Wednesday, June 13, 2012

ထားဝယ်ခရိုင်တွင် မဂ္ဂါဝပ် ၅၀ ထုတ်လုပ်နိုင်သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ထိုင်းကုမ္ပဏီတစ်ခုမှ တည်ဆောက်မည်ပြီးစီးပါက ထားဝယ်မြို့အပါအ၀င် ထားဝယ်ခရိုင် လေးမြို့နယ်၌ လျှပ်စစ်မီး အပြည့်အ၀ ရရှိမည်ဟု ဆို

Ever November | 6/13/2012 01:14:00 PM | Best Blogger Tips
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုက ထိုင်းနိုင်ငံအခြေစိုက် စွမ်းအင်ကုမ္ပဏီဖြစ်သော PTTEP ထံမှ သဘာဝဓာတ်ငွေ့ ၀ယ်ယူကာ မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံကို တည်ဆောက်ရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။

အဆိုပါ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တနင်္သာရီတိုင်းဒေကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရှိပါသည်။

အဓိကရည်ရွယ်ချက်မှာ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်နှင့် ကျေးရွာများအား ဈေးသက်သာစွာဖြင့် လျပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို Gas Station တည်ရှိရာ ကန်ပေါက်တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ၀ယ်ယူကာ ပြန်လည် ဖြန့်ဖြူးခွင့်ကို ထိုင်းနိုင်ငံစွမ်းအင်ဝန် ကြီးဌာနနှင့် PTTEP ကုမ္ပဏီမှ သဘောတူထားပြီးဖြစ်ကာ တည်ဆောက်မည့် ထိုင်းကုမ္ပဏီအနေဖြင့်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ခွင့်ပြုချက် လျှောက် ထားလျက်ရှိကြောင်း၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံ အဆိုပြုလွှာ တင်ပြထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
လက်ရှိ ထားဝယ်ခရိုင်အတွင်း ရရှိသည့် လျှပ်စစ်မီးမှာ ပုဂ္ဂလိက ဒီဇယ်မီးစက်များဖြင့် မောင်းနှင်ပေးနေခြင်းဖြစ်ပြီး အများပြည်သူ ၀ယ်ယူသုံးစွဲရသည့် တစ်ယူနစ် ဈေးနှုန်းမှာ အနည်းဆုံးကျပ် ၄၄၀ မှ အများဆုံး ကျပ် ၅၈၀ အထိပင် ရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ပေးရေးလုပ်ငန်း တာဝန်ရှိသူများထံမှ သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ''တိုင်းဒေသကြီး အစိုးရအနေနဲ့ ဒေသခံတွေကို အလုပ်အကိုင် ပေးနိုင်ဖို့ဆိုရင် စက်ရုံ၊ အလုပ်ရုံတွေရှိမှ ဖြစ်မှာပါ။ စက်ရုံ၊ အလုပ်ရုံတွေ ရှိဖို့အတွက်ဆိုရင် လျှပ်စစ်က မရှိမဖြစ် လိုပါတယ်။ ဒါကြောင့် ဈေးနှုန်းသက်သာပြီး စက် မှုလုပ်ငန်းအတွက်လည်း အဆင်ပြေမယ့်နှုန်းနဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး အစီအစဉ်ကို ပထမဆုံးအနေနဲ့ လုပ်ဆောင်တာ ဖြစ်သလို အမြန်ဆုံးလုပ်နိုင်ဖို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ တွန်းအားပေးခဲ့တာပါ''ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်မှလည်း လျှပ်စစ်မီး ရရှိရေးအတွက် ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များကို လာရောက်မြှုပ်နှံရန် ဇွန်လ ပထမပတ်အတွင်းက ဖိတ်ခေါ်ထားရာ ယခုကုမ္ပဏီသည် ရာနှုန်းပြည့် ပြည်ပရင်းနှီးမြှုပ်နှံမှု အမျိုးအစားဖြင့် လျပ်စစ်ကဏ္ဍသို့ ၀င်ရောက်လာမည့် ပထမဆုံး ကုမ္ပဏီ ဖြစ်လာဖွယ်ရှိသည်။

