Friday, May 11, 2012

 မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာနေရာများရှိ ဒုက္ခသည်များကို နိုင်ငံတကာအဖွဲ့အစည်းများက သွားရောက်အကူအညီပေးနိုင်ရန် အမေရိကန်မှတောင်းဆိုထား

Ever November | 5/11/2012 09:22:00 AM | Best Blogger Tips

မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးဒုက္ခသည် အမျိုးသမီးများနှင့် နေရာရွှေ့ပြောင်းနေထိုင်ရသူများထံသို့ လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများမှ လိုအပ်သည့်အကူအညီများ သွားရောက်ပေးနိုင်ရန် တောင်းဆိုထားသည်ဟု ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့မှ အမေရိကန်သံအမတ်ကြီး Melanne Verveer က အမေရိကန်သံရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားလိုက်သည်။ 

''မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေက အမျိုးသမီးတွေနဲ့ ရွှေ့ပြောင်းနေထိုင် နေရသူတွေကို ကုလသမဂ္ဂနဲ့ အခြားလူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ သွားရောက်ကူညီနိုင်အောင် ကျွန်မတို့တောင်းဆိုထားပြီး ဖြစ်ပါတယ်။ ဒါမှသူတို့တွေ လိုအပ်နေတဲ့ အကူအညီတွေကို ပေးနိုင်မှာပါ'' ဟု ၄င်းကသတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။ 

၎င်းကမြန်မာနိုင်ငံသို့ မေလ ၆ ရက်နေ့မှ ၁၁ ရက်နေ့ အထိလာရောက်ခဲ့ပြီး ၄င်း၏ ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက်ပြီး အစိုးရအဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သလို  အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

ကချင်ပြည်နယ်သာမကပဲ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာတိုင်းရှိ ဒုက္ခသည်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများကို ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများပါ သွားရောက်ကူညီပေးနိုင်ရန် ဆွေးနွေးထားသည်ဟုလည်း အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံအကြား မိခင်နှင့်ကလေးစောင့်ရှောက်ရေး ရန်ပုံငွေကိစ္စများ ပူးပေါင်းဆောင်ရွက်ရန်၊ အမျိုးသမီးကျန်းမာရေးမြှင့်တင်ရန်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းတို့၏ လုပ်ငန်းကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

သူမသည် မြန်မာနိုင်ငံမှ ထွက်ခွာအပြီးတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသားမျိုးနွယ်စုများမှ အမျိုးသမီးကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1