Monday, July 2, 2012

ကျောင်းသားသမဂ္ဂအဆောက်အအုံဖောက်ခွဲဖျက်ဆီးမှု တရားခံဘယ်သူလဲ

Ever November | 7/02/2012 11:18:00 AM | Best Blogger Tips

မော်နီတာဂျာနယ် အတွဲ (၁) အမှတ် (၉၃) မှာ အချပ်ပိုအဖြစ် စာမျက်နှာ (၁၂) မျက်နှာအထိ အသုံးပြုပြီး ဦးမြတ်ခိုင် ရေး သားထားတဲ့ “ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှု တရားခံဘယ်သူလဲ” လို့ ခေါင်းစီးတတ်ထားတဲ့ ဆောင်းပါးရှည်ကြီးကိုရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦကြီး
ကို ခေါင်းစီးနောက်ခံထားပြီး ဖော်ပြ ထားတာကို တွေ့မြင်ဖတ်ရှုရပါတယ်။
နှစ်ပေါင်းငါးဆယ်အတွင်းဂျာနယ်၊မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာမမြင်ရနိုင်တဲ့ဓါတ်ပုံတပုံကို မြင်တွေ့ရတဲ့အ
တွက် လွမ်း ဆွေးတသတဲ့ ခံစားမှုနဲ့အတူ အထူးဝမ်းသာကြည်နူးရပါတယ်။
ကျနော်ဟာရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ဖောက်ခွဲဖျက်ဆီးဖြိုချခံခဲ့ရတဲ့အ
ချိန်မှာအသက်(၂၅) နှစ်အရွယ် ဆေးသိပ္ပံနောက်ဆုံးနှစ်အတန်းမှာစာသင်နေတဲ့ရန်ကုန်တက္ကသိုလ် ကျောင်း
သားခေါင်းဆောင် တယောက် ဖြစ်ပါတယ်။
အခုကျနော်ဟာ အသက် (၇၅) နှစ်အရွယ် ဆရာဝန်ကြီးဖြစ်နေပါပြီ။ ဦးမြတ်ခိုင်ရဲ့ဆောင်းပါးမှာ ဖော်ပြထားတဲ့ တကသ အဆောက်အဦကြီးရဲ့ပုံကိုကြည့်ပြီး ကျနော်ရဲ့ စိတ်တွေဟာ(၂၅) နှစ်အရွယ် ကျောင်းသားခေါင်းဆောင်တယောက်ရဲ့ဘဝကို ပြန်လည်ရောက်ရှိသွားသ
လိုခံစားရပြီး၁၉၆၂ခုနှစ်ဇူလိုင်လ(၇)ရက်နေ့ ကျောင်းသားအရေးအခင်းဟာလည်းမနေ့တနေ့က ဖြစ်ခဲ့သလို မျက်စိထဲမှာ ပြန်မြင်လာပါတယ်။
ဇူလိုင်လ (၇) ရက်နေ့ အရေးအခင်းကြီးကနေပြီး နောက်ဖက်ကို ပြန်ကြည့်လိုက်တဲ့အခါမှာလည်း ကျနော် အထက်တန်း ကျောင်းသားတယောက်အဖြစ်နဲ့သတင်းစာတွေမှာပါလာတဲ့ နောင်တော်တက္ကသိုလ် ကျောင်း
သားကြီးတွေရဲ့ ကျောင်း သားလှုပ်ရှားမှုဓါတ်ပုံတွေကို ငေးမောကြည့်ရှုရင်း စိတ်ဓါတ်တက်ကြွနေတဲ့ဘဝနဲ့ ကျနော်တက္ကသိုလ်ကို ရောက်ရှိလာပြီးကျနော်ကိုယ်တိုင် ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာတွေ၊
 ခေါင်းဆောင်ခဲ့တာတွေကို ရုပ်ရှင်ဇာတ်လမ်းရှည်ကြီး တခုကို ကြည့်နေရသလို တခန်းပြီးတခန်းပြန်လည်
မြင်ယောင်လာပါတယ်။
x x x x x x
၁၉၄၈ခုနှစ်ကျနော်တို့မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့အချိန်ကစပြီး၁၉၆၂ခုနှစ် ကျောင်းသားအရေးအခင်းဖြစ်
ပွားတဲ့အထိ(၁၄) နှစ်တာကာလအတွင်းမှာ ကျောင်းသားလှုပ်ရှားမှုတွေ၊ဆန္ဒပြပွဲတွေရာချီဖြစ်ခဲ့ပေမယ့်
 ကျောင်းသားဆန္ဒပြ ပွဲတွေကို သေနတ်နဲ့ပစ်ခတ်လူစုခွဲခဲ့မှု လေးကြိမ်ဖြစ်ပွားခဲ့တာကိုလည်း တရေးရေး ပြန်လည်သတိရလာပါတယ်။
ပထမအကြိမ် ကျောင်းသားဆန္ဒပြပွဲကို သေနတ်နဲ့ပစ် လူစုခွဲခဲ့တဲ့ဖြစ်ရပ်ကတော့ ၁၉၅၃ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှာရန်ကုန်တက္ကသိုလ်နယ်မြေအင်းဝကျောင်းဆောင်အနီးမှာ ဖြစ်ပွားခဲ့
ပါတယ်။
အဲဒီအချိန်က ကျနော်ဟာ Pre-medical ခေါ် အကြိုဆေးသင်တန်းတက်နေတဲ့ ရှစ်တန်းကျောင်းသားလေး တယောက် ဖြစ်ပါတယ်။
အဲဒီအချိန်က ပုဂ္ဂလိက သတင်းစာတွေရဲ့ မျက်နှာဖုံးတွေပေါ်မှာ ဖော်ပြထားတဲ့ ဝန်ကြီးဗိုလ်ခင်မောင်လေးနဲ့ လက်နက် ကိုင်ရဲတပ်ဖွဲ့က တက္ကသိုလ်နယ်မြေထဲမှာ သေနတ်နဲ့ပစ်ခတ်နေတဲ့ ဓါတ်ပုံတွေ၊ အင်းဝကျောင်းဆောင် နံရံပေါ်မှာ ကျည် ဆံထိမှန်ထားလို့ ပျက်စီးနေတဲ့နေရာတွေကို မြေဖြူနဲ့ဝိုင်းပြီး အနီးကပ်ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ သတင်းစာတွေထဲမှာ စုံစုံလင်ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေအားလုံးကို ခေါင်းထဲမှာ ပြန်မြင်လာပါတယ်။
ဖြစ်ပွားရတာက ရန်ကုန်တက္ကသိုလ် ကျောင်းသူကျောင်းသားများ အောက်တိုဘာလ (သီတင်းကျွတ်) ကျောင်းပိတ်ရက် ကို တလပိတ်ပေးရန် တောင်းဆိုဆန္ဒပြတာကစပြီး ဖြစ်ပွားရတာပါ။ ယခင်နှစ်တွေက ရန်ကုန်တက္ကသိုလ်အနေနဲ့ အောက် တိုဘာလ (သီတင်းကျွတ်) ကျောင်းပိတ်ရက်ကို တလပိတ်လေ့ပိတ်ထရှိပါတယ်။
၁၉၅၃ ခုနှစ်မှာတော့ အောက်တိုဘာလကျောင်းပိတ်ရက်ကို (၁၅) ရက်ပဲ ပိတ်မယ်ဆိုပြီး ကြေညာပါတယ်။ အဲဒီအချိန် တုန်းက ဗမာတပြည်လုံးမှာ ဘွဲ့လက်မှတ်ပေးနိုင်တဲ့ တက္ကသိုလ်အဆင့်ဆိုလို့ ရန်ကုန်တက္ကသိုလ်တခုပဲ ရှိပါတယ်။ မန္တလေးတက္ကသိုလ်ဆိုတာ ရန်ကုန်တက္ကသိုလ်ရဲ့လက်အောက်ခံတက္ကသိုလ်ခွဲအဆင့်ပဲ ရှိပါသေးတယ်။ မန္တလေးမှာ စာ မေးပွဲအောင်တဲ့သူကိုလည်း ရန်ကုန်တက္ကသိုလ်ကပဲ ဘွဲ့လက်မှတ်ထုတ်ပေးပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံတနိုင်ငံလုံးက တက္ကသိုလ်ကျောင်းသားအများစုဟာ ရန်ကုန်တက္ကသိုလ်မှာပဲ စာပေသင်ကြားကြပါတယ်။
လမ်းပန်းဆက်သွယ်ရေးကလည်း အခုအချိန်လို အဆင်မပြေသေးပါဘူး။ မီးရထားနဲ့ မန္တလေးကိုသွားရင်တောင် (၂) ရက် သွားရပါတယ်။ ရန်ကုန်က မနက်စောစောထွက်တဲ့ရထားဟာ ညနေဘက်မှာ ပျဉ်းမနားမြို့ကိုရောက်ပြီး အဲဒီမှာ တည အိပ်ပါတယ်။ နောက်တနေ့မနက်စောစော ပျဉ်းမနားကထွက်တဲ့ရထားဟာ အဲဒီနေ့ ညနေမှ မန္တလေးကို ရောက်ပါတယ်။
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်က ကျောင်းသားများအနေနဲ့ ကျောင်းပိတ်ရက် (၁၅) ရက် ဆိုရင် မိဘရပ်ထံပြန်ဖို့အတွက် အချိန်မလုံလောက်ပါဘူး။ တချို့ဆိုရင် ငွေကြေးအကုန်အကျခံပြီး မိဘထံပြန်သော်လည်း ရောက်ပြန်အနေအထားလောက်ပဲ ရှိပါတယ်။
အဲဒီလိုအခြေအနေကြောင့်တက္ကသိုလ်ကျောင်းသားကျောင်းသူများက အောက်တိုဘာ(သီတင်းကျွတ်)
 ကျောင်းပိတ်ရက်ကိုခါတိုင်းလိုတလပိတ်ပေးရန် တောင်းဆိုဆန္ဒပြကြပါတယ်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်လေးဟာလက်နက်ကိုင်ရဲတပ်ဖွဲ့ကိုတက္ကသိုလ်နယ်မြေထဲကိုခေါ်လာပြီး သေနတ်နဲ့ပစ် ဖြေ
ရှင်းပါတယ်။
ဒါပေမယ့်အဲဒီတုန်းက ကျောင်းသားအသေအပျောက်မရှိသည့်အပြင် သေနတ်ဒဏ်ရာရရှိသည့် ကျောင်း
သားတောင်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဝန်ကြီးဗိုလ်ခင်မောင်လေးနဲ့ရဲတပ်ဖွဲ့ဟာ ကျောင်းသားတွေဘက်
ကို ချိန်မပစ်ဘဲ ခြောက်လှန့်တဲ့အနေနဲ့ အင်းဝကျောင်းဆောင်နံရံတွေကိုပဲ ပစ်ပါတယ်။ အဲဒီအချိန်တုန်းက သတင်းစာသမားတွေက ရဲ တပ်ဖွဲ့ကို တက္ကသိုလ်နယ်မြေထဲကို ခေါ်ယူသွားတဲ့ဝန်ကြီးဗိုလ်ခင်မောင်လေးကို ဝိုင်းဝန်းဝေဖန်ကြတယ်။
ဒီအဖြစ်အပျက်ဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက်ပိုင်းမှာ တက္ကသိုလ်နယ်မြေထဲကို လက်နက်ကိုင် အဖွဲ့အစည်းတခုဝင်ရောက်တာဟာပထမဆုံးအကြိမ်ဝင်ရောက်ခြင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက်
တော့ တက္ကသိုလ် အာဏာ ပိုင်တွေက ကျောင်းတလပိတ်ပေးလိုက်ပါတယ်။
အဲဒီ ၁၉၅၃ ခုနှစ် အောက်တိုဘာကျောင်းတလပိတ်ရေး၊ သပိတ်မှောက်စဉ်တုန်းက ခေါင်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တချို့ ယနေ့တိုင် အသက်ထင်ရှားရှိပါသေးတယ်။ ၁၉၉ဝ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညောင်လေးပင် လွှတ်တော်ကိုယ် စားလှယ် ဦးအုန်းမောင်၊ ယခင်ယူနီဖာဆယ်ဘဏ်ဂျင်နရယ် မန်နေဂျာ ဦးလှရွှေ (ယခုစမ်းချောင်း သံတံတားလမ်းတွင် နေသည်) ရှေ့နေကြီး ဒေါက်တာ မောင်မောင်ကျော်၏ဇနီး ဒေါက်တာမြင့်မြင့်ခင်၊ ယိုးဒယားနိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံ ရေးအကျဉ်းသမားဟောင်းကြီး ဦးအောင်မိုးတို့ဟာ သက်ရှိထင်ရှားရှိနေသေးတဲ့ ခေါင်းဆောင်တွေဖြစ်ကြပါတယ်။ အမျိုး သားစာပေဆုများရှင် စာရေးဆရာမကြီး ဒေါ်ကြန် ဟာလည်း အဲဒီတုန်းက အင်းယားဆောင်က ကျောင်းသူခေါင်းဆောင် တယောက်ဖြစ်ပါတယ်။
