မိခင်မွေးရပ်မြေနဲ့ဝေးနေကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ အငြင်းပွားစရာဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို  စုပေါင်းဆွေးနွေးအဖြေရှာကြရင်းညီညွတ်ကြဖို့နဲ့ ဒီမိုကရေစီကြိုးပမ်းမှုတွေမှာလည်းဝိုင်းဝန်းပံ့ပိုးကြဖို့အပြင်
အိမ်ရှင်နိုင်ငံအတွက်စိတ်ညစ်ရမယ့် ဖြစ်ရပ်မျိုးတွေကိုလည်း ရှောင်ကြင်ကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်က  တိုက်တွန်းလိုက်ပါတယ်၊မနေ့ဇွန်လ ၁၆ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့ ကိုရောက်စဉ်အတွင်း မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ဒေါ်အောင်ဆန်းစုကြည်က သတိပေးတိုက်တွန်းသွားတာလည်း ဖြစ်ပါတယ်၊ဒီသတင်းအပြည့်အစုံကိုတော့မသင်းသီရိက ပြောပြပေးမှာပါ၊
မနေ့ ဇွန်လ ၁၆ ရက်နေ့က နော်ဝေ နိုင်ငံအော်စလိုမြိုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် နိုဘယ်လ် မိန့်ခွန်းပြောအပြီး နော်ဝေ စံတော်ချိန် နေ့လည် ၃ နာရီကျော်မှာတော့  အော်စလိုမြို့က Nobel Peace Center မှာ နော်ဝေနိုင်ငံတ၀ှမ်းနဲ့ တခြားဥရောပနိုင်ငံတွေကနေ ရောက်လာကြတဲ့မြန်မာနိုင်ငံသားတွေနဲ့ တွေဆုံခဲ့ကြပါတယ်၊
ကြိုဆိုစောင့်ဆိုင်းနေတဲ့ မြန်မာလူထုတွေကို ဒေါ်အောင်ဆန်းစုကြည်က အချင်းချင်းကြားမှာ အမြင်မတူလို့ အငြင်းပွားစရာတွေရှိခဲ့ရင် အဲဒါတွေကို  ညီညွတ်စည်းလုံးစွာ အတူတကွ ဖြေရှင်းကြဖို့ အခုလို တိုက်တွန်းခဲ့ပါတယ်၊
“ပထမဦးဆုံးက ညီညွတ်ကြပါ၊ ကျမဘယ်နေရာကိုရောက်ရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ပြောတဲ့စကားပါ၊လူဆိုတာ တယောက်နဲ့တယောက် အမြင်ချင်းမတူတဲ့အခါကြတော့ တခါတလေတော့ အငြင်းပွားစရာကိစ္စတွေ ပေါ်တာပေါ့၊ အဲဒီ အငြင်းပွားနိုင်တဲ့ ကိစ္စတွေကို အေးအေးဆေးဆေးနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းကြပါ၊ ဒီလိုအချင်းချင်းကြားမှာရှိတဲ့ ပြဿနာတွေကို အေးအေးဆေးဆေးနဲ့ ဖြေရှင်းနိုင်မှ ကျမတို့ နိုင်ငံကို ဒုက္ခပေးနေတဲ့ ပြဿနာကြီးတွေကို ကျမတို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တယောက်ချင်း တယောက်ချင်းက ကြိုးစားကြပါလို့ ကျမမေတ္တာရပ်ခံချင်ပါတယ်။”
မြန်မာနိုင်ငံရဲ့ အဝေးရောက်နေကြတယ် ဆိုပေမယ့်လည်း ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာလည်း ၀ိုင်းဝန်းကူညီကြဖို့ကိုလည်း တောင်းဆိုသွားပါတယ်၊
“ကျမတို့ရဲ့ အလုပ်ကို ၀ိုင်းဝန်းကူညီကြပါ။ ကျမတို့ကို အကြံပေးစရာ ရှိရင်လည်းပေးပါ။ အကြံပြုပါ၊ ဝေဖန်စရာ ရှိရင်လည်း ဝေဖန်ပါ၊ စေတနာနဲ့ ဝေဖန်တယ်ဆိုတာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ ဒီဝေဖန်တာ မမှန်ရင် ထည့်စဉ်းစားစရာမလိုဘူး၊ မေ့ပြစ်လိုက်၊ မှန်လို့ရှိရင် ကိုယ့်ကိုကိုယ် ပြုပြင်နိုင်တဲ့ အခွင့်အရေးရတယ်။ အဲဒီအခွင့်အရေးအတွက်ကို ကျမတို့ကျေးဇူးတင်ရမယ်၊ အခု ကျမတို့နော်ဝေမှာတွေ့တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ အခု မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေလိုပဲ ကျမတို့ အားလုံးနေချင်တဲ့ အမေ့အိမ်ကို ဝိုင်းပြီးတော့ ဆောက်ပေးကြပါလို့  မေတ္တာရပ်ခံချင်ပါတယ်
အခြေအနေ အကြောင်းကြောင်း မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ဝေးနေကြရပေမယ့် အခု ကိုယ်ရောက်နေတဲ့ နိုင်ငံတွေမှာ အိမ်ရှင်နိုင်ငံတွေ စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ကြဖို့ ၊ အထူးသဖြင့်တော့  နိုင်ငံကြီးသား ပီသအောာင် နေကြဖို့ကိုလည်း  သတိပေးသွားပါတယ်၊