ယင်းကဲ့သို့ ဖိတ်ခေါ်ခြင်းမရှိ မီလွန်ခဲ့သော တစ်နှစ်ကာလကပင် တိုင်းရင်းသားပိုင် ကြယ်နီလာကုမ္ပဏီက တိုင်းဒေသကြီး အစိုးရဖြင့် ပူးပေါင်း၍ အဆိုပါထိုင်းကုမ္ပဏီက သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားပေးရေး အစီအစဉ်အတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ နှစ်နှစ်အတွင်း လျှပ် စစ်ဓာတ်အား ဖြန့်ဖြူးရေး စတင်နိုင်ရန် ခန့်မှန်းထားသော်လည်း ယင်းကာလထက် အမြန်ဆုံးစော၍ ပေးနိုင်ရန် တည်ဆောက်မည်ဖြစ်ကာ တစ်ယူနစ် ဓာတ်အားခနှုန်းများကိုလည်း ကာလအပိုင်းအခြားအလိုက် ဈေးနှုန်း လျော့ချသွားရန်ရှိသည်။

ယင်းအစီအစဉ်ပြီးပါက ထားဝယ်အပါအ၀င် မြို့နယ်လေးမြို့နယ်နှင့် ကျေးရွာများအပြင် စက်ရုံအလုပ်ရုံများကို လျပ်စစ်ဓာတ်အား ၂၄ နာရီ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ ထားဝယ်ခရိုင်အတွင်း ထားဝယ်မြို့အပါအ၀င် မြို့နယ်လေးမြို့နယ်နှင့် ကျေးရွာများတွင် လျှပ်စစ် ဓာတ်အား ၁၀ မဂ္ဂါဝပ်နီးပါး လိုအပ်လျက်ရှိကြောင်း၊ လက်ရှိတည်ဆောက်မည့် စက်ရုံမှာ ၅၀ မဂ္ဂါဝပ်အထိရှိမည့်အတွက် စက်ရုံ အလုပ်ရုံများကိုပါ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း လက်ရှိ တစ်ယူနစ် ဓာတ်အားခ ဈေးနှုန်းများ(ကျပ်)
မြို့အမည် ဈေးနှုန်း
ထားဝယ် ၄၄၀
သရက်ချောင်း ၅၈၀
လောင်းလုံ ၅၅၀
မောင်းမကန် ၄၈၀
ညောင်ဇင်ကျေးရွာ ၄၄၀
ကလိန်အောင်မြို့နယ်ခွဲ ၆၀၀
မေတ္တာမြို့နယ်ခွဲ ၅၀၀

ထားဝယ်ခရိုင်အတွင်း ဓာတ်အားလိုအပ်မှုနှင့် ရရှိနေသည့် အခြေအနေ(မဂ္ဂါဝပ်)
မြို့အမည် လိုအပ်ဓာတ်အား ရရှိဓာတ်အား လက်ရှိဓာတ်အားသုံးစွဲရမှု
ထားဝယ် ၈ .၈၀၀ ၃ .၈၀၀ ၂၄ နာရီဓာတ်အားရ
သရက်ချောင်း ၁ .၃၆၀ ၀ .၁၈၀ ၁၁း၃၀ နာရီဓာတ်အားရ
လောင်းလုံ ၁ .၀၀၀ ၀ .၃၀၀ ၅ နာရီဓာတ်အားရ
မောင်းမကန် ၀ .၆၇၀ ၀ .၂၀၀ ၁၆ နာရီဓာတ်အားရ
ရေဖြူ ၁ .၀၀၀ ၀ .၁၇၀ ၅ နာရီဓာတ်အားရ
ကလိန်အောင်မြို့နယ်ခွဲ ၀ .၄၁၀ ၀ .၀၇၀ ၄ နာရီဓာတ်အားရ
မေတ္တာမြို့နယ်ခွဲ ၀ .၃၅၀ ၀ .၀၂၆ ၄း၁၅ နာရီဓာတ်အားရ
မှတ်ချက်။ ။ဓာတ်အားသုံးစွဲမှုမှာ တစ်ရက်ရရှိသည့် ပေးနိုင်သည့် နာရီဖြစ်သည်။

  EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1