ကျောင်းသားဆန္ဒပြပွဲကို သေနတ်နဲ့ပစ် လူစုခွဲတဲ့ ကျန်ခဲ့တဲ့ အရေးအခင်း (၃) ခုကတော့ ကျနော် တက္ကသိုလ်ကိုရှောက်ရှိ ပြီး ဖြစ်ပွားခဲ့တာဖြစ်တဲ့အတွက် ကျနော်ကိုယ်တိုင်ပါဝင်ပတ်သတ်ခဲ့တဲ့ အရေးအခင်းများ ဖြစ်ပါတယ်။
ကျောင်းသားဆန္ဒပြတာကို သေနတ်နဲ့ပစ်ပြီး လူစုခွဲတဲ့ ဒုတိယအရေးအခင်းကတော့ ၁၉၅၆ ခုနှစ် မတ်လဆန်းမှာ ဖြစ်ပွား ခဲ့ပါတယ်။ အဲဒီအချိန်ကာလတုန်းက အတန်းတင်စာမေးပွဲတွေကို မတ်လအတွင်းမှာပဲ စစ်ဆေးပြီး (၄) တန်းစာမေးပွဲနဲ့ (၇) တန်းစာမေးပွဲတွေကို ပညာရေးဌာနက ဘုတ်ဖွဲ့ပြီးစစ်ပါတယ်။ ကျန်တဲ့အတန်းတင်စာမေးပွဲတွေကိုတော့ သက် ဆိုင်ရာကျောင်းအုပ်ဆရာကြီးကပဲ ဦးစီးစစ်ဆေးပါတယ်။ ဒါကြောင့် (၄) တန်းနဲ့ (၇) တန်း အတန်းတင် စာမေးပွဲတွေကို အရပ်အခေါ် အစိုးရစစ်စာမေးပွဲလို့ ခေါ်ကြပါတယ်။
၁၉၅၆ ခုနှစ် မတ်လဆန်းမှာ စစ်ဆေးတဲ့(၇)တန်းဘုတ်စစ်စာမေးပွဲမှာ မေးခွန်းတွေပေါက်ကြားသွားပါတယ်။ အဲဒီလို စာမေးပွဲမေးခွန်းတွေ ပေါက်ကြားသွားတဲ့အတွက်ကြောင့် ရုတ်တရက်မမျှော်လင့်ဘဲ (၇) တန်း ကျောင်းသားလေးတွေက စာမေးပွဲခန်းမထဲက လမ်းမပေါ်ကိုထွက်ပြီး မေးခွန်းပေါက်ကြားမှုကို ဆန္ဒပြကြပါတယ်။ အဲဒီမှာ သေနတ်ပစ်ခတ်ပြီး လူစု ခွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။
ကျောင်းသားလေးတွေ ဆန္ဒပြတဲ့နေရာကို ရဲတပ်ဖွဲ့နဲ့အတူခရိုင်ရာဇဝတ်တရားသူကြီး ရောက်ရှိလာပါတယ်။ တရားသူ ကြီးအနေနဲ့ သေနတ်ပစ်မိန့်မပေးမီမှာ ဥပဒေနဲ့အညီ တဆင့်ပြီးတဆင့် လူစုခွဲခိုင်းပါတယ်။ နောက်တော့ သေနတ်တွေကို မိုးပေါ်ထောင်ပစ်ပါတယ်။ မျက်ရည်ယိုပုံးခွဲပါတယ်။ နောက်အသက်အန္တရာယ်မဖြစ်နိုင်တဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ပစ်ပါ တယ်။ ဥပဒေနဲ့အညီ တရားသူကြီးဟာ အဆင့်ဆင့်ဆောင်ရွက်သွားပါတယ်။
နောက်ဆုံးမှာတော့“ဟယ်ရီတန်” ခေါ်(၇)တန်းကျောင်းသားလေးတယောက်ကျည်သင့်သေဆုံးသွားပါတယ်။
 သေဆုံး သွားတဲ့နေရာက ဓမ္မစေတီလမ်း (ယခင်အခေါ် ဘောင်ဒရီလမ်း) ပေါ်က အထက (၁) ဗဟန်းကျောင်းဝင်းရဲ့ ကမ္ဘာအေး ဘုရားလမ်းဘက်ထောင့်အနီးမှာကွယ်လွန်ပါတယ်။ သေနတ်နဲ့ပစ်တဲ့နေရာဟာ တက္ကသိုလ်နယ်မြေထဲမှာ မဟုတ်ပါဘူး။
ဟယ်ရီတန်သေဆုံးသွားရတဲ့အတွက် အဲဒီအရေးအခင်းကို “ဟယ်ရီတန်ကျောင်းသားအရေးတော်ပုံ” လို့ ခေါ်ပါတယ်။
အဲဒီမှာ အရေးကြီးတဲ့အချက်က နိုင်ငံတော်အစိုးရအနေနဲ့အဲဒီအရေးအခင်းနဲ့ပတ်သက်ပြီး ဖြေရှင်းပေးပုံ ဖြစ်ပါတယ်။
အဲဒီနေ့ ညနေဘက်မှာ ဗမာ့အသံရေဒီယို (အဲဒီအချိန်က မြန်မာနိုင်ငံမှာ တယ်လီဗေးရှင်းမရှိသေးပါ)က ညဘက်သတင်း အပြီးမှာ နိုင်ငံတော်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားမည့်အကြောင်း ခဏခဏ ကြားဖြတ်ကြေညာပါတယ်။ ကျနော်တို့ အားလုံး နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ဘာတွေများ ပြောမလဲဆိုတာကို စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်သတင်းအပြီးဝန်ကြီးချုပ်မိန့်ခွန်းကို စောင့်နားထောင်ကြပါတယ်။ ဝန်ကြီးချုပ် ဦးနုအနေနဲ့ မိန့်ခွန်းပြောတဲ့အခါမှာအသံပျော့ပြီးတိုးရှိုး တောင်းပန်တဲ့လေသံနဲ့မိန့်ခွန်းစပြောပါတယ်။ ကျောင်းသားမိ
ဘတွေအားလုံးကိုဟယ်ရီတန်သေဆုံးသွားရမှုအတွက် တောင်းပန်ပါတယ် ပြည်သူတရပ်လုံးကိုလည်း
 တောင်းပန်ပါတယ်။
မိန့်ခွန်းရဲ့ဒုတိယအချက်ကစာမေးပွဲမေးခွန်းရထားပြီး ဖြေဆိုတဲ့ ကျောင်းသားနဲ့ မေးခွန်းမရဘဲ ဖြေဆိုရတဲ့
 ကျောင်းသားအခွင့်အရေးကွာဟမှုမရှိစေရန်အတွက် မြန်မာနိုင်ငံတနိုင်ငံလုံးကခုနှစ်တန်းစာမေးပွဲဖြေတဲ့ 
 ကျောင်းသားအားလုံးကို တပြေးညီအအောင်ပေးလိုက်ကြောင်း ကြေညာပါတယ်။ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းမှာ ဒေါသထွက်တဲ့အသံ၊ ခြိမ်းခြောက်တဲ့ စကားလုံး၊ စိန်ခေါ်တဲ့စကားလုံးတွေ လုံးဝမပါရှိပါဘူး။
တတိယမြောက် ကျောင်းသားဆန္ဒပြပွဲကို သေနတ်ပစ်ခတ်ပြီး လူစုခွဲတဲ့အရေးအခင်းကတော့ ၁၉၆ဝ ခုနှစ်အတွင်းမှာ ဖြစ် ပွားခဲ့ပါတယ်။
အဲဒီအရေးအခင်းဖြစ်ပွားချိန်က မြန်မာနိုင်ငံအရှေ့ဘက်ဖျားဒေသတချို့မှာ တရုတ်ပြည်မကြီးက စစ်ရှုံး ထွက်ပြေးလာကြ တဲ့ ကူမင်တန် တရုတ်ဖြူတပ်ကြွင်း တပ်ကျန်တွေ တပ်စွဲနေတဲ့ကာလဖြစ်ပါတယ်။ အဲဒီလို နယ်စပ်ဒေသတွေမှာ တပ်စွဲနေ ကြတဲ့ တရုတ်ဖြူတပ်တွေကို အမေရိကန်လေတပ် ကုန်တင်လေယာဉ်ကြီး တစင်းက ရိက္ခာများလိုက်လံချပေးနေတာကို မြန်မာ့တပ်မတော်လေတပ် ကင်းလှည့်တိုက်လေယာဉ်က တွေ့ရှိပြီး အပြန်ပြန် အလှန်လှန်ပစ်ခတ်မှုတွေ ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာဘက်က ဗိုလ်ပီတာဆိုတာ ကျဆုံးသွားပါတယ်။ အဲဒီလို အမေရိကန်လေယာဉ်က ပစ်ခတ်လိုက်တဲ့အတွက် ဗိုလ်ပီတာ ကျဆုံးရတဲ့အပေါ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများသမဂ္ဂ (ဗကသ) နဲ့ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ (ရကသ)၊ ကျောင်းသားသမဂ္ဂကြီး သုံးခုပူးပေါင်းပြီး ကုန် သည်လမ်းအတိုင်းအမေရိကန်သံရုံးရှေ့ကိုဖြတ်ပြီး ငြိမ်းချမ်းစွာ ကြွေးကြော်ဆန္ဒပြကြပါတယ်။
အဲဒီဆန္ဒပြပွဲဟာ ကျောင်းသားအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်တဲ့ ဆန္ဒပြပွဲမဟုတ်ပါဘူး။ အစိုးရကို ဆန့်ကျင် ဆန္ဒပြတာလဲ မဟုတ်ပါဘူး။အမှန်တကယ်တော့ ဗိုလ်ပီတာသေဆုံးမှုအပေါ်မှာ အခြေခံပြီး နိုင်ငံတော်အစိုးရနဲ့ တိုက်ခိုက် နေတဲ့ တရုတ်ဖြူတွေကို အမေရိကန်က အကူအညီပေးနေတာကို လက်ဆုတ်လက်ကိုင်တွေ့မြင်ရတဲ့အတွက် အစိုးရနဲ့ ဗမာ့တပ်မတော်အပေါ် စိတ်ဓါတ်ရေးရာ အားပေးထောင်ခံတဲ့အနေနဲ့ ကျောင်းသားသမဂ္ဂကြီးသုံးခုက ပူးပေါင်းဆန္ဒပြတာ ဖြစ်ပါတယ်။
အဲဒီလိုဆန္ဒပြတဲ့ ကျောင်းသားတွေထဲမှာ စိတ်ဓါတ်ပြင်းထန်ပြီးဗိုလ်ပီတာကျဆုံးတာနဲ့ပတ်သက်ပြီး ဒေါသထွက်နေတဲ့ ကျောင်းသားတချို့က လွယ်အိတ်ထဲမှာ လောက်လေးခွတို့၊ လောက်စလုံးတို့၊ ခဲတို့ ထည့်ယူလာပါတယ်။ အမေရိကန် သံရုံးရှေ့ရောက်တဲ့အခါမှာ အဲဒီကျောင်းသားတချို့က လောက်လေးခွနဲ့ အမေရိကန်သံရုံးကို ပစ်ပါတယ်။ ခဲယူလာတဲ့ ကျောင်းသားတချို့ကလည်း သူတို့ယူလာတဲ့ ခဲနဲ့ အမေရိကန်သံရုံးကို ပေါက်ပါတယ်။ (မှတ်ချက် ။ ရန်ကုန် ကုန်သည် လမ်းမကြီးပေါ်မှာ ခဲရှာရတာ မလွယ်ပါ။) အဲဒီမှာရုတ်ရုတ်သဲသဲလေး ဖြစ်သွားပါတယ်။
အမေရိကန်သံရုံးက သက်ဆိုင် ရာကို အကြောင်းကြားလိုက်တဲ့အတွက် ရန်ကုန်ခရိုင်ရာဇဝတ် တရားသူကြီးနဲ့လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တချို့ရောက်ရှိလာပြီး သေနတ်ပစ်လူစုခွဲမှု ဖြစ်ပွားပါတယ်။ သေ
နတ်ပစ်ခတ်မှုဖြစ်ပွားပုံမှာလည်း “ဟယ်ရီ တန်ကျောင်းသားအရေးအခင်း” က သေနတ်ပစ်ခတ် လူစုခွဲတဲ့ဖြစ်ပွားပုံမျိုးပါ။ တရားသူကြီးက ဥပဒေနဲ့အညီ အဆင့်ဆင့် ဆောင်ရွက်ပါတယ်။
