ် လို့ ဒေါ်အိအိအောင်က ဆိုပါတယ်။
အမှုနဲ့ စပ်လျဉ်းပြီး ဘယ်သူ့မှာ တာဝန် ရှိပါသလဲလို့ တရား လွှတ်တော်ရှေ့နေ ဒေါ် အိအိအောင်ကို မေးကြည့်ရာမှာ တာဝန် ရှိသူတွေ ဖော်ထုတ် ပါလိမ့်မယ်လို့ ဖြေဆို သွားပါတယ်။
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1