Wednesday, June 20, 2012

‘ကျရှုံးနိုင်ငံစာရင်း’ မြန်မာနိုင်ငံအဆင့် ၁၈ တွင်ရှိ

Ever November | 6/20/2012 08:42:00 AM | Best Blogger Tips

 နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဖိအားများကို လေ့လာပြီး မီးမောင်းထိုး ဖော်ပြထားသည့် ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ Fund for Peace မှ တနင်္လာနေ့က ထုတ်ပြန်လိုက်သော ကျရှုံးနိုင်ငံများစာရင်း “Failed State Index (FSI)” တွင် မြန်မာနိုင်ငံသည် အဆင့် ၁၈ တွင် ရှိနေကြောင်း တွေ့ရသည်။

အဆိုပါအဆင့်သည် ‘အန္တရာယ်’ အဆင့်တွင် ရှိနေသည်။ ၂ဝ၁ဝ ခုနှစ်က မြန်မာနိုင်ငံသည် အဆိုပါစာရင်းတွင် အဆင့် ၁၆ ရှိခဲ့ပြီး ယခုအဆင့်ထက် နှစ်ဆင့် နိမ့်သည်။

ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး ကရစ်စတာဟန်ဒရီ က FSI ကိန်းဂဏန်းကို အစိုးရများ၊ မီဒီယာများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများက ပဋိပက္ခ၏ နောက်ခံအခြေအနေများကို
လေ့လာရာ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အသုံးပြုကြသည်ဟု ပြောသည်။
“ကျနော်တို့ နိုင်ငံ ၁၇၈ နိုင်ငံကို လေ့လာခဲ့ပါတယ်။ နိုင်ငံတိုင်း ဖိအားဒဏ်တွေ ရှိနေပြီး ဒီဒဏ်တွေကို ကိုင်တွယ်ဖြေရှင်း ဖို့ လိုတယ်လို့ အသိအမှတ်ပြုလို့ ခုလို လေ့လာတာ ဖြစ်ပါတယ်။ ပရိယေသန ဝမ်းစာရှာဖွေရာမှာ နိုင်ငံတခုချင်းအကြား ကွာခြားချက်ဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်က ထွက်ပေါ်လာတဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ အားကောင်းတဲ့ နိုင်ငံတော် အဖွဲ့အစည်းတွေ ရှိနေပြီး တရားဥပဒေ စိုးမိုးမှုနဲ့ ဒီမိုကရေစီကိုသာ အခြေခံပြီး ဖြေရှင်းဆောင်ရွက်မယ်ဆိုရင် ဒီဖိအားဒဏ်တွေကို ပို အောင်အောင်မြင်မြင်
ဖြေရှင်း ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အယူအဆကို အခြေခံဆောင် ရွက်မှာဖြစ်ပါတယ်” ဟု ဟင်ဒရီ က ပြောသည်။

SFI ၂ဝ၁၁ စာရင်းတွင် ဆိုမာလီယာနိုင်ငံက ငါးနှစ်မြောက်ဆက်တိုက် ဗိုလ်စွဲသည်။ အနှံ့အပြား ဖြစ်ပွါးနေသော ဥပဒေမဲ့ဖြစ်ရပ်များ၊ ထိရောက်မှုကင်းမဲ့သော အစိုးရစနစ်၊ အကြမ်းဖက်ဝါဒ၊ ပြည်တွင်းသောင်းကျန်းမှု၊ ရာဇဝတ်မှုနှင့် နာမည်ကျော်လှသော နိုင်ငံခြား သင်္ဘောများအား ပင်လယ်ဒါးပြ တိုက်သည့်လုပ်ရပ်တို့ကြောင့် ဆိုမာလီယာနိုင်ငံမှာ ထိုသို့ ထိပ်ဆုံးအဆင့်တွင် ရောက်ရှိသွားခြင်းဖြစ်သည်။

ဖင်လန်နိုင်ငံကမူ အလွတ်လပ်ဆုံး တိုင်းပြည် စာရင်းတွင် ဗိုလ်စွဲသည်။ သူ့လို စကင်ဒီနေ ဗီးယန်းကျွန်းဆွယ်နိုင်ငံ အိမ်နီးချင်းများဖြစ်ကြသော ဆွီဒင်နှင့်ဒိန်းမတ်နိုင်ငံတို့က သူနှင့် ကပ်လျက် အလွတ်လပ်ဆုံး နိုင်ငံများစာရင်း ဝင်ကြသည်။