အဲဒီသေနတ်ပစ်လူစုခွဲတဲ့အတွက် အသေအပျောက်မရှိပါဘူး။ ကျောင်းသားတချို့ အနည်းငယ်ဒဏ်ရာရရှိပါတယ်။ ကျောင်းသားတချို့ မျက်ရည်ယိုဗုံးအငွေ့ကို ရှုရှိုက်ရသဖြင့် မူးမေ့သွားတာတွေရှိပါတယ်။ ၁၉၈၈ ခုနှစ် ဦးနေဝင်း နောက် ဆုံးပြောတဲ့မိန့်ခွန်းထဲမှာလို “တပ်မတော်ဟာ တည့်တည့်ပစ်တယ်” ဆိုတာမျိုး အဲဒီတုန်းက မပစ်ခဲ့ပါဘူး။ တကယ်သာတည့်တည့်ပစ်ရင် ကျောင်းသားအများအပြား သေဆုံးနိုင်ပါတယ်။
အမေရိကန်သံရုံးဟာ ကျောက်တံတားမြို့နယ်ထဲမှာရှိတော့ပစ်ခတ်တဲ့ရဲတွေဟာ ကျောက်တံတားမြို့နယ်က ရဲတွေဖြစ် ပုံရပါတယ်။ အဲဒီပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်မှာကုန်သည်လမ်းအမေရိကန်သံရုံးအနီးက ကျောင်းသားထုကြီးဟာ ဆူး လေဘုရားလမ်းပေါ်က ကျောက်တံတားရဲဌာနရှေ့ကို ရောက်သွားကြပြီး အဲဒီမှာပဲဆက်လက်ဆန္ဒပြကြပါတယ်။ အစိုးရ ကလည်း ထပ်မံပစ်ခတ်ခြင်းမပြုပါ။ ညနေစောင်းလာတဲ့အခါ ကျောင်းသားသမဂ္ဂကြီးသုံးခုက ဆန္ဒပြပွဲကို ရပ်ဆိုင်းလိုက်ပါ တယ်။ တကသ အနေနဲ့လည်း တက္ကသိုလ်ကျောင်းသားများကို တက္ကသိုလ်နယ်မြေကို ကားများနဲ့ ပြန်ပို့ပေးပါတယ်။ အဲ ဒီလို ကျောင်းသားထုဆန္ဒပြပွဲကြီးပြီးဆုံး လူစုခွဲပြီးနောက် စိတ်ဆန္ဒပြင်းထန်လွန်းတဲ့ ကျောင်းသားတချို့နဲ့ ပြည်သူတချို့ ရဲစခန်းရှေ့မှာ ဆက်လက်ကျန်ရှိခဲ့ပါတယ်။ လူများစုက အစီအစဉ်အတိုင်း လူစုခွဲပြီး ပြန်သွားကြပါတယ်။
အဲဒီနေ့ညဘက် ညဦးပိုင်း ကျနော်တို့ တကသအဆောက်အဦမှာရှိနေတုန်းအချိန် ရဲစခန်းရှေ့တွင် ကျန်ရစ်ခဲ့တဲ့ အမျိုး သားတဦးကျည်ဆံမှန်သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။ ညမှောင်တဲ့အချိန်ဆိုတော့ ဘယ်ကပစ်လိုက်တဲ့ ကျည် ဆံမှန်းမသိလိုက်ပါဘူး။ အဲဒီအမျိုးသားဟာ တက္ကသိုလ်ကျောင်းသားတော့ မဟုတ်ပါဘူး။ မွတ်ဆလင်ဘာသာဝင်တဦး ဖြစ်တဲ့အတွက် နောက်နေ့မနက်မှာပဲ တာမွေမွတ်ဆလင်သင်္ချိုင်းမှာ သင်္ဂြိုဟ်ပါတယ်။ သမဂ္ဂကြီး(၃)ခုက ကျောင်းသား ခေါင်းဆောင်များနဲ့ ကျောင်းသားထုလိုက်ပါပို့ဆောင်တဲ့အတွက် အသုဘအခမ်းအနား စည်းကားပါတယ်။ ကျောင်းသား ခေါင်းဆောင်တွေလဲ အသုဘအခမ်းအနားမှာ မိန့်ခွန်းပြောကြပါတယ်။
ဦးမြတ်ခိုင်ရဲ့ ဆောင်းပါးမှာ ဖော်ပြထားတဲ့ ဗိုလ်ချုပ်အောင်ကြီး၏ (၃.၂.၁၉၇၃) နေ့စွဲပါ စာအမှတ် ဝဝဝ၇ ဖြင့် နိုင်ငံတော် သမ္မတကြီးနှင့် ဥက္ကဋ္ဌကြီး မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီထံ ပေးပို့သောစာတွင် အမေရိကန်သံရုံးကို ကျောင်းသားများ ဆန္ဒပြခြင်းနှင့် ပတ်သက်ပြီး ဖော်ပြရာတွင် “အာဂျယ်လာကိုအကြောင်းပြပြီး အမေရိကန်သံရုံးကို ကျောင်းသားများနှင့် နိုင်ငံရေးအတိုက်အခံသမားများ စုပေါင်းဝိုင်းဝန်းဖျက်ဆီးခြင်းမျိုး” ဟု မှားယွင်းစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါတယ်။
အမှန်တကယ်မှာ အဲဒီကျောင်းသားဆန္ဒပြပွဲဟာ အထက်က ဖော်ပြခဲ့သလို ဗိုလ်ပီတာသေဆုံးမှုအပေါ်မှာ အခြေခံပြီး အ မေရိကန်သံရုံးကို ဆန္ဒပြတာပါ။ ဆန္ဒပြပွဲဟာ “အာဂျယ်လာ” ခေါင်းဆောင်မှုနဲ့ပြုလုပ်တဲ့ ဆန္ဒပြပွဲလည်း မဟုတ်ပါ။ “အာဂျယ်လာ” နဲ့လည်း မည်သို့မှ မသက်ဆိုင် မပတ်သက်ပါ။ ဆန္ဒပြပွဲမှာတော့ “အာဂျယ်လာ” ပါဝင်ဆန္ဒပြပါတယ်။
“အာဂျယ်လာ” ပါဝင်လာပုံက ဒီလိုပါ။ အဲဒီဆန္ဒပြပွဲမပြုလုပ်မီ (၂) ရက်လောက်အလိုမှာ တကသ အဆောက်အဦကို အ ရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း အာဖရိကလူမျိုးတယောက် ရောက်လာပါတယ်။ အဲဒီအချိန်မှာ တကသ အ ဆောက်အဦမှာရော တက္ကသိုလ်နယ်မြေနေရာအနှံ့မှာရော ဆန္ဒပြပွဲအတွက် လှုံ့ဆော်ပိုစတာတွေ ကပ်ထားပြီးဖြစ်ပါတယ်။
အဲဒီအာဖရိကလူမျိုးက သူ့ကိုယ်သူမိတ်ဖွဲ့ပါတယ်။ သူနာမည် အာဂျယ်လာ ဖြစ်တဲ့အကြောင်း သူဟာ အမေရိကန်နိုင်ငံမှာလူမှုရေးသိပ္ပံဘာသာရပ်နဲ့ပါရဂူဘွဲ့တက်နေသူ ကျောင်းသားတယောက်ဖြစ်ကြောင်း၊
သူကျမ်းပြုဖို့အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးကို သွားရောက်ပြီး အချက်အလက်ရှာဖွေနေသူဖြစ်ကြောင်း၊ ရန်ကုန်မြို့မှာ ကျောင်းသားများဆန္ဒပြပွဲအတွက် ပြင်ဆင်နေချိန်နဲ့ တိုက်ဆိုင်နေတာသိရတဲ့အတွက် သူပါဆန္ဒပြပွဲမှာပါဝင်လိုက်ပါပြီး လေ့လာလိုကြောင်း ပြောကြားပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကလည်း ဆန္ဒပြပွဲမှာ ပါဝင်လိုက်ပါတာကို ဘာမှသဘောမတူစရာ အကြောင်းမရှိ တဲ့အတွက် လိုက်ပါခွင့်ပြုခဲ့ပါတယ်။
ဆန္ဒပြပွဲနေ့မှာ “အာဂျယ်လာ” ဝတ်ဆင်လာတာက မြန်မာနိုင်ငံမှာ ဘွဲ့ယူတဲ့ဝတ်စုံလို ပုံစံမျိုး ရောင်စုံရက်လုပ်ထားတဲ့ အာ ဖရိက ရိုးရာဝတ်စုံကြီးကို ဝတ်ဆင်လာပါတယ်။ အသားကလည်း မဲ၊ အရပ်ကလည်း ရှည်၊ ဝတ်ဆင်ထားတာကလည်း ထူးထူးဆန်းဆန်း ဝတ်စုံကြီးနဲ့ဆိုတော့ ဆန္ဒပြတဲ့သူတွေထဲမှာ သူဟာထူးခြားနေပါတယ်။ အမေရိကန်သံရုံးရှေ့မှာ ရုတ် ရုတ်သဲသဲဖြစ်တော့လည်း “အာဂျယ်လာ” ဟာ ထိန်းမနိုင် သိမ်းမရဖြစ်နေပါတယ်။ နောက်နေ့ထွက်လာတဲ့ သတင်းစား တွေထဲမှာပါတဲ့ သတင်းဓါတ်ပုံတွေထဲမှာ “အာဂျယ်လာ” ပုံကြီးတွေက ထင်းပြီး ပါလာပါတယ်။ ဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက် ကို မသိတဲ့သူတွေက အဲဒီဆန္ဒပြပွဲကို “အာဂျယ်လာ” ကပဲပြုလုပ်သလို ထင်တဲ့သူတွေရှိလာပါတယ်။
အမှန်မှာ ဗိုလ်ချုပ်အောင်ကြီးပြောသလို “အာဂျယ်လာ” ကိုအကြောင်းပြုပြီး ဆန္ဒပြတာလဲ မဟုတ်ပါဘူး။ “နိုင်ငံရေးသ မား အတိုက်အခံတွေနဲ့ စုပေါင်းပြီး” ဆိုတာလည်း မဟုတ်ပါဘူး။ “သံရုံးကို ဝိုင်းဝန်းဖျက်ဆီးတယ်” ဆိုတာလည်း မဟုတ် ပါဘူး။ ခဲနဲ့ပေါက် လောက်လေးခွနဲ့ပစ်တာလောက်ပါ။ အမေရိကန်သံရုံးက ပြတင်းပေါက်မှန်တွေကထူတော့ မှန်တောင် မကွဲပါဘူး။ အဲဒီအမေရိကန်သံရုံးဆန္ဒပြပွဲအတွက် ကျောင်းသားခေါင်းဆောင်များကိုလည်း တစုံတရာ အရေးယူခြင်း၊ဖမ်း ဆီးခြင်းများမပြုလုပ်ပါဘူး။ “အာဂျယ်လာ”ကိုတော့အဲဒီနေ့ညနေမှာ နိုင်ငံခြားထွက်မယ့် လေယာဉ်ပေါ်တင်ပေးပြီး ပြည် နှင်ဒဏ်ပေးလိုက်
ပါတယ်။
x x x x x x
ကျနော့်စိတ်အာရုံတွေဟာ ၁၉၅၃ ခုနှစ် ကျောင်းသားသေနတ်ပြစ်မှု၊ ၁၉၅၆ ခုနှစ် ကျောင်းသား သေနတ်ပစ်မှုနဲ့ ၁၉၆ဝ ခုနှစ် သေနတ်ပစ်မှုမြင်ကွင်းတွေကနေပြီး ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ ကျောင်းသားအရေးအခင်းမြင်ကွင်းဆီကို ပြန်လည်ရောက်ရှိလာပါတယ်။ အားလုံးကိုလည်း ခြုံငုံပြီး နှိုင်းယှဉ်စဉ်းစားနေမိပါတယ်။
ကွာခြားလှတဲ့ မြင်ကွင်းတခုအေးချမ်းသာယာနေတဲ့ တက္ကသိုလ်နယ်မြေဟာ သေနတ်သံတွေ ဆူညံနေတဲ့ စစ်မြေပြင်အလား သေနတ်ဒဏ်ရာတွေနဲ့ သေလိုက်ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကလည်း အတုံးအရုံး တကသ အဆောက်အဦရှေ့ ကတ္တရာအရောင်နဲ့ မဲ နက်နေတဲ့ အဓိပတိလမ်းမကြီးဟာလည်း ကျောင်းသားသွေးတွေနဲ့ ရဲရဲနီလို့ – ကဗျာဉာဏ်ကွန့်မြူးတဲ့ ကျောင်းသားတစု က ဒါကြောင့်မို့ “ရင်ပြင်နီ” လို့ ဖွဲ့ဆိုခဲ့ကြတာကိုး
တက္ကသိုလ်နယ်မြေထဲက ပေါက်ကွဲသံကြီးကလည်း ရန်ကုန်တမြို့လုံးတုန်ခါလို့ ခံ့ညားထည်ဝါတဲ့ သမိုင်းဝင်ကျောင်းသား သမဂ္ဂအဆောက်အဦကြီးကလည်း ဟီရိုရှီးမားမြင်ကွင်းအတိုင်း ကျနော့်အတွေးတွေဟာ နောက်ကျိလာပါတယ်။ “ရက် စက် မှုအပေါင်း သရဖူဆောင်းခဲ့ပြီ” “ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ” “ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ”
