Thursday, March 15, 2012

 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ မူဝါဒသဘောတရားများကို ရုပ်မြင်သံကြားမှ ဟောပြောမှုပြုလုပ်

November | 3/15/2012 09:55:00 AM | Best Blogger Tips
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏မူဝါဒသဘောတရားများကိုပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစု
ကြည်သည် မတ်လ ၁၄ ရက်နေ့က ရုပ်မြင်သံကြားမှတစ်ဆင့် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောမှုတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို အဓိကထိပ်တန်းတင်ထားကြောင်း ဦးစွာ ပြောကြားခဲ့သည်။

ဆက်လက်၍ တရားစီရင်ရေးကို အစိုးရယန္တရားအောက် သွတ်သွင်းခဲ့ ပြီးမီဒီယာတွေကို အစိုးရပိုင်အဖြစ် ပြောင်းကာချုပ်ကိုင်လာခြင်း၊ တင်းကျပ်တဲ့ မီဒီယာနဲ့ ဆင်ဆာဥပဒေတွေ ပြဋ္ဌာန်းပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောပိုင်ခွင့်၊ ရေးပိုင်ခွင့်၊ ကြားပိုင်ခွင့်၊ ဆန္ဒဖော်ထုတ်ပိုင်ခွင့်များကို ရုပ်သိမ်းပစ်ခဲ့ခြင်းစသည့် နည်းလမ်းစုံနှင့် တရားဥပဒေစိုးမိုးမှုကို ချေဖျက်ပစ်ခဲ့၍ ပြည်သူလူထုဘ၀မှာ အကြောက်တရားကသာ လွှမ်းမိုးခဲ့ကြောင်း၊ ပြည်သူများ ၏ဘ၀မှာ အကြောက်တရားကလွတ်မြောက်ပြီး လူ့အခွင့်အရေးမရလျှင် ဒီမိုကရေစီစနစ် ထွန်းကားခိုင် မြဲနိုင်မှာ မဟုတ်ကြောင်း၊ ဥပဒေစိုးမိုးမှု ရှိမှသာ ပြည်သူများမှာ ဥပဒေ၏ ကာကွယ်မှုကို အမှန်တကယ် ရရှိနိုင်ပြီး၊ လွတ်လပ်မှု၏ အရသာကို အမှန်တကယ် ခံစားနိုင်ကြမှာ ဖြစ်ကြောင်း၊ ပြည်သူများကို ဖိနှိပ်ထားသည့်ခေတ်နှင့် မလျော်ညီတော့သည့် ဥပဒေအချို့ကို မဆိုင်းမတွ ဖျက်သိမ်းပစ်ကြရ မည်ဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးသည့် ဥပဒေများကို ပြဋ္ဌာန်းရေးဆွဲကြရမည် ဖြစ်ကြောင်း၊ တရားစီရင်ရေးစနစ်ကို လွတ်လပ်စွာထားပြီး သမာသမတ်ဖြစ်အောင် ပြုပြင်ရမည်ဖြစ်ကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ ပေးရ မည်ဖြစ်ကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်သည် ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နှင့် လွတ်လပ်စွာ တည်နေစေရမည်ဖြစ်ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်သည် ဥပဒေနှင့် ငြိစွန်းသည့် အုပ်ချုပ်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မှန်သမျှ တရားစီရင်ပိုင်ခွင့် ရှိစေရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးပွဲများ ကျင်းပရေး၊ ပင်လုံ၏ အခြေခံမူဖြစ်သည့် တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြဋ္ဌာန်းခွင့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်စသည်တို့ကို အခြေခံ၍ ကြိုးပမ်း သင့်ကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် ခွဲထွက်ရေးကို လုံးဝမလိုလားဘဲ စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စုကြီးကိုသာ လိုလားသည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်အားလုံး ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် တပ်မတော်သည် မပါမဖြစ် လိုအပ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိမြန်မာနိုင်ငံအတွင်း လွတ်လပ်မှု၊ တည်ငြိမ်မှုနှင့် လူမှုရေးတရားမျတမှုတို့ ဟန်ချက်ညီပြီး ဥပဒေစိုးမိုးမှုကို အခြေခံသည့် စီးပွားရေးစနစ်သို့ ပြောင်းလဲရန်လိုအပ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန် ပေါ်ထွန်းလာရေးအတွက် နိုင်ငံတကာ ပညာရေးအဆင့်အတန်းကို လိုက်မီစေဖို့ အရေးကြီးကြောင်း၊ ချို့တဲ့သူ နိုင်ငံသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန်အတွက် ကျန်းမာရေး အာမခံစီမံကိန်းများ ထူထောင်ရန် လိုအပ်ကြောင်း၊ တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှုများ၊ ရပိုင်ခွင့်များ ပြဿနာများကို ဆောင်ရွက်နိုင်သည့် တောင်သူလယ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပေးရေး၊ အလုပ်သမား အခွင့်အရေးများ လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ၏ ပြဋ္ဌာန်းချက်နှင့် ညီညွတ်စေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူငယ်များ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ လွတ်လပ်သည့် ကျောင်းသားသမဂ္ဂများကိုလည်း ဥပဒေနှင့်အညီ ခွင့်ပြုသွားရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ တိုးချဲ့ရေးကို အလေးပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မိမိပါတီအား မဲပေးကြရန် ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်မြင်သံကြား ဟောပြောမှုအား စိတ်ဝင်တစား စောင့်ကြည့်မှုများ ရှိခဲ့ကြောင်း သိရပါသည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1