အဆိုပါ သုံးနိုင်ငံစလုံးသည် အားကောင်းလှသော လူမှုရေးနှင့် စီးပွါးရေး ညွှန်ကိန်းများကြောင့်လည်းကောင်း၊ အကောင်းဆုံး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် လူ့အခွင့်အရေး ဥပဒေ စိုးမိုးမှုတို့ကို လေးစားလိုက်နာအား
ကောင်းလှခြင်းတို့ကြောင့် ထိုသို့ အကောင်းဆုံးနိုင်ငံ စာရင်းဝင်ကြခြင်း ဖြစ်သည်။

နိုင်ငံ ၁၇၈ နိုင်ငံကို ကျရှုံးနိုင်ငံအဆင့် စာရင်းသတ်မှတ်ရာတွင် နိုင်ငံတခုအပေါ် ကျရောက်နေသည့် ဖိအားများဖြစ်
သော လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး စသည့် ညွှန်ကိန်း ၁၂ မျိုးကို အသုံးပြုပြီး သူ့အောက်တွင် အသေးစိတ် ညွှတ်ကိန်း ၁ဝဝ ရှိသည်။

အဆိုပါ ညွှန်ကိန်းများတွင် တပြေးညီညာမဟုတ်သော ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတခု၏ တရားဝင်မှု၊ အုပ်စုလိုက် နစ်နာမှုများ၊ လူ့အခွင့်အရေးတို့ ပါဝင်သည်။ ညွှန်ကိန်းတခုစီတွင် အဆင့် ၁ မှ ၁ဝ အထိ သတ်မှတ်ထားပြီး ရတတ် သမျှသော စာရွက်စာတမ်း အထောက်အထားများ၊ အခြား အရေအတွက်ပြ ကိန်းဂဏန်းများ စသည့် အချက်အလက် သန်းပေါင်း များစွာကို စိစစ်လေ့လာသူများက ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ကြခြင်းဖြစ်သည်။ ရမှတ် များလျှင် အဆိုပါနိုင်ငံ အပေါ်ကျရောက်နေသော ဖိအားများနေခြင်းကို ပြခြင်းဖြစ်ပြီး မတည်ငြိမ်မှု ပိုဖြစ်နိုင်ချေလည်း ရှိသည်။

ယခုနှစ်အတွင်း ထူးခြားသောအချက်မှာ အာရပ်နွေဦး၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ ဘာရိန်း၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယားနှင့် တူနီးရှားတို့မှာ ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် အာရပ်နွေဦးကြောင့် ယခုနှစ်အခြေအနေ အတော်လေး ဆိုးသွားသည်။

လစ်ဗျား၏ အဆင့်နိမ့်ကျသွားမှုမှာ အသိသာဆုံး ဖြစ်သည်။ ဖြစ်ပွါးနေသော ပြည်တွင်းစစ်ကြောင့် FSI ရာဇဝင်တွင်
နှစ်အလိုက် နှိုင်းယှဉ်ချက်အရ ယခုနှစ်မှာ အဆိုးဆုံး ဖြစ်သည်။ ကဒါဖီ အစိုးရကို ဖြုတ်ချရာတွင် နေတိုးဦးဆောင် သည့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ထိုသို့ အဆင့်ထိုးကျသွားခြင်း ဖြစ်သည်။

အလားတူပင် နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ဆီးရီးယားနိုင်ငံမှာလည်း FSI ရာဇဝင်တွင် စတုတ္ထ အဆိုးဆုံးနိုင်ငံ ဖြစ်လာ သည်။ သမ္မတ အာဆတ် အစိုးရအဖွဲ့၏ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်မှုများကြောင့် ထိုသို့အဆင့်ကျခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံသည်လည်း ပြင်းထန်လှသော ငလျင်ဘေးဒဏ်နှင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသော နျူကလီးယာ ဓါတ်ပေါင်းဖို ပေါက်ကွဲသည့် အကြပ်အတည်းကြောင့် သိသိသာသာ အဆင့်ကျသွားခဲ့သည်။ FSI (ကျရှုံးနိုင်ငံ) စာရင်းတွင် အကောင်းဆုံး ၇% နိုင်ငံများတွင် ဂျပန် ပါဝင်နေသေးသော်လည်း ယခုကဲ့သို့ အဆင့်ထိုးကျသွားသည်ကို ကြည့်လျှင် အတည်ငြိမ်ဆုံးနိုင်ငံများပင် ပြင်းထန်ကြီးမားသော တုန်လှုပ်ဖွယ် အဖြစ်ဆိုးမျိုး ကြုံရလျှင် ခံနိုင်ရည် နည်းကြောင်း သက်သေပြနေသည်။