နိုင်ငံကျော်အဆိုတော် စန္ဒရားချစ်ဆွေ သီဆိုခဲ့တဲ့ “မွှေးလွန်းသည့်ပန်း” သီချင်းထဲက စာပိုဒ်တပိုဒ်ကိုပဲ တခြားသီချင်းစာ သားတွေနဲ့ အဆက်အစပ်မရှိဘဲ ထပ်ခါထပ်ခါ ဆိုနေမိပါတယ်။
ကျနော့်စိတ်တွေ ဘယ်လိုဖြစ်ကုန်ပါလိမ့်။
x x x x x x
ရန်ကုန်တက္ကသိုလ်နယ်မြေဟာ ဘာကြောင့်များ အဲဒီလိုဆိုးဝါးတဲ့ အခြေအနေကြီးကို ရောက်သွားရတာလဲ။ ကျနော်စဉ်း စားနေမိပါတယ်။
“အဆောင်တွေမှာ ဖြစ်ချင်တိုင်းဖြစ်နေတယ်၊ ဘယ်လောက်ဆိုးသလဲဆိုရင် အဆောင်တွေမှာ အပြင်
က… တွေ ခေါ်အိပ်ကြတယ်၊ ကွန်မြူနစ်ကျောင်းသားတွေကလည်း တောထဲက လူတွေကို ခိုအောင်းခွင့်
ပေးလိုပေး၊ နိုင်ငံရေးသင်တန်းပေးနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတယ်။ ဒါတွေကို ပပျောက်သွားအောင် အဆောင်
စည်းကမ်းကို တင်းကြပ်ခိုင်းလိုက်ရတယ်။ အဲဒီကိစ္စကို ချက်ယူပြီး ကွန်မြူနစ်ကျောင်းသားတွေက ဆူပူမှုကို
စတင်လိုက်တာပဲ”
ဦးနေဝင်းရဲ့ ပြောစကားတွေ
ဇူလိုင်လ (၇) ရက်နေ့ ကျောင်းသားအရေးအခင်းကြီးဖြစ်ပွားပြီး နောက် (၈) လအကြာ (၁ဝ.၃.၆၃) နေ့မှာမှ ဦးသိန်းဖေ မြင့်၊ ဦးချစ်လှိုင်၊ ဗိုလ်သိန်းတန်၊ သခင်တင်မြတို့ကို ဦးနေဝင်းပြောပြခဲ့တဲ့ စကားတွေ ဖြစ်ပါတယ်။ အဲဒီအချိန်က ရန်ကုန် တက္ကသိုလ်နယ်မြေဟာ ဦးနေဝင်းပြောသလို အမှန်တကယ် ဖြစ်နေလို့လား။ အဲဒီအချိန်တုန်းက ကျနော်ဟာ ကျောင်း သားခေါင်းဆောင်တယောက်အဖြစ်နဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့သူတဦးဖြစ်ပြီး အခြေအနေ တွေကို အားလုံးသိနေတာကြောင့် ဦးနေဝင်း ပြောကြားတဲ့စကားတွေဟာ မဟုတ်မှန်ဘူးဆိုတာကို ငြင်းဆိုလိုပါတယ်။
ကျနော် အဲဒီလို ငြင်းဆိုတာမှာလည်း “မဟုတ်ဘူး” လို့ အတင်းဇွတ် မျက်စိမှိတ်ပြီး ငြင်းဆိုတာမျိုး မဟုတ်ပါဘူး။
၁၉၆၂ ခုနှစ်မတိုင်မီ ရန်ကုန်တက္ကသိုလ်ရဲ့အခြေအနေတွေ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခြေအနေတွေ၊ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ရဲ့ အခြေအနေတွေကို ပြည့်ပြည့်စုံစုံ ပြန်လည်တင်ပြပြီး ဦးနေဝင်းရဲ့ ပြော ကြားချက်တွေအပေါ်မှာ ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။အဲဒီအချိန်တုန်းက ရန်ကုန်တက္ကသိုလ်ဟာ အထက်တန်းကျောင်း တွေလို ယခုခေတ်တက္ကသိုလ်တွေလို အစိုးရရဲ့လက်အောက်ခံ၊ အစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ပညာရေးအဖွဲ့အစည်း (Educational Institution) တခုမဟုတ်သလို အလွတ်ပညာသင်ကျောင်းတကျောင်းလို အစိုးရနဲ့ လုံးဝကင်းလွတ်တဲ့ အဖွဲ့အစည်းလဲ မဟုတ်ပါဘူး။
အစိုးရအထောက်အပံ့ခံ သီးခြားလွတ်လပ်တဲ့ ပညာရေးအဖွဲ့အစည်းကြီးတခု ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အုပ်ချုပ် ရေး၊ ဘဏ္ဍာရေး၊ စာပေသင်ကြားရေးလုပ်ငန်းတွေကို ပုံမှန်လည်ပတ်နေအောင် အချိန်ပြည့်တာဝန်ယူဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်က ပါမောက္ခချုပ် ဖြစ်ပါတယ်။ အဲဒီတုန်းက ပါမောက္ခချုပ်တွေဟာ ယနေ့ ပါမောက္ခချုပ်တွေလို အစိုးရဝန်ထမ်းတ ယောက်မဟုတ်ပါဘူး။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့အဆင့်အမြင့်ဆုံးတာဝန် အကြီးဆုံးဝန်ထမ်းကြီးတဦးသာ ဖြစ်ပါတယ်။
အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဟာ အစိုးရဝန်ထမ်းမဟုတ်တဲ့အတွက် ယခုခေတ် ပါမောက္ခချုပ်တွေလို ဝန် ကြီးက ဖုန်းဆက်ပြီး ဘယ်အချိန်မှာ လာတွေ့ပါဆိုရင် အူယားဖားယားပြေးတွေ့စရာ မလိုဘူး။ ဝန်ကြီးကလည်း ဖုန်းဆက် ပြီး ခေါ်ပိုင်ခွင့်မရှိပါဘူး။
အဲဒီတော့ ပါမောက္ခချုပ်ကြီးဟာ ရန်ကုန်တက္ကသိုလ်ကြီးကို သူထင်ရာမြင်ရာတွေ လျှောက်လုပ်နေလို့ရ သလားဆိုတဲ့ မေး ခွန်းမေးစရာရှိလာပါတယ်။
အဲဒီလိုလဲ လုပ်လို့မရပါဘူး ပါမောက္ခချုပ်ကြီးရဲ့အထက်မှာ ရန်ကုန်တက္ကသိုလ်ကြီးကို ကွပ်ကဲကြီးကြပ်နေတဲ့ ရန်ကုန် တက္ကသိုလ်ကောင်စီဆိုတာ ရှိပါတယ်။ အဲဒီရန်ကုန်တက္ကသိုလ်ကောင်စီဟာ ပုံမှန်အစည်းအဝေးတွေကျင်းပပြီး (အရေး
ပေါ်လာရင်လည်း အရေးပေါ်အစည်းအဝေးကျင်းပနိုင်ပါတယ်) ပါမောက္ခချုပ်ကြီးကို လမ်းညွှန်မှုတွေ ပေါ်လစီတွေ ချမှတ် ပေးပါတယ်။ ပါမောက္ခချုပ်ကြီးဟာ အဲဒီလမ်းညွှန်ချက်တွေ ပေါ်လစီတွေနဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို ပဲ့ကိုင်ဦးဆောင်နေ ပါတယ်။
ရန်ကုန်တက္ကသိုလ်ကောင်စီထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်တွေက အစိုးရကခန့်အပ်ထားတဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရန် ကုန်တက္ကသိုလ်က ဘွဲ့ရရှိထားသူများရဲ့ ကိုယ်စားလှယ်များ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ကိုယ်စားလှယ် များ စသည်ဖြင့် ပါဝင်ကြပါတယ်။
တက္ကသိုလ်ကောင်စီရဲ့ အကြီးအကဲပုဂ္ဂိုလ်က ပညာရေးဝန်ကြီးဖြစ်ပါတယ်။ သူ့ကို တက္ကသိုလ် အဓိပတိ (University Chancellor) လို့ခေါ်ပါတယ်။ ပညာရေးဝန်ကြီးကို တက္ကသိုလ်အဓိပတိလို့ခေါ်တာကလည်း ဂုဏ်ထူးဆောင်ခေါ်ထားတဲ့ သဘောဖြစ်ပါတယ်။ သူဟာ တက္ကသိုလ်ကောင်စီအစည်းအဝေးတိုင်းကို မတက်ပါဘူး။ တိုက်ရိုက်လည်း မအုပ်ချုပ်ပါဘူး။
ရန်ကုန်တက္ကသိုလ်ကောင်စီမှာ အမြဲပါဝင်ပတ်သက်နေသူက တက္ကသိုလ်ရဲ့ ဒုတိယအဓိပတိ (Vice Chancellor) ဖြစ်ပါ တယ်။ အဲဒီ တက္ကသိုလ်ရဲ့ ဒုတိယအဓိပတိကိုတော့ အစိုးရက တရားရေးဝန်ကြီး (Justice) တဦးကို ခန့်အပ်တာကို တွေ့ ရပါတယ်။
ကျနော်တို့ တက္ကသိုလ်တက်ရောက်စာသင်နေစဉ် တလျှောက်လုံးမှာ တရားရေးဝန်ကြီး ဦးဘိုကြီးဆိုတဲ့ ပုဂ္ဂိုလ်ကြီးအနေ နဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယအဓိပတိအဖြစ် ဆောင်ရွက်တာကို တွေ့ရပါတယ်။
အဲဒီတုန်းက နိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီးသုံးခုဖြစ်တဲ့ တရားရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားဥပဒေပြုရေးမဏ္ဍိုင်တွေ ရှိခဲ့ရာ မဏ္ဍိုင်ကြီးတခုက တခြားမဏ္ဍိုင်ကြီးတခုအပေါ်မှာ လွှမ်းမိုးချယ်လှယ်လို့ မရပါဘူး။ တက္ကသိုလ်ကောင်စီမှာ အနီး ကပ်တာဝန်ယူနေတဲ့ တက္ကသိုလ်ဒုတိယအဓိပတိကို တရားရေးကပုဂ္ဂိုလ်ကို တာဝန်ပေးထားတာက တက္ကသိုလ်ရေးရာ တွေမှာ အစိုးရအဖွဲ့က တိုက်ရိုက်မပါဝင်ဘူးဆိုတဲ့သဘော ရပါတယ်။
အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ရဲ့ဘဏ္ဍာငွေ ကြီးကြပ်ကွပ်ကဲမှုကလည်း ယခုအချိန်နဲ့ မတူပါဘူး။ ယခုအခါမှာ နိုင်ငံ တော်အစိုးရက တစုတပေါင်းတည်းရံပုံငွေ (Consolidated fun) ကို တည်ထောင်ထားပြီး အဲဒီ တစုတပေါင်းတည်း ရံပုံ ငွေထဲကမှ ပညာရေးအတွက် ဘယ်လောက်၊ ကျန်းမာရေးအတွက် ဘယ်လောက်ဆိုတာ ခွဲဝေပေးပါတယ်။ ပညာရေးအ တွက်ရတဲ့ဘဏ္ဍာငွေထဲက ရန်ကုန်တက္ကသိုလ်အတွက် ဘယ်လောက်ဆိုတာကို ထပ်မံခွဲဝေချထားပေးပါတယ်။ တက္က သိုလ်ရဲ့ဝင်ငွေများဖြစ်တဲ့ ကျောင်းလခ၊ စာမေးပွဲဝင်ကြေး စသည်များကိုလည်း တက္ကသိုလ်ရံပုံငွေအဖြစ် ကိုင်တွယ်ထား ခြင်း၊ သုံးစွဲခြင်း မပြုလုပ်ရပါဘူး။ အဲဒီရငွေအားလုံးကို နိုင်ငံတော်ရဲ့ တလုံးတစည်းတည်းရံပုံငွေထဲကို ထည့်လိုက်ရပါ တယ်။
