Wednesday, June 13, 2012

 ပြည်တွင်း စက်သုံးဆီဈေး ကမ္ဘာ့ဈေးထက် များစွာမြင့်တက်နေမှုကို ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီသို့ တင်ပြဆွေးနွေးပွဲသို့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ မတက်ရောက်ခဲ့ဟု သိရ

Ever November | 6/13/2012 07:29:00 PM | Best Blogger Tips
ပြည်တွင်း စက်သုံးဆီဈေး နိုင်ငံတကာဈေးဖြင့် များစွာ ကွာဟနေသည့်အပေါ် လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အသင်းအဖွဲ့များက ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီသို့ ဇွန်လ ၁၁ ရက်နေ့က တင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

သို့သော် စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှု၏ အဓိကအကြောင်းရင်း၊ မည်သို့ ဖြေရှင်းပေးမည်ဆိုသည့် အကြောင်းရင်းများကို သိရှိရန်အတွက် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီသို့ တင်ပြခြင်းဖြစ်သော်လည်း ဆွေးနွေးပွဲသို့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

''ဇွန်လ ၁၁ ရက်နေ့က နေပြည်တော်မှာ ပြည်ထောင်စု ကုန်ဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီ အစည်းအဝေးလုပ်တယ်။ စက်သုံးဆီဈေးက နိုင်ငံတကာထက် အများကြီး ပိုများနေတယ်။ ဒီအပေါ်မှာ အဝေးပြေး ကုန်စည် ပို့ဆောင်ရေး အသင်းက နိုင်ငံတကာဈေးနဲ့ ကိုက် တဲ့ဆီဈေးနဲ့ သုံးရမယ်ဆိုရင် အဝေးပြေး ကုန်စည်ပို့ဆောင်ခကို လျော့ချလို့ ရတယ်။ ဒီလိုမှမဟုတ်ရင် လျော့လို့ မရဘူး။ ပြည်တွင်း စက်သုံးဆီဈေးတွေက လိုအပ်တာထက် ပိုပြီး များနေတယ်။ ဒါကို လျော့ချပေးဖို့ ပြောတယ်။ စက်သုံးဆီဈေးကိစ္စကတော့ ဈေးမြင့်တဲ့အကြောင်းကို ၀န်ကြီးဌာနက တာဝန်ရှိတဲ့သူတစ်ဦးတောင်မှ ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီကို တင်ပြခဲ့သေးတယ်။ ကျွန်တော်ကလည်း ငါးမွေးကန်သမားတွေ သယ်ယူစရိတ်မှာ ထိတယ်၊ ဈေးနှုန်းမှန်ကန်ဖို့ တင်ပြတယ်။ ဒါပေမယ့် ဘာကြောင့်ဈေးမြင့်နေရသလဲ၊ လျော့ချပေးဖို့ ဘယ်လိုလုပ်မလဲ၊ ဘာမှ မသိခဲ့ရဘူး။ စက်သုံးဆီအသင်းက တာဝန်ရှိသူတွေ အစည်းအဝေးကို မတက်ခဲ့ဘူး။ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တက်တယ်။ အသင်းဘက်က တာဝန်ရှိသူတွေမလာတော့ အသင်းဘက်က ပြန်ပြောမယ့် အချက်တွေကို မသိခဲ့ရဘူး''ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ နိုင်ငံတကာဈေးထက် မြင့်တက်နေမှု၏ အဓိကအကြောင်းရင်းတွင် စစ်ဆေးမှု မရှိ၊ အရေးယူမှု မရှိ၊ ဈေးနှုန်း ထိန်းချုပ်ပေးမှုမရှိခြင်းမှာ အဓိက အချက်ဖြစ်ကြောင်းကိုလည်း ထောက်ပြခဲ့ကြသည်။
ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှ စက်သုံးဆီ လက်ကားယူကာ နယ်မြို့များသို့ ဖြန့်ဖြူးနေသူလုပ်ငန်းရှင် တစ်ဦးက ''စစ်လည်း မစစ်ဘူး။ အရေးလည်း မယူဘူး။ ဘယ်ဈေးနဲ့ တင်သွင်းရင် ဘယ်ဈေးလောက်ပဲ ရောင်းသင့် တယ်လို့လည်း ထိန်းချုပ်မပေးဘူး။ လုပ်ချင်သလို လုပ်ခွင့်ပေး ထားတဲ့ သဘောဖြစ်နေလို့ လုပ်နေကြတာ။ တကယ်ဆို စွမ်းအင်ဝန်ကြီးဌာနက ဈေးနှုန်းနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေက ဒီဈေးနဲ့သွင်းတယ် ဒီဈေးပဲ ရောင်းသင့်တယ်။ မရောင်းရင် အရေးယူ၊ ဆိုင်ပြန်သိမ်းပေါ့။ စလုပ်တုန်းက နိုင်ငံတကာဈေးနဲ့ကိုက်ပြီး ရောင်းပေး မယ် ပြောထားတာပဲ။ စွမ်းအင်ဝန်ကြီးဌာနက ဈေးနှုန်းနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေအနေနဲ့ ဘာမှ မလုပ်ပေးထားတဲ့ သဘောဖြစ်နေပြီ။ တကယ်လို့ ထပ်ပြီးတော့ ဒီလိုရောင်းနေတုန်းဆိုရင်တော့ ဒီကိစ္စကို ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီကိုယ်တိုင် စုံစမ်းစစ်ဆေး အရေးယူသင့်တယ်။ ပြီးတော့ စီးပွားကူးသန်းအနေနဲ့လည်း လိုင်စင်ပေးရတယ်ဆိုပေမယ့် အများပြည်သူအတွက် ဒီဈေးနဲ့ တင်သွင်းတာသိတယ်၊ အပြင် ရောင်းဈေးသိတယ်ဆိုရင် အရမ်းကွာနေအောင် ရောင်းတဲ့သူကို နောက်ထပ်သွင်းကုန်လိုင်စင် ထုတ် မပေးတာမျိုး လုပ်သင့်တယ်။ အခုက တစ်ဂါလန်ကို ကျပ် ၆၀၀ နဲ့အထက်စားတဲ့ဆိုင်နဲ့ ကျပ် ၃၀၀ အထက်စားတဲ့ဆိုင်နဲ့ မျိုးစုံပဲ။ တစ်လကို တစ်နိုင်ငံလုံးအနှံ့လိုက် ဖွင့်ထားတဲ့ဆိုင်တစ်ဆိုင်ဟာ ကျပ်သိန်း ထောင်ချီမြတ်နေတာ''ဟု ပြောပြခဲ့သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1