တိုင်းပြည်တွင်း ဖြစ်ပေါ်နေသော စီးပွါးရေး အကြပ်အတည်းကြောင့် ဂရိနိုင်ငံ၏ အဆင့်အတန်းမှာလည်း ဆက်လက် ကျဆင်းနေသည်။ နိုင်ငံတွင်း ယုံကြည်မှု ဆုံးရှုံးခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ချည့်နဲ့လာခြင်း စသည်တို့ကြောင့်
နိုင်ငံအပေါ် ကျရောက်နေသည့် ဖိအားလည်း များလာခဲ့သည်။

ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တောင်ပိုင်း ဆူဒန်နိုင်ငံကိုလည်း ငြိမ်းချမ်းရေးရံပုံငွေ အဖွဲ့က ဆန်းစစ်လေ့လာ ခဲ့သည်။ ဤနိုင်ငံသည် ၂ဝ၁၁ ခုနှစ် ဒုတိယနှစ်ဝက်က လွတ်လပ်ရေး ရခဲ့သည်။ အချက်အလက် မပြည့်စုံမှုကြောင့် FSI အဆင့်သတ်မှတ်ချက်ကို တရားဝင် သတ်မှတ်ခြင်း မပြုလုပ်ခဲ့သော်လည်း ခန့်မှန်းခြေအားဖြင့် စတုတ္ထမြောက် အဆိုးဆုံးနိုင်ငံ အဆင့်တွင် မြောက်ဖက်အိမ်နီးချင်း ဆူဒန်နိုင်ငံနှင့် ကပ်လျက် အောက်တွင် တည်ရှိနေသည်။
တောင်ပိုင်း ဆူဒန်နိုင်ငံ၏ ချည့်နဲ့လှသော အခြေခံ အဆောက်အအုံ၊ ဆိုးရွားလှသော ဆင်းရဲမွဲတေမှု၊ ချည့်နဲ့သော အစိုးရ၊ အဆင်မပြေလှသော ဆူဒန်နိုင်ငံနှင့် ဆက်ဆံရေး၊ ရေနံအပေါ် အလွန်အမင်းမှီခိုနေရမှု စသည်တို့ကြောင့် ထိုသို့စိုးရိမ်ဖွယ် အခြေအနေ ဆက်လက်ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

ကာဂျစ္စတန်နိုင်ငံသည် အဆိုပါစာရင်းတွင် တိုးတက်မှု အရှိဆုံးနိုင်ငံ ဖြစ်သည်။ ၂ဝ၁ဝ နှစ်လယ်က ဖြစ်ပွါးခဲ့သော
တော်လှန်ရေးကြောင့် FSI စာရင်းတွင် ထိုးကျသွားခဲ့ရာမှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ သိသိသာသာ လုပ်ဆောင် ခဲ့ပြီး အာဏာကို တည်တည်ငြိမ်ငြိမ် အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းကြောင့် ထိုသို့ အခြေအနေ ကောင်းမွန်လာခဲ့ခြင်း
ဖြစ်သည်။

ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့သည် ဝါရှင်တန်အခြေစိုက် လွတ်လပ်သည့် သုတေသနနှင့် ပညာပေးရေး အဖွဲ့အစည်းတရပ်
ဖြစ်သည်။ အဖွဲ့၏ ရည်ရွယ်ချက်နှင့် တာဝန်မှာ ပဋိပက္ခများကို တားဆီးကာကွယ်ရန်နှင့် ရေရှည်တည်တံ့မည့် လုံခြုံမှုကို
မြှင့်တင်အားပေးရန် ဖြစ်သည်။ ယခုလေ့လာမှုကို နိုင်ငံခြားရေး မူဝါဒ ဂျာနယ်နှင့်အတူ ပူးတွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1