အဲဒီအချိန်တုန်းက ရန်ကုန်တက္ကသိုလ်ရဲ့ ရံပုံငွေကို သီးခြားရံပုံငွေအဖြစ်တည်ထောင်ထားပြီး ဘဏ်မှာလည်း သီးခြားစာ ရင်းဖွင့်ထားပါတယ်။ အဲဒီသီးခြားရံပုံငွေထဲကို အစိုးရက တက္ကသိုလ်ရဲ့ တနှစ်တာခန့်မှန်း ကုန်ကျငွေရဲ့ ၄ဝ%၊ ၅ဝ% စသ ဖြင့် ထောက်ပံ့ထည့်ဝင်ပေးပါတယ်။ ကျောင်းလခ၊ အဆောင်လခ၊ စာမေးပွဲဝင်ကြေးနဲ့ တခြားရငွေများ (ဥပမာ နာမည် တခါပြောင်းရင် ငါးကျပ်ပေးသွင်းရပါတယ်) ဝင်ငွေအားလုံးဟာ တက္ကသိုလ်ရံပုံငွေထဲ ဝင်သွားပါတယ်။ သီးခြားတဦးချင်း အလှူရှင်ရှိရင်လည်း အဲဒီအလှူငွေဟာ ရန်ကုန်တက္ကသိုလ်ရံပုံငွေထဲကို ဝင်သွားပါတယ်။ ရန်ကုန်တက္ကသိုလ်ကောင်စီက အဲဒီတက္ကသိုလ်ရံပုံငွေတွေကို သင့်တော်သလို ပြန်လည်ခွဲဝေသုံးစွဲပါတယ်။
တက္ကသိုလ်ရဲ့ ပညာရေးနဲ့ပတ်သက်ရင်တော့ ပါမောက္ခချုပ်ဦးဆောင်ပြီး တက္ကသိုလ်ပါမောက္ခကြီးများပါဝင်တဲ့ ပညာရေး အဖွဲ့ (ှနညအေန) က ပညာရေးစီမံခန့်ခွဲမှုကို လုပ်ပါတယ်။ အဲဒီလို တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးတွေ၊ပညာရေးတွေ၊ဘဏ္ဍာ ငွေကွပ်ကဲကြီးကြပ်မှုတွေကို အစိုးရက တိုက်ရိုက်ဝင်ရောက်ကိုင်တွယ်ခြင်း မပြုပါဘူး။ သူတို့တင်ပြချင်တဲ့လုပ်ငန်း၊ အစီ အစဉ်တွေကို အစိုးရကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူကြီးများကတဆင့် တက္ကသိုလ်ကောင်စီ အစည်းအဝေး တွေမှာ တင်ပြဆွေးနွေး အဆုံးအဖြတ်ခံယူပါတယ်။
ပါမောက္ခချုပ်ခန့်အပ်တာကို တက္ကသိုလ်ကောင်စီက နိုင်ငံတကာကို လျှောက်လွှာခေါ်ယူပြီး လျှောက်ထားသူတွေထဲက ပညာအရည်အချင်းတွေ၊ ပညာရေးအတွေ့အကြုံတွေကို နှိုင်းယှဉ်သုံးသပ်ပြီး စိတ်ကြိုက်ရွေးချယ်ခန့်ထားပါတယ်။ ယခု ခေတ်လို ပါမောက္ခချုပ်ကို နိုင်ငံတော်ပြန်တမ်းနဲ့ မခန့်အပ်ပါဘူး။
ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာထင်အာင် ပါမောက္ခချုပ်တာဝန်များမှ အနားယူတဲ့အချိန်မှာ ဒေါက်တာလှမြင့် က ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်အဖြစ် တာဝန်များကို ဆက်ခံပါတယ်။ ဒေါက်တာလှမြင့်ဟာ နိုင်ငံခြားတက္ကသိုလ် တခုမှာ တာန်ထမ်းဆောင်နေရင်းက လစ်လပ်တော့မဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ရာထူးကို လျှောက်လွှာတင်တဲ့အ တွက် ရန်ကုန်တက္ကသိုလ်ကောင်စီက ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
တက္ကသိုလ်ကောင်စီအစည်းအဝေးတွေမှာ အရေးပါတဲ့ကောင်စီဝင်တွေက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကောင်စီမှာ ကျောင်းသားသမဂ္ဂရဲ့ ကိုယ်စားလှယ်က (၂) ဦးပါဝင်ခွင့် ရပါတယ်။ အဲဒီသမဂ္ဂကိုယ်စားလှယ် (၂) ဦးကို တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့က ရွေးချယ်တာဝန်ပေး ပါတယ်။ များသောအားဖြင့် ကျောင်းသားခေါင်းဆောင်ဟောင်း၊ တရားရုံးချုပ်ရှေ့နေကြီးများ ဖြစ်ကြပါတယ်။ ကျနော်တို့ ခေတ်က တကသကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်လူဦး (၂) ဦးအနက် တဦးက ဒုတိယကမ္ဘာစစ် စစ်ကြိုခေတ်က တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းတယောက်ဖြစ်တဲ့ တရားရုံးချုပ်ရှေ့နေကြီး ဦးတီပီဝမ်း (ယခု ကွယ် လွန်) ဖြစ်ပြီး နောက်တယောက်က စစ်ပြီးစ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းတဦး ဖြစ်တဲ့ တရားရုံးချုပ် ရှေ့ နေကြီး ဦးမောင်မောင်ကျော် (နောက်ပိုင်း ဒေါက်တာမောင်မောင်ကျော်၊ ယခု ကွယ်လွန်) တို့ ဖြစ်ကြပါတယ်။
တက္ကသိုလ်ကောင်စီ ပုံမှန်အစည်းအဝေးမပြုလုပ်မီအချိန် တပါတ် ၁ဝ ရက်လောက် (ရက်အတိအကျ မမှတ်မိတော့ပါ) စောပြီးက တက္ကသိုလ်ကောင်စီမှာ ဆွေးနွေးကြမည့် အစည်းအဝေးအစီအစဉ် (Agenda) တွေကို ကောင်စီဝင်လူကြီး တွေဆီကို ပေးပို့ပါတယ်။ အဲဒီလို တက္ကသိုလ်ကောင်စီအစည်းအဝေး အစီအစဉ်တွေ ဖြန့်ဝေပြီး အစည်းအဝေးမပြုလုပ်မီ အချိန်အတွင်း ရက်တရက်မှာ တကသကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင် တရားရုံးချုပ်ရှေ့နေကြီး(၂)ဦးနဲ့ တကသ အမှုဆောင်အဖွဲ့တို့တွေ့ဆုံပြီး တက္ကသိုလ်ကောင်စီ အစည်းအဝေးအစီအစဉ်တွေကို အစီအစဉ်တခုချင်း စီစစ်ဆွေးနွေး ကြပါတယ်။ တကသ အမှုဆောင်များကလည်း သူတို့လိုချင်တာတွေကို တင်ပြကြပါတယ်။
တရားရုံးချုပ်ရှေ့နေကြီးများကလည်း ဥပဒေသဘောအရ အုပ်ချုပ်ရေးသဘောအရ တကသအမှုဆောင်အဖွဲ့ရဲ့ တင်ပြ ချက်တွေကို ဖြစ်နိုင်ချေ ရှိမရှိဆိုတာကို ပြန်လည်ဆွေးနွေးပြီး နှစ်ဘက်သဘောတူ တက္ကသိုလ်ကောင်စီအစည်းအဝေး တွင် တင်ပြမည့် အချက်အလက်များကို ဆုံးဖြတ်ချမှတ်ကြပါတယ်။
တကသကိုယ်စားလှယ်တက္ကသိုလ်ကောင်စီဝင် တရားရုံးချုပ်ရှေ့နေကြီး (၂)ဦးက တကသ အမှုဆောင်အဖွဲ့နဲ့ ညှိနှိုင်း ဆွေးနွေးသဘောတူထားတဲ့ အချက်အလက်တွေကို အခြေခံထားပြီး တက္ကသိုလ်ကောင်စီ အစည်းအဝေးမှာ ထောက်ခံ သင့်တာ ထောက်ခံ၊ ကန့်ကွက်သင့်တာ ကန့်ကွက်၊ အဆိုတင်သင့်တာ အဆိုတင် စသည်ဖြင့်ဆောင်ရွက်ကြပါတယ်။
တက္ကသိုလ်ကောင်စီ အစည်းအဝေးပြီးဆုံးပြီးလျှင်လည်း သင့်တော်သော နေ့တနေ့တွင် တကသကိုယ်စားလှယ် တက္က သိုလ်ကောင်စီဝင် တရားရုံးချုပ်ရှေ့နေကြီး (၂)ဦးနှင့် တကသအမှုဆောင်အဖွဲ့တို့ ပြန်လည်တွေ့ဆုံပြီး တက္ကသိုလ်ကောင် စီအစည်းအဝေးရဲ့ အခြေအနေတွေကို ပြန်လည်ပြောကြား ဆွေးနွေးပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့အနေနှင့် တက္ကသိုလ်ကောင်စီအစည်းအဝေးတွင် ကိုယ်တိုင်တက် ရောက်ခွင့်မရပေမယ့် တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ သဘောထားတွေ၊ တောင်းဆိုချက်တွေကို တကသကိုယ်စား လှယ် တရားရုံးချုပ်ရှေ့နေကြီး (၂) ဦးမှတဆင့် တင်ပြဆွေးနွေး တောင်းဆိုပိုင်ခွင့် အပြည့်အဝရှိပါတယ်။
ဒါကြောင့်မို့ ရန်ကုန်တက္ကသိုလ်ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေဟာ တက္ကသိုလ်ကျောင်းသားထုကို ကိုယ်စားပြုထားတဲ့ ကျောင်းသားသမဂ္ဂရဲ့ သဘောထားတွေနဲ့ ထိပ်တိုက်ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်မလာပါဘူး။
အဲဒီလို တက္ကသိုလ်ကောင်စီက ကျောင်းသားထုဆန္ဒနဲ့ အပြန်ပြန်အလှန်လှန် ညှိနှိုင်းပြီး ထွက်ပေါ်လာတဲ့စည်းကမ်းတွေနဲ့ ၁၉၂ဝ ခုနှစ် ပထမကျောင်းသားသပိတ်ကြီးပြီးဆုံးချိန်ကစပြီး ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာရရှိလာချိန်အထိ ရန်ကုန် တက္ကသိုလ်ကျောင်းသားများဟာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ စာပေသင်ကြားခဲ့ရပါတယ်။
၁၉၆၂ ခုနှစ်မတိုင်မီက တက္ကသိုလ်ကျောင်းဆောင်တွေမှာ နေထိုင်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အခြေအနေ တွေကိုလည်း တင်ပြလိုပါတယ်။
တက္ကသိုလ်အဆောင်တွေမှာနေကြတဲ့ ကျောင်းသူကျောင်းသားတွေဟာ အထက်ကပြောခဲ့တဲ့ တက္ကသိုလ်ကောင်စီက ချမှတ်ထားတဲ့ အဆောင်စည်းကမ်းတွေကို လိုက်နာရသလို တဖက်မှာလည်း ဘယ်သူမှ တိတိကျကျ သတ်မှတ်မထား ပေမယ့် ကိုယ့်အသိနဲ့ကိုယ် လူမှုရေးစည်းကမ်းတွေကို စောင့်ထိန်းကြရပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းဆောင်ဆို တာ အဲဒီအချိန်က မြန်မာပြည်တပြည်လုံးက ကျောင်းသားတွေ စုစည်းနေထိုင်ကြတဲ့နေရာဖြစ်ပြီး ဘာသာမျိုးစုံ၊ ယဉ်ကျေးမှုစရိုက်မျိုးစုံ၊ အရပ်ဒေသမျိုးစုံက ကျောင်းသား
ကျောင်းသူတွေ ပါဝင်ကြပါတယ်။
အဆောင်မှာနေထိုင်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ကိုယ့်အခန်းပါတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဘာသာမတူ၊ ယဉ်ကျေးမှုစရိုက်မတူ၊ အရပ်ဒေသမတူတဲ့ တခြားကျောင်းသားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လူမှုရေးစည်းကမ်း တွေကို စောင့်ထိန်းနေထိုင်ကြရပါတယ်။
