Wednesday, April 4, 2012

 ကမ္ဘောဒီးယားတွင်ကျင်းပသည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာသမ္မတဦးသိန်းစိန် တက်ရောက် မြန်မာအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် အာဆီယံ ခေါင်းဆောင်များ တောင်းဆို

Ever November | 4/04/2012 09:13:00 PM | Best Blogger Tips
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(ယာစွန်)အား အာဆီယံအဖွဲ့  ၀င်နိုင်ငံများမှ
 နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့်အတူ တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပအပြီး နှစ်ရက်အကြာ ဧပြီလ ၃ ရက်တွင် ကမ္ဘော ဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်၌ ကျင်းပပြုလုပ်ခဲ့သည့် အကြိမ် ၂၀ မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာသမ္မတဦးသိန်းစိန်တက် ရောက်ခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲကို အစီအစဉ်တကျ ကျင်းပပြုလုပ်နိုင်ခဲ့မှုအပေါ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဧပြီလ ၂ ရက်တွင် ချီးကျူးခဲ့သည်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးရန်  အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက ဧပြီလ ၃ ရက်တွင် တောင်းဆိုခဲ့သည်။
မြန်မာတွင် ဧပြီလ ၁ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ခဲ့အပြီး အာဆီယံခေါင်းဆောင်များက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ကာအိုကင်ဟွန်းက ပြောကြားခဲ့သည်။ 
ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်တွင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နေပြီး မြန်မာ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ၊ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မည့်ကိစ္စ၊ တရုတ်နှင့် အာရှနိုင်ငံအချို့အကြား ရေပိုင်နက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကိစ္စတို့က လွှမ်းမိုးခဲ့သည်။ 
ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ဖြစ်စဉ်များအပေါ် အပြုသဘောဖြင့် အထောက်အကူပြုလိမ့်မည်ဖြစ်ပြီး အထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေ မည်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ခေါင်းဆောင်များ၏ ပြောကြားချက်များကို ကိုးကား၍ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း ကြားဖြတ်ရွေးကောက်ပွဲများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သတင်းထောက်များသို့ ပထမဆုံးအကြိမ် ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမတ်နေရာ ၄၄ နေရာအနက် ၄၃ နေရာတွင် အနိုင်ရခဲ့သည့်ရလဒ်ကို မိမိလက်ခံကြောင်း ဦးသိန်းစိန်က ဆွေးနွေးပွဲတက်လာသော ခေါင်းဆောင်များ အား ပြောကြားခဲ့သည်ဟု သံတမန်များက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသော ကမ္ဘောဒီးယားမှ ရွေးကောက်ပွဲ စောင့်ကြည့်သူများက ကြားဖြတ်ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတကြောင်း ကြေညာခဲ့သည်။ အနောက်နိုင်ငံ များက ပိတ်ဆို့အရေးယူမှု ချမှတ်ထားမှုများအား ယခုရွေးကောက်ပွဲအပြီး ပြန်လည်ရုပ်သိမ်းသင့်သည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။ 
မြန်မာအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ချက်ချင်းရုပ်သိမ်းရေးအတွက် အာဆီယံခေါင်းဆောင်များက တရားဝင်တောင်းဆိုသည့် ကြေညာချက်ကို ဧပြီလ ၄ ရက်တွင် ထုတ်ပြန်ဖွယ်ရှိသည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောကြားခဲ့သည်။
ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းသင့်သလောဟု မေးမြန်းမှုကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက ''လုံးဝ ရုပ်သိမ်းသင့်တာပေါ့။ အခုအချိန်မှာ မရုပ်ရင် ဘယ်အချိန် ရုပ်မှာလဲ'' ဟုဖြေကြားခဲ့သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သော အာဆီယံထိပ်သီးဆွေး နွေးပွဲတွင် မြန်မာကို ၂၀၁၄ ခုနှစ် အလှည့်ကျဥက္ကဋ္ဌအဖြစ် ပေးအပ်ရန် အာဆီယံခေါင်းဆောင်များက သဘောတူခဲ့သည်။

အမေရိကန်က ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို လျော့ချရုပ်သိမ်းရန်မှာ အမေရိကန်လွှတ်တော်တစ်ခုလုံး၏ အတည်ပြု ထောက်ခံမှု လိုအပ်သည်။ ဥရောပသမဂ္ဂက မြန်မာအပေါ်ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုအချို့ကို ယခုနှစ်ဆန်းပိုင်းတွင် ရုပ်သိမ်းပေးခဲ့ပြီး ယင်းအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီးများက ထပ်မံရုပ်သိမ်းဖွယ်ရှိသည့် အခြေအနေများကို ဧပြီလ ၂၃ ရက်တွင် လူဇင်ဘတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
Ref:AFP

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1