Wednesday, June 13, 2012

 မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြေညာချက်တစ်စောင် ထုတ်ပြန် ရခိုင်တိုင်းရင်းသား လူမျိုးဟူသော စကားရပ် ပါဝင်ခြင်း မရှိ

Ever November | 6/13/2012 08:09:00 PM | Best Blogger Tips
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကြေညာချက်တစ်စောင်ကို ဇွန်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ရခိုင်တိုင်းရင်းသား လူမျိုးဟူသော စကားရပ် ပါဝင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ ''မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲ အကြမ်းဖက်မှုများနှင့် ပတ်သက်သော သတင်းများအပေါ် အမေရိကန်ပြည်ထောင်စု သည် များစွာ ပူပန်လျက်ရှိပြီး သက်ဆိုင်သူအားလုံးက ထိန်းသိမ်းချိန်ဆ လုပ်ဆောင်ကြရန်နှင့် တိုက်ခိုက်မှုအား လုံးရပ်ဆိုင်းရန် တိုက်တွန်းအပ်ပါသည်။ မြန်မာအစိုးရသည် ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး ကာဖျူး (ညမထွက်ရ) အမိန့် ထုတ်ထားသော်လည်း အကြမ်းဖက်မှု သတင်းများမှာ ဆက်လက် ဖြစ်ပေါ်လျက် ရှိပါသည်။

ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများ ရပ်ဆိုင်းစေပြီး ငြိမ်းချမ်းသော အဖြေတစ်ရပ် ရရှိရေးအတွက် ဆွေးနွေးပွဲတစ်ရပ် စတင်ရန် မွတ်စလင်၊ ဗုဒ္ဓဘာသာဆိုင်ရာ ဒေသဆိုင်ရာ ခေါင်းဆောင်များ၊ ရိုဟင်ဂျာများ အပါဝင် လူမျိုးရေးကိုယ်စားလှယ်များနှင့် အာဏာပိုင်များက လက်တွဲ လုပ်ဆောင်ရန်၊ မတော်တဆမှုများကို မျှတစွာဖြင့် ဥပဒေနှင့်အညီ လျှင်လျှင်မြန်မြန်နှင့် ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးရန် ကျွန်ုပ်တို့က နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့်အတူ ပူးပေါင်းတိုက်တွန်းအပ်ပါသည်။
အမေရိကန် ပြည်ထောင်စုသည် သမ္မတ(ဦး)သိန်းစိန်၊ (ဒေါ်) အောင်ဆန်းစုကြည်နှင့် အခြားအစိုးရ အဖွဲ့တွင်းနှင့် ပြင်ပမှခေါင်းဆောင်များ၏ မကြာသေးမီက မြန်မာ့အရေး ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများနှင့် အရေးပါသော ခြေလှမ်းများကို ကြိုဆိုလျက်ရှိပါသည်။ ရခိုင်ပြည် နယ်တွင် ဖြစ်ပေါ်သော အခြေအနေမှာ အားလုံးသောလူမျိုးစုနှင့် ဘာသာရေးအုပ်စုများအကြား အပြန်အလှန်လေးစားမှု လိုအပ်ကြောင်းဖော်ပြနေပြီး မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အောင်မြင်ရန် ထက်ထက်သန်သန် အားထုတ်မှုများအတွက်လည်း လိုအပ်နေပါ သည်။ မြန်မာပြည်သူများအနေဖြင့် ကွဲပြားသော ပြည်သူအားလုံး၏ အခွင့်အရေးများကို လေးစားသော ငြိမ်းချမ်းသာယာဝပြော ဒီမိုကရေစီနည်းကျသော နိုင်ငံတစ်ရပ်ဖြစ်လာရေး အတူတကွ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။''ဟူ၍ ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ''မြန်မာနိုင်ငံရဲ့ အနောက်ဘက်အခြမ်းဟာ ရခိုင်ပြည်နယ် ဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့သူတွေဟာ ရခိုင်လူမျိုး တိုင်းရင်းသားတွေ ဖြစ်တယ်။ တခြားတိုင်းရင်းသား တွေလည်း ရှိတယ်။ ရိုဟင်ဂျာဆိုတာ မရှိဘူး။ ရခိုင်၊ မြို၊ ခမီ၊ ကမန်၊ သက်၊ ဒိုင်းနက်၊ မရမာကြီး ဆိုပြီး  ရခိုင်လူမျိုး ခုနစ်မျိုးရှိတယ်။ ရိုဟင်ဂျာဆိုတာ တစ်ဖက်နိုင်ငံက တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂလားလူမျိုးတွေ ဖြစ်တယ်။ အဲဒါကို အမေရိကန် သံရုံးကရော၊ အမေရိကန် အစိုးရကရော သိဖို့ လိုတယ်။ ပြီးတော့ စဉ်းစားပါလို့ ပြောလိုတယ်။ ဒါကို ပြောချင်တယ်။ ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားလို့ ပြောပြီးတော့ နိုင်ငံရေးအရ ဖန်တီးနေတာသည် ဘာသာရေး လူမျိုးရေး အဓိကရုဏ်းဖြစ်ဖို့ ဖန်တီးနေတာဖြစ်တယ်။ ဘင်္ဂါလီတွေ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဖြစ်ဖို့ ဖန်တီးနေတာ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာပေမယ့် ရခိုင်တွေက သည်းခံနေတယ်။ လက်ခံကြတယ်။ အတူတူ ငြိမ်းချမ်းစွာ နေကြတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်။ လူသားချင်းစာနာတဲ့အနေနဲ့ ဘာမှမလုပ်ဘူး။ သို့သော် ရိုဟင်ဂျာတွေကို တိုင်းရင်း သားဆိုပြီး လှုံ့ဆော်မှုမျိုးတော့ မလုပ်ပါနဲ့။ အခု မီးလောင်သွားတဲ့အိမ်တွေမှာ ရခိုင်အိမ်တွေက အများဆုံးပဲ။ ဒါတွေကို ဘင်္ဂါလီတွေ ခံရတယ်ဆိုတော့ ပြောင်းပြန်ဖြစ်နေတယ်။ ဘူးသီးတောင် မောင်းတောမှာ ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်တို့ ခန့်မှန်းလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ကုလား-ရခိုင်အဓိက ရုဏ်းဖြစ်ခဲ့တယ်။ ကုလား-ဗမာအဓိကရုဏ်း ဖြစ်ခဲ့တယ်။ အဲဒီတုန်းကလည်း ရခိုင်အိမ်တွေကို မီးရှို့တယ်။ ရခိုင်တွေ သေတယ်။ ဘင်္ဂါလီတွေ ပြောင်းလာခဲ့တယ်။ အဲဒါကြောင့် အဲဒီရွာတွေဟာ ဘင်္ဂါလီရွာတွေ ဖြစ်ကုန်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ကြိုတင်ပြီး ဘာမှမလုပ်နိုင်ဘူး''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ''အခုရခိုင်မှာ ဖြစ်နေတဲ့ကိစ္စက ဗြိတိသျှတွေရဲ့ အမွေဆိုးလို့ပဲ မှတ်ယူပါတယ်။ ပြည်ပကလာတဲ့ လူမျိုးစုတစ်စုကလည်း လူတွေဖြစ်လို့ လူသားအခွင့်အရေးတော့ ရသင့်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုတော့ လေးစားလိုက်နာမှု ရှိရပါမယ်။ တိုင်းရင်းသားအသွင်ဆောင်လာပြီး အတင်းအကြပ် လက်နက်ကိုင် အကြမ်းဖက်မှု ဖန်တီးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ဖို့ ကြိုးစားနေတာ ကြာပါပြီ။ အခုကြေညာချက်ကလည်း သမိုင်းကို လိမ်တာ။ တခြား လူမျိုးတစ်စုကို တိုင်းရင်းသား မျိုးနွယ်တစ်ခုအဖြစ် သတ်မှတ်ပြီး နိုင်ငံရေးဇာတ်ခုံပေါ်ကို တက်လာချင်တဲ့ ပုံစံ ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ သံရုံးကပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂကပဲဖြစ်ဖြစ် ထုတ်ပြန်ချက်၊ လေ့လာချက်တစ်ခုကို ထုတ်ပြန်တော့ မယ်ဆိုရင် ဒေသခံတွေရဲ့ သဘောထားနဲ့ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေကို သိဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲ မူရင်းဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေကို ထိပါးစော်ကားမှုမျိုး ရှိလာပြီဆိုရင်တော့ ကန့်ကွက်မှုကို ခံရပါလိမ့်မယ်။ ဒီအချိန်မှာ ရိုဟင်ဂျာ ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်လိုက် မယ်ဆိုရင် နောက်နှစ်ပေါင်း ၂၀ လောက်မှာ ရခိုင်ကို သူများကို ပေးလိုက်ရပါလိမ့်မယ်။ ဒါကြောင့် ဒီကိစ္စဟာ တိုင်းရင်းသားလူမျိုး တစ်မျိုးတည်းရဲ့တာဝန် မဟုတ်တော့ပါဘူး။ တိုင်းရင်းသားအားလုံးမှာ တာဝန်ရှိလာပါပြီ''ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမားလက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့်လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန် - မြန်မာ သံတမန်ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ် ကတည်းက စတင်ခဲ့သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1