အဆောင်မှာနေတဲ့ ကျောင်းသားတွေထဲမှာ အရက်သေစာ ကြိုက်နှစ်သက်တဲ့ ကျောင်းသားတချို့လည်းရှိပါတယ်။ ဘေး ပါတ်ဝန်းကျင်က အခန်းတွေက ကျောင်းသားတွေကိုအားနာပြီး အခန်းထဲမှာ အရက်မသောက်ဘဲ လှည်းတန်းထိပ်က တ ရုတ်ဆိုင်မှာ တိတ်တိတ်သွားသောက်တဲ့ ကျောင်းသားတချို့ ရှိပါတယ်။ အခန်းဘေးက ကျောင်းသားတွေကို အားနာလို့ အဆောင်ကို မူးပြီးပြန်မလာရဲပါဘူး။ အမူးပြေမှဘဲ အဆောင်ကို ဟန်မပျက် ပြန်လာတတ်ကြပါတယ်။ အဆောင်တွေမှာ အရက်မူးပြီး ဆူပူ သောင်းကျန်းတယ်ဆိုတာ မရှိပါဘူး။
အဲဒီအချိန်တုန်းက အမျိုးသမီးကိစ္စ ဝါသနာပါတဲ့ကျောင်းသားကြီးတချို့ အဆောင်မှာရှိပါတယ်။ အထူးသဖြင့် ဒုတိယ ကမ္ဘာစစ်ကြောင့် ကျောင်းစနေတာနောက်ကျပြီး တက္ကသိုလ်ကို အသက်ကြီးမှ ရောက်လာကြသူတွေဖြစ်ပါတယ်။ သူတို့ အနေနဲ့ကလည်း သူတို့အဆက်အသွယ်ရှိတဲ့အိမ်ကို တိတ်တဆိတ်သွားကြပါတယ်။ အဲဒီလို သွားကြတယ်ဆိုတာကို တောင် ကိုယ့်အခန်းပတ်ဝန်းကျင်က တခြားကျောင်းသားတွေ အသိမခံရဲကြပါဘူး။
အဲဒီလို ကျောင်းသားများအဆောင်နေကြတဲ့အခါမှာ အဆောင်နေ တက္ကသိုလ်ကျောင်းသားတွေ အနေနဲ့ တက္ကသိုလ် ကောင်စီက ချမှတ်ထားတဲ့ အဆောင်စည်းကမ်းတွေကို လိုက်နာရတာထက် အခန်းအနီးအနား ပတ်ဝန်းကျင်က ကျောင်း သားတွေနဲ့၊ တရားဝင်မဟုတ်ဘဲ မသိမသာ သတ်မှတ်ထားကြတဲ့ လူမှုရေးစည်းကမ်းတွေကို လိုက်နာစောင့်ထိန်း နေ ထိုင်ရတာက ပိုမိုတင်းကျပ်ပါတယ်။
နောက်ပြီး အဆောင်မှာနေကြတယ်ဆိုတာက ကျောင်းသားတွေချည်းထားတာမှမဟုတ်ဘဲ အဆောင်မှာ အဆောင်မှူး (Warden) ဆိုတာ တယောက်ရှိပါတယ်။ ပါမောက္ခတဦး ဒါမှမဟုတ် ကထိက တဦးဦးက အဆောင်မှူးအဖြစ် ဆောင်ရွက် ပါတယ်။ အဆောင်အပေါ်ဆုံးထပ်မှာနေပါတယ်။ အဆောင်တိုင်းမှာ လက်ထောက်အဆောင်မှူးအဖြစ် တက္ကသိုလ်က လူ ပျိုလူလွတ် ဆရာတွေကို တာဝန်ပေးထားပါတယ်။ အဆောင်တိုင်းမှာ လက်ထောက်အဆောင်မှူးက အနည်းဆုံးတ ယောက်ရှိပါတယ်။ အဆောင်မှူး၊ လက်ထောက်အဆောင်မှူးတွေက အမြဲတမ်းလို ကျောင်းသားတွေကို စောင့်ကြည့်နေ ကြပါတယ်။
အဲဒီလို အခြေအနေမှာနေထိုင်ရတဲ့ အဆောင်နေတက္ကသိုလ်ကျောင်းသားတွေအနေနဲ့ ဦးနေဝင်း ပြောသလို “အဆောင် တွေမှာ ဖြစ်ချင်တိုင်းဖြစ်နေတယ်၊ ဘယ်လောက်ဆိုးသလဲဆိုရင် အဆောင်တွေမှာ အပြင်က…တွေကိုခေါ်အိပ်ကြတယ်” ဆိုတာဟာ ဖြစ်နိုင်ချေရှိမရှိဆိုတာ စဉ်းစားလို့ရနိုင်ပါတယ်။
နောက်တချက် ငွေရေးကြေးရေးဘက်ကနေပြီး ရှင်းပြပါမယ်။ အဲဒီအချိန်တုန်းက အဆောင်နေ တက္ကသိုလ်ကျောင်းသား တယောက်ဆီကို မိဘများအနေနဲ့ တလကို ကျောင်းစရိတ် ငွေ ၁ဝဝ ကျပ်ကနေ ၁၂၅ ကျပ်အတွင်းလောက်ပဲ ပို့နိုင်ကြပါ တယ်။ ကျောင်းလခ ၁၅ ကျပ်နဲ့ နေခ၊ စားစရိတ်အပါအဝင် အဆောင်ခ ၅၅ ကျပ် (ဆေးကျောင်းတွင် ၆ဝ ကျပ်) တက္က သိုလ်ကို ပေးသွင်းရပါတယ်။ ကျောင်းသားတယောက်အတွက် တလလုံး သုံးစရာငွေ ၃ဝ ကျပ်နဲ့ ၅ဝ ကျပ်အကြား လောက်ပဲ ကျန်ပါတော့တယ်။ ဦးနေဝင်းပြောတဲ့ ….ဟာတွေ အဆောင်ကို ခေါ်အိပ်ဖို့ဆိုတာ အဲဒီလောက် ငွေရေးကြေး ရေး အခြေအနေနဲ့ ခေါ်အိပ်နိုင်တဲ့ အနေအထားမရှိပါဘူး။
အဲဒီအချက်တွေကိုကြည့်ရင် ဦးနေဝင်းပြောတဲ့ “အဆောင်မှာ ဖြစ်ချင်တိုင်းဖြစ်နေတယ်” ဆိုတဲ့ အချက်ဟာ တမင်သက် သက် စွပ်စွဲပြောဆိုတာသာဖြစ်တယ်ဆိုတာကို သဘောပေါက်လောက်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကောင်စီ အစည်းအ ဝေးအကြောင်းကို ပြန်ဆက်ပါ့မယ်။ တက္ကသိုလ်ကောင်စီ အစည်းအဝေးတိုင်းမှာ တကသ ကိုယ်စားလှယ်၊ တက္ကသိုလ် ကောင်စီဝင် တရားရုံးချုပ်ရှေ့နေကြီး (၂) ဦးရဲ့ ဆွေးနွေးတင်ပြချက်တွေကို ကျန်တက္ကသိုလ်ကောင်စီဝင်များက အလေး ထား ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီလို အလေးထားဆွေးနွေးကြတာ ဘာကြောင့်လဲ။
တကသ ကိုယ်စားလှယ် တရားရုံးချုပ်ရှေ့နေကြီး (၂) ဦးရဲ့ ဆွေးနွေးတင်ပြချက်တွေဟာ တကသရဲ့ သဘောထားတွေ၊ ကျောင်းသားထုတရပ်လုံးရဲ့ သဘောထားတွေဖြစ်နေလို့ ဖြစ်ပါတယ်။
စစ်ပြီးခေတ် တက္ကသိုလ်ကျောင်းသားတွေထဲမှာ စာပဲကျက်မယ်၊ ကျန်တာတွေ စိတ်မဝင်စားဘူးဆိုတဲ့ ကျောင်းသား အ နည်းငယ်ရှိပေမယ့် တက္ကသိုလ်ကျောင်းသား အများစုခံယူထားတာက တက္ကသိုလ်မှာ ကျောင်းတက်တယ်ဆိုတာ စာသင် ရုံသက်သက် မဟုတ်ဘူး။ အနယ်နယ်အရပ်ရပ်က တက္ကသိုလ်မှာ ကျောင်းလာတက်ကြတဲ့ ဘာသာမျိုးစုံ၊ လူမျိုးစုမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ၊ အယူအဆမျိုးစုံရှိတဲ့ ကျောင်းသားတွေဟာ စာသင်ခန်းတွေမှာ အတူတူစာသင်ကြ၊ ကျောင်းဆောင်တွေ မှာ အတူနေထိုင်ကြ၊ တဦးနဲ့တဦး ခင်မင်ကြ၊ ရင်းနှီးကြ၊ တဦးကိုတဦး ကူညီကြ၊ တဦးနဲ့တဦး ပေါင်းသင်းဆက်ဆံကြနဲ့ လူ မှုဆက်ဆံရေး ပညာကိုပါ ရယူနိုင်ဖို့ လိုအပ်တယ်လို့ ခံယူကြပါတယ်။
ဒါကြောင့်မို့လည်း တက္ကသိုလ်မှာ လူမှုဆက်ဆံရေးဆိုင်ရာ အသင်းအဖွဲ့တွေ အများကြီးရှိပါတယ်။ ခရိုင်အသင်းတွေ (ဥပ မာ – မြောင်းမြအသင်း၊ မိတ္ထီလာအသင်း စသည်ဖြင့်)၊ လူမျိုးစုအသင်းတွေ (ရှမ်းကျောင်းသားများအသင်း၊ ရခိုင်ကျောင်း သားများအသင်း စသည်ဖြင့်)၊ ဘာသာရပ်ဆိုင်ရာအသင်းအဖွဲ့တွေ (သင်္ချာအသင်း၊ ပထဝီအသင်း စသည်ဖြင့်)၊ ဘာသာ ရေးအသင်းတွေ (ဗုဒ္ဓဘာသာအသင်း၊ ခရစ်ယန်အသင်း စသည်ဖြင့်) အမျိုးမျိုးဖွဲ့စည်းထားကြပါတယ်။
အဲဒီအသင်းအဖွဲ့တွေအနေနဲ့လည်း သူတို့အသင်းရဲ့ လှုပ်ရှားမှုအနေနဲ့ ပျော်ပွဲစားခရီးစဉ်တွေ၊ ဘုရားဖူးခရီးစဉ်တွေ၊ ညစာ စားပွဲ တွေ စသည်ဖြင့် လုပ်ဆောင်ကြပါတယ်။
တက္ကသိုလ်အဆောင်တွေအနေနဲ့လည်း အဆောင်သဟာယနှင့် စာဖတ်အသင်း (ှရျွ) အမှုဆောင်အဖွဲ့တွေက ဦးဆောင် ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ နှစ်ပတ်လည် ညစာစားပွဲကြီး (Annual dinner) တွေကို တဆောင်နဲ့တဆောင် အပြိုင် အဆိုင် ပြုလုပ်ကြပါတယ်။ အဲဒီအဆောင် နှစ်ပတ်လည် ညစာစားပွဲကြီးတွေမှာ အငြိမ့်ငှားတဲ့အဆောင်က အငြိမ့်ငှား၊ နာ မည်ကျော် အဆိုတော်တွေကိုဖိတ်ပြီး Free stage show တွေလုပ်တဲ့အဆောင်ကလုပ်နဲ့ အလွန် ပျော်စရာကောင်းပါ တယ်။
အဲဒီအသင်းအဖွဲ့တွေရဲ့ အသင်းလှုပ်ရှားမှုပွဲတွေ၊ အဆောင်နှစ်ပတ်လည်ညစာစားပွဲတွေမှာ အသင်းသားတွေ၊ အဆောင် သားတွေသာမကဘဲ အသင်းသားတွေ၊ အဆောင်သားတွေနဲ့ ရင်းနှီးခင်မင်တဲ့ မိတ်ဆွေတွေအတွက်ပါ လက်မှတ်ဝယ် ယူပြီး ဖိတ်ကြားလို့ရပါတယ်။ ဥပမာအနေနဲ့ပြောရရင် မိတ္ထီလာအသင်းရဲ့ပွဲမှာလည်းတခြား အနယ်နယ်အရပ်ရပ်က ကျောင်းသားများ ပါဝင်နိုင်ကြပါတယ်။ နှစ်ပတ်လည် အဆောင်ညစာစားပွဲကြီးမှာလဲ ကိုယ်နဲ့ခင်မင်ရာ သူငယ်ချင်းအမျိုး သားတွေ၊ အမျိုးသမီးတွေကို လက်မှတ်ဝယ်ပြီး ဖိတ်ကြားလို့ရပါတယ်။
ချစ်သူ ရည်းစားရှိတဲ့သူတွေကတော့ အဲဒီလိုနှစ်ပတ်လည်ညစာစားပွဲကြီးမှာ ချစ်သူကို ဖိတ်ပြီးပွဲထုတ်ကြပါတယ်။ အဲဒီလို အသင်းအဖွဲ့မျိုးစုံရဲ့ ပွဲလမ်းသဘင်တွေဟာ ဇွန်လ တက္ကသိုလ်ကျောင်းပြန်ဖွင့်လှစ်တဲ့ အချိန်ကစပြီး ဒီဇင်ဘာလလယ် လောက်အထိ အပါတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းလိုလို တက္ကသိုလ်နယ်မြေမှာ အသံချဲ့စက်သံ၊ သီချင်းသံတညံညံနဲ့ ကျင်းပပြုလုပ်ကြပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ အဲဒီလိုအသင်းတွေအပြင် တက္ကသိုလ်ကျောင်းသားအချင်းချင်း ဝါသနာတူရာ စုပေါင်းဖွဲ့စည်းထား တဲ့ အသင်းတွေလည်းရှိပါတယ်။ စာပေဝါသနာပါသူများ စုပေါင်းဖွဲ့စည်းထားတဲ့ ရန်ကုန်တက္ကသိုလ် ကလောင်အသင်း ဆိုတာလည်း ရှိပါတယ်။ အဲဒီအသင်းမှာ ကလောင်သွေးကြပြီးစာရေးဆရာ၊ စာရေးဆရာမကြီးတွေ ဖြစ်သွားတာလည်း