“ကျမတို့က ဧည့်သည်တွေဖြစ်တယ်၊ ဧည့်သည်တွေ ဖြစ်တဲ့အခါကြတော့ အိမ်ရှင်ကို လေးစားရမယ်။ ကိုယ်က နားလည်မှုရှိရမယ်။ အိမ်ရှင်တွေကလည်း ကိုယ်က နေတတ်တဲ့အခါကြတော့ ကိုယ့်အပေါ်မှာ ပိုကောင်းလာမယ်၊ အမြင်ပိုမှန်လာမယ်။ အဲဒီလို ဆက်ဆံချင်းဟာ ကိုယ့်ရဲ့ လူသားသိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်။ ကိုယ့်နိုင်ငံရဲ့ သိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်။ ကိုယ့်ကြောင့်မို့ ကိုယ့်နိုင်ငံအရှက်ရမယ့်ကိစ္စ၊ နိုင်ငံသိက္ခာကျမယ့်ကိစ္စမလုပ်သလို ကိုယ့်ကြောင့်မို့ ကိုယ့်အိမ်ရှင်နိုင်ငံ စိတ်ညစ်ရမယ့် ကိစ္စ၊ စိတ်ဆင်းရဲမယ့် ကိစ္စတွေ မလုပ်ကြဖို့ လိုတယ်ဆိုတာကို ကျမသတိပေးချင်ပါတယ်။”
နော်ဝေ နိုင်ငံအော်စလိုမြို့မှာ မြန်မာလူထုနဲ့ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ နှုတ်ဆက်စကားတချိုကို ကောက်နှုတ်တင်ပြခဲ့တာပါရှင်၊ မြန်မာလူထု ၄၀၀ ကျော်လောက်နဲ့ နာရီဝက်နီးပါး စကားပြောအပြီးမှာတော့ အော်စလိုမြိုတော်ခမ်းမ ရင်ပြင်မှာ စောင့်ဆိုင်းနေကြတဲ့ နော်ဝေ နိုင်ငံသားတွေကို  နှုတ်ဆက်တဲ့ပွဲ ဆက်လုပ်ခဲ့ပါတယ်၊ မနေ့က နိုဘယ်လ် lecture အပါအ၀င် ရင်ပြင်မှာ လုပ်တဲ့ နှုတ်ဆက်တဲ့ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် မြန်မာပြည်အတွက် မှတ်ချက်ပေးတဲ့ စကားတွေထဲက  တချို့ကိုလည်း အော်စလိုနိုင်ငံမှာ နေထိုင်တဲ့ မြန်မာ့သတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့်ကလည်း အခုလိုပြောပြပါတယ်။
“မြန်မာနိုင်ငံသားတွေ သတ္တိရှိဖို့ သတိလည်းရှိဖို့ဆိုတဲ့ သဘောပါ။ နောက်တခုက  ပြင်ပမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြစ်မထားဖို့နဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်နေပြီဆိုတာတော့ မှန်တယ်၊ ဒါပေမယ့် အပြီးမတိုင်သေးဘူးဆိုတာကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို သတိပေးခဲ့တာ ကြားရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုရော မြန်မာနိုင်ငံအကြောင်းကိုပါ တော်တော်လေးလည်း သိကြတယ်ဆိုတာကတော့ ဒီကနေ့ နိုဘယ်လ်အခန်းအနားမှာရော အခန်းအနားပြင်ပမှာလုပ်တဲ့ လူထုအခန်းအနားတွေမှာပါ အင်မတန်မှ သိသာပါတယ်။”
နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နေထိုင်တဲ့  ဦးမောင်မောင်မြင့်ပါရှင်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ ဇွန်လ ၁၆ ရက် ညဖက်မှတော့ နိုဘယ်လ်ဆုကော်မတီရဲ့ ညစာစားပွဲအခန်းအနား တက်ခဲ့ပါတယ်၊ ဒီကနေ့ ဇွန်လ ၁၇ ရက် တနဂ်နွေနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ  နော်ဝေနိုင်ငံက ဘာဂင်မြို့ ဆီ ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ ဘာဂင်မြို့ က ချီးမြင့်တဲ့ ရပ်ဖတို လူ့အခွင့်ရေးဆုကို လက်ခံမှာ ဖြစ်ပါတယ်၊ အခုနော်ဝေနိုင်ငံပြီးရင်တော့ အိုင်ယာလန် နိုင်ငံမှာ နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Amnesty International က ချီးမြှင့်မယ့် လူ့အခွင့်ရေးဆုကို နာမည်ကျော် ရော့ခ်၊ တေးဂီတ အဆိုတော် Bono က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်မှာ ဖြစ်ပါတယ်။
အဲဒီကနေ ဗြိတိန်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး  ပါလီမန် နှစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။ အဲဒီကနေ  ပြင်သစ်နိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ဇွန်လ ၁၃ ရက်နေကနေ  ၂၄ ရက်ထိ ဥေ၇ာပ ၅ နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်လာတာဖြစ်ပြီး  ဒါဟာ ထိုင်းနိုင်ငံအပြီး ပြည်ပကိုထွက်တဲ့ ဒုတိယမြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်။
VOA