အများကြီးရှိပါတယ်။
အနုပညာဝါသနာပါသူတွေစုပေါင်းပြီး ရန်ကုန်တက္ကသိုလ်အနုပညာအသင်းဆိုတာလည်း ရှိပါသေးတယ်။ အဲဒီအသင်းမှာ ဆိုကြ၊ တီးကြ၊ ကကြနဲ့ ကိုယ်ဝါသနာပါတာကို လေ့ကျင့်လို့ရပါတယ်။ အဲဒီအသင်းသူ အသင်းသားတွေထဲက ယဉ်ကျေး မှုဌာန အရာရှိကြီးတွေ ပန်တျာကျောင်းအုပ်ဆရာကြီးတွေ ဖြစ်သွားကြတဲ့သူတွေရှိပါတယ်။ အားကစားမှာလည်း ကိုယ်ဝါ သနာပါရာ အားကစားကို လေ့ကျင့်ရင်း ကျွန်းဆွယ်အားကစားပွဲ (ယခုလို အာဆီယံအားကစားပြိုင်ပွဲမခေါ်သေးပါ) မှာ ရွှေတံဆိပ်ရခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ အထက်ကဖော်ပြခဲ့တဲ့ အသင်းအဖွဲ့တွေရဲ့ အမှုဆောင်အဖွဲ့ဝင်တွေကို ရွေးချယ် တင်မြှောက်တဲ့အ ခါမှာလည်း အသင်းဝင်များက မဲပေးပြီး လွတ်လွတ်လပ်လပ်ရွေးချယ်ကြပါတယ်။ အမှုဆောင်တဖွဲ့လုံးမှာ ကျောင်းသား တွေပဲ ပါဝင်ပါတယ်။ ဘယ်အသင်းကိုတော့ ဘယ်ဆရာက တာဝန်ယူပြီး ကြီးကြပ်ရမယ်၊ ခေါင်းဆောင်ရမယ်ဆိုတာ တက္ကသိုလ်က တာဝန်ပေးထားခြင်းမရှိပါဘူး။
အဲဒီလို ရန်ကုန်တက္ကသိုလ်မှာ အသင်းအဖွဲ့တွေရဲ့ ပွဲလမ်းသဘင်တွေအပြင် တက္ကသိုလ်မှာ တခြားနာမည်ကြီးတဲ့ ပွဲလမ်း တွေက အများကြီးရှိပါသေးတယ်။ “တက္ကသိုလ်စကားရည်လုပွဲ” ကလည်း တက္ကသိုလ်ကျောင်းသူကျောင်းသားတိုင်း စိတ်ဝင်စားကြတဲ့ပွဲတပွဲပါ။ ရွှေဘိုဆောင်နဲ့ သီရိဆောင် စကားရည်လုပွဲ၊ ရာမညဆောင်နဲ့ ရတနာဆောင် စကားရည်လုပွဲ စသည်ဖြင့် အမျိုးသားကျောင်းဆောင်တဆောင်က တဖက်၊ အမျိုးသမီးကျောင်းဆောင်တဆောင်က တဖက် အပြိုင်အ ဆိုင် စကားနိုင်လုကြတဲ့ပွဲတွေ ဖြစ်ပါတယ်။ စကားရည်လုပွဲကျင်းပရာ ဝိဇ္ဇာခန်းမကြီးတခုလုံး ကျောင်းသားကျောင်းသူ တွေ ပြည့်ကျပ်နေပြီး လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ အလွန်ပျော်စရာကောင်းတဲ့ပွဲတပွဲ ဖြစ်ပါတယ်။
နောက် ကျောင်းသူကျောင်းသားများ အလွန်နှစ်သက်သဘောကျပြီး ပျော်ရွှင်ကြတဲ့ပွဲတပွဲက “ဉာဏ်ကြီးရှင်ဖြေဆိုပွဲ” ဖြစ် ပါတယ်၊ တက္ကသိုလ်ကျောင်းသူကျောင်းသားတိုင်း မေးခွန်းမေးခွင့်ရှိပြီး မေးခွန်းများကိုစာဖြင့် ကြိုတင်ပေးပို့ထားရပါ တယ်။
ဖြေဆိုသူ ဉာဏ်ကြီးရှင်များက များသောအားဖြင့် တက္ကသိုလ်ပါမောက္ခကြီးများ၊ ကတိက ဆရာကြီး ဆရာမကြီးများ ဖြစ် ကြပါတယ်။ တခါတရံ တက္ကသိုလ်ပြင်ပမှ စာရေးဆရာကြီးများ၊ ပညာရှင်ကြီးများကို ဖိတ်ကြားပြီး ဖြေဆိုခိုင်းတာလည်း ရှိပါတယ်။
ပုဂ္ဂိုလ်ရေးထိခိုက်နိုင်တဲ့မေးခွန်းများကို ဖယ်ထုတ်ပြီး ကျန်မေးခွန်းများကို မေးမြန်းသူ၏ အမည်ဝှက်များ အသုံးပြုပြီး အ ခမ်းအနားမှူးက ကျောင်းသူကျောင်းသားပရိသတ်ကြီးကို ဖတ်ပြပါတယ်။ အဲဒီမေးခွန်းကို စင်မြင့်ပေါ်မှာထိုင်နေတဲ့ ဆရာ ကြီး ဆရာမကြီးများထဲက ဘယ်သူကို ဖြေခိုင်းရင် သင့်တော်မလဲဆိုတာကို အခမ်းအနားမှူးက ရွေးချယ်ပြီး မေးခွန်းစာ ရွက်ကိုဖြေဆိုမဲ့ ဆရာကြီး ဆရာမကြီးထံပေးပြီး ဖြေဆိုခိုင်းပါတယ်။
ဥပမာအနေနဲ့ မေးခွန်းတခုမေးပုံဖြေပုံကို တင်ပြပါမယ်။ဘီအေဂုဏ်ထူးတန်းက မောင်ပုညဆိုတဲ့ အမည်ဝှက်ခံယူထားတဲ့ ကျောင်းသားတယောက်က မေးပါတယ်။ သူ့မေးခွန်းက “ရှေ့တုန်းက တက္ကသိုလ်ပြည်မှာ ပညာသင်ကြားတဲ့အခါ အ တော်ဆုံးတပည့်ကို ဒိသာပါမောက္ခကြီးက သူ့သမီးနဲ့ လက်ဆက်ပေးတဲ့ ထုံးစံရှိကြောင်း လေ့လာသိရှိရပါတယ်။ အခုကော ဒီထုံးစံအတိုင်း ကျင့်သုံးမှာပါလား ခင်ဗျား” တဲ့။
အခမ်းအနားမှူးက ဒီမေးခွန်းကို ဘယ်ဆရာကြီးကို ဖြေခိုင်းရမလဲဆိုတာ စဉ်းစားတဲ့ အမူအယာလုပ်ပြီး သမီးချောလေး ရှိတဲ့ ပါမောက္ခချုပ်ကြီးဆီကို ပေးပါတယ်။
ကျောင်းသူကျောင်းသားအားလုံးက ပါမောက္ခချုပ်ကြီး ဘယ်လိုဖြေမလဲဆိုတာကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါ တယ်။
ပါမောက္ခချုပ်ကြီးက မိုက်ကရိုဖုန်းရှိတဲ့နေရာကို လျှောက်လာပြီး အမိန့်ပြန်တန်းထုတ်တဲ့ အမူအယာလုပ်ပြီး “ဒီနေ့က လွတ်လပ်ရေးခေတ်၊ မော်ဒန်ခေတ် ဒါကြောင့် ဆွေ့မြည့်ဟောင်းနွမ်းတဲ့ အယူသီးမှုတွေ အားလုံးပယ်စေ” ဆိုပြီး အမိန့်ပြန် တန်းထုတ်ပါတယ်။
ခန်းမကြီးတခုလုံး လက်ခုပ်သံများဖြင့် မြည်ဟည်းသွားပါတယ်။
နောက်ရန်ကုန်တက္ကသိုလ်မှာ အလွန်ပျော်စရာကောင်းတဲ့ ပွဲတခုကတော့ ရန်ကုန်တက္ကသိုလ်နယ်မြေထဲက တန်ဆောင် တိုင်ပွဲ ဖြစ်ပါတယ်။
ပုံမှန်အနေနဲ့ ရန်ကုန်တက္ကသိုလ်မှာ အမျိုးသမီးအဆောင်အားလုံးကို ညနေ (၃း၃ဝ) မှ (၆းဝဝ) နာရီအထိ ဧည့်ချိန်အဖြစ် သတ်မှတ်ထားပြီး ဧည့်သည်များ လာရောက်ခွင့်ပြုထားပါတယ်။
တနှစ်တခါကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်ည (အဖိတ်နေ့ည) မှာ အမျိုးသမီးအဆောင်အားလုံးမှာ စတုဒီသာကျွေး မွေးကြပါတယ်။ အမျိုးသမီးအဆောင်တဆောင်မှာ မုန့်တမျိုးစီ ကျွေးပါတယ်။ အဲဒီ တန်ဆောင်တိုင်ပွဲတော်ညမှာ အမျိုး သမီးအဆောင်ခြံဝင်းတံခါးကို ညနေ (၆းဝဝ) နာရီမှ ည (၁ဝးဝဝ) နာရီအထိ ဖွင့်ပေးထားပြီး ဧည့်ခံခွင့်ပြုပါတယ်။
တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ အမျိုးသမီးအဆောင်ဝင်းထဲမှာ ရတောင့်ရခဲအခွင့်အရေးတခု အနေနဲ့ ည (၁ဝးဝဝ) ထိ လည်ပတ်ခွင့်ရတယ်ဆိုတော့ တက္ကသိုလ်ကျောင်းသားတိုင်း အဲဒီအခွင့်အရေးကို လက်လွှတ်မခံကြပါဘူး။ အဲဒီတန် ဆောင်တိုင်ပွဲညမှာ ပျော်ပျော်ပါးပါးအုပ်စုလိုက် အမျိုးသမီးအဆောင်တွေကို လှည့်လည်ပြီးစားကြသောက်ကြ တဦးနဲ့တ ဦး မိတ်ဆက်ကြနဲ့ အလွန်ပျော်စရာကောင်းပါတယ်။ ဒါထက် အခွင့်အရေးကောင်းရင် ချစ်သူမရှိသေးတဲ့သူတွေအနေနဲ့ ချစ်သူများပါ မျှော်လင့်နိုင်တဲ့ပွဲ ဖြစ်ပါတယ်။
နောက်ရန်ကုန်တက္ကသိုလ်ရဲ့အထင်ကရပွဲကြီးတခုကတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက (၂) နှစ်တကြိမ် ဦး စီးကျင်းပတဲ့ “ကျောင်းသားပွဲတော်” ဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ် “ရန်ကုန်တက္ကသိုလ်ကျောင်းသားညီညွတ်ရေး တပ်ဦး” အဖွဲ့က တကသရွေးကောက်ပွဲမှာ အနိုင်ရပြီး တကသအမှုဆောင်တွေ ဖြစ်လာကြတဲ့နှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါ တယ်။ ၁၉၅၄၊ ၁၉၅၆၊ ၁၉၅၈-၁၉၆ဝ ခုနှစ်၊ ဒီဇင်ဘာလ ကျောင်းပိတ်ရက်တွေမှာ ကျင်းပပြုလုပ်ခဲ့ ကြပါတယ်။ ၁၉၆ဝ ခုနှစ်ဟာ တကသဖွဲ့စည်းတာ အနှစ် (၃ဝ) မြောက်တဲ့ နှစ်ဖြစ်တဲ့အတွက် တကသနှစ် (၃ဝ) မြောက်အထိမ်းအမှတ်ပွဲနဲ့ ကျောင်းသားပွဲတော်ကို ပူးတွဲကျင်းပခဲ့ပါတယ်။
အဲဒီကျောင်းသားပွဲတော်မှာ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်သင်ကြားနေကြတဲ့လူမျိုးစုအသီးသီးက သူတို့လူမျိုးစု ရဲ့ရိုးရာယဉ်ကျေးမှုအကတွေနဲ့ တချိန်စီတာဝန်ယူပြီး တင်ဆက်ကပြကြပါတယ်။ တက္ကသိုလ်အဆောင် အသီးသီးက လည်း ယိမ်းတွေ၊ တေးသရုပ်ဖော်ပြဇာတ်တွေ၊ အငြိမ့်တွေ စသည်ဖြင့် တဆောင်နဲ့တဆောင် မတူအောင် အသီးသီးတာ ဝန်ယူတင်ဆက်ကပြကြပါတယ်။ ကျောင်းသားပွဲတော်ရဲ့အဓိကပြဇာတ်ကြီးကိုတော့ တကသ အမှုဆောင်အဖွဲ့က ဦးစီး တင်ဆက်ပါတယ်။ အဓိကပြဇာတ်ကြီးမှာ သရုပ်ဆောင်တဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများကို တက္ကသိုလ်ပြင် ပက အနုပညာရှင်တွေကို ဖိတ်ကြားပြီး သင်ကြားပေးပါတယ်။
တကသနဲ့ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေမှာ အဓိကလာရောက်ကူညီသင်ကြားပေးတဲ့ အနုပညာရှင်တွေကတော့ အဆို တော် ကိုလေးညွန့် (ကွယ်လွန်)၊ စန္ဒရားချစ်ဆွေ (ကွယ်လွန်)၊ အကယ်ဒမီ ကိုမြတ်လေး (ကွယ်လွန်)နဲ့ သူတို့အပေါင်း အဖော်များ ဖြစ်ပါတယ်။ အဆိုတော် ကိုလေးညွန့်ဟာ ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်ပြီး ကျောင်းသားလှုပ် ရှားမှုနဲ့ ပတ်သက်တဲ့ သီချင်းတွေအများအပြား ရေးသားခဲ့သူ ဖြစ်ပါတယ်။
ကျောင်းသားပွဲတော်မှာ ကပွဲများအပြင် စာပေအနုပညာပြိုင်ပွဲများ၊ ဒိုးပတ်ပြိုင်ပွဲများ၊ ဓါတ်ပုံပြပွဲ (အထူးသဖြင့် တကသ လှုပ်ရှားမှု မှတ်တမ်းတင်ဓါတ်ပုံများကို ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က စပြီးပြသထားပါတယ်။) ကာတွန်းပြပွဲစသည်တို့ ပါဝင်ပြသကြပြီး ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်းမှာ (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းသူကျောင်း သားအများအပြား သူ့အခန်းကဏ္ဍနဲ့သူ ပါဝင်လှုပ်ရှားကြပြီး တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတိုင်း အားပေးပျော်ရွှင် ကြတဲ့ ပွဲတော်ကြီးဖြစ်ပါတယ်။
အဲဒီလို (၂) နှစ်တကြိမ် ရန်ကုန်တက္ကသိုလ်ကျောင်းသားပွဲတော်တွေကို ကျင်းပလာခဲ့ရာ ၁၉၅၈ ခုနှစ် ကျောင်းသားပွဲ တော်မှာတော့ စိတ်မကောင်းစရာအဖြစ်အပျက်တချို့ ဖြစ်ပျက်ခဲ့ပါတယ်။
၁၉၅၈ ခုနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ကျောင်းသားပွဲတော်ကျင်းပနိုင်ရေးအတွက် ပြင်ဆင်နေတဲ့ အချိန်မှာ ဗိုလ်ချုပ် နေဝင်း က အောက်တိုဘာလအတွင်းမှာ Parliamentary coup d’etat လုပ်ပြီး လွှတ်တော်မှာ ဝန်ကြီးချုပ်အဖြစ် ခေါင်း ဆောင်ပြီး “အိမ်စောင့်အစိုးရ” ကို ဖွဲ့ပါတယ်။ ဦးနေဝင်းရဲ့ အစိုးရအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးသမား မဟုတ်တဲ့ ပြင်ပက သူ့စိတ်ကြိုက် ပုဂ္ဂိုလ်ကြီးတွေနဲ့ ဖွဲ့စည်းပါတယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက် အရေးအခင်းဖြစ် ပွားချိန်မှာ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်ဖြစ်နေတဲ့ ဦးကာ ဆိုတာ ဦးနေဝင်း အိမ်စောင့်အစိုးရအဖွဲ့ထဲမှာ ပညာရေး ဝန်ကြီးအဖြစ် ပါဝင်ပါတယ်။ အိမ်စောင့်အစိုးရဝန်ကြီးတွေအထဲမှာ စစ်ဗိုလ်တွေကိုတော့ မထည့်ပါဘူး။ ဒါပေမဲ့ အစိုးရဌာ နတိုင်းမှာ စစ်ဗိုလ်တွေကို အထူးအရာရှိရာထူးနဲ့ တွဲဖက်ထားပြီး ချုပ်ကိုင်ထားပါတယ်။
အဲဒီလို ဦးနေဝင်း အာဏာလွှဲပြောင်းရယူပြီးနောက် ပြည်သူလူထုကို တင်းကြပ်မှုတွေ၊ ချုပ်ချယ်မှုတွေ အများအပြားပြု လုပ်တဲ့အတွက် ပြည်သူလူထုတရပ်လုံး စိတ်ဆင်းရဲကြရပါတယ်။ အဲဒီလိုအချိန်မှာ စိတ်ဓါတ်ပြင်းထန်တဲ့ တက္ကသိုလ် ကျောင်းသားတချို့က တကသနဲ့ တက္ကသိုလ်ကျောင်းသားပွဲတော်ကျင်းပရေး ဗဟိုကော်မတီကို အဆိုတခုတင်သွင်းပါ တယ်။ သူတို့အဆိုက ယခုလို ဦးနေဝင်းခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရအမည်ခံ စစ်အစိုးရအုပ်ချုပ်နေတဲ့အတွက် မြန် မာနိုင်ငံတနိုင်ငံလုံး စိတ်ဆင်းရဲနေကြတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားပွဲတော် ကျင်းပမယ်ဆိုရင် “မသာ အိမ် (သူတို့သုံးတဲ့ စကားလုံးအတိုင်း ရေးထားတာပါ) မှာ အငြိမ့်ခံနေတာနဲ့ တူနေမယ်”။ ဒါကြောင့် ၁၉၅၈ ခုနှစ်၊ ဒီဇင် ဘာလမှာ ကျင်းပမဲ့ ကျောင်းသားပွဲတော်ကို ဖျက်သိမ်းရန်နဲ့ ပြုလုပ်နေတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းရန် အဆိုတင်ပါ တယ်။ တက္ကသိုလ်မှာရှိတဲ့ လူမျိုးစုအသင်းအဖွဲ့တွေ တက္ကသိုလ်အဆောင်တွေအနေနဲ့ကလည်း ကျောင်းသားပွဲတော်မှာ သူတို့တင်ဆက်မယ့် အစီအစဉ်တွေကို စီစဉ်ပြီး ဇာတ်တောင် စတင်တိုက်နေပါပြီ။ သူတို့အများစုက ပြင်ဆင်ပြီး ဖြစ်နေ တာကြောင့် ကျောင်းသားပွဲတော်ကို ကျင်းပစေချင်ကြပါတယ်။
တကသ အမှုဆောင်အဖွဲ့အနေနဲ့ အခြေအနေတွေကို ခြုံငုံစဉ်းစားပြီး ကျောင်းသားပွဲတော်ကျင်းပတဲ့ အစဉ်အလာကို ပျက်မသွားစေချင်တာရယ် ကျောင်းသားကျောင်းသူအများစုက ကျောင်းသားပွဲတော်ကို ပြုလုပ်စေချင်တာကြောင့် “ကျောင်းသားပွဲတော်” ကို ကျင်းပရန် ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမှာ အထက်က ပြောခဲ့တဲ့ စိတ်ဓါတ်ပြင်းထန်တဲ့ ကျောင်း သားတစုက ကျောင်းသားပွဲတော်ကို သပိတ်မှောက်တဲ့အနေနဲ့ ကျောင်းသားပွဲတော်ကျင်းပရေးကော်မတီ၊ ဆပ်ကော်မ တီအသီးသီးကလည်းကောင်း၊ “ကျောင်းသားတပ်ဦး” အဖွဲ့ကပါ ထွက်ခွာသွားခဲ့ကြပါတယ်။
၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ရန်ကုန်တက္ကသိုလ်ရဲ့ (၅) ကြိမ်မြောက် ကျောင်းသားပွဲတော်ကို ကျင်းပရမည့်နှစ်ဖြစ်ပါ တယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးအခင်းကြောင့် တက္ကသိုလ်နယ်မြေမှာ သေနတ်သံတွေ ဖုံး လွှမ်းပြီးနောက်ပိုင်းမှာတော့ “မသာအိမ်မှာ အငြိမ့်ခံ” လို့တောင်မရတော့တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝမှာ တဖက်က စာပေသင်ကြားကျက်မှတ်ရင်း တဖက်မှာ အထက်က ပြောခဲ့တဲ့ လူမှု ရေးလှုပ်ရှားမှု (Social activities) တွေထဲမှာ ပါဝင်ပတ်သက်လှုပ်ရှားရင်း လူမှုပေါင်းသင်း ဆက်ဆံရေးပညာကိုပါ စိတ် ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ တက္ကသိုလ်က ရယူသွားကြပါတယ်။ အဲဒါကြောင့်လည်း ကျနော် တက္ကသိုလ်ရောက် လာတဲ့အချိန်မှာ အစိုးရတာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ နောင်တော် တက္ကသိုလ်ကျောင်းသားဟောင်းကြီးတဦးက ကျနော့်ကို ပြောပါတယ်။
“မင်းတက္ကသိုလ်ရောက်ပြီဆိုလို့ ငါဝမ်းသာတယ်ကွာ။ နတ်ပြည်မှာ နတ်ဖြစ်ပြီး နန္ဒဝန်ဥယျာဉ်ကို မရောက်ဖူးရင် နတ်ဖြစ် ရကျိုးမနပ်ဘူး။ လူပြည်မှာလည်း လူဖြစ်ပြီး တက္ကသိုလ်ကို မတက်ဖူးဘူးဆိုရင် လူဖြစ်ရကျိုးမနပ်ဘူးကွ”
သူ့စကားက တက္ကသိုလ်မရောက်ဖူးတဲ့သူတွေကို နှိမ့်ချသလိုဖြစ်သွားပေမယ့် သူဆိုလိုတာက တက္ကသိုလ်နယ်မြေမှာ စာ ပေသင်ကြားရင်း ကျနော်အထက်က ပြောခဲ့သလို တက္ကသိုလ်ရဲ့လူမှုရေးလှုပ်ရှားမှု (Social activities) တွေထဲမှာ ပါဝင် ရင်း ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနေရတာကို နန္ဒဝန်ဥယျာဉ်နဲ့ တင်စားပြောဆိုထားတာ ဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားတွေဟာ တက္ကသိုလ်နယ်မြေမှာ စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ပြီး စာပေသင် ကြားနေရပေမယ့် တက္ကသိုလ်ပြင်ပ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို မျက်ခြေပြတ်မနေ ကြပါဘူး။ အဲဒီမှာ တက္ကသိုလ်နိုင်ငံရေးလို့ သတင်းစာဆရာတွေက တင်စားခေါ်ဝေါ်တဲ့ University politics ဆိုတာပါ လာပါပြီ။ တကယ်တော့ တက္ကသိုလ်နိုင်ငံရေးဆိုတာ တက္ကသိုလ်ပြင်ပနိုင်ငံရေးရဲ့ ရောင်ပြန်ဟပ်မှုတခုသာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး အကြမ်းအားဖြင့် ကျောင်းသားအင်အားစုနှစ်စု ရှိပါ တယ်။
ကျောင်းသားအင်အားစုတစုက အစိုးရပေါ်လစီတွေကို ထောက်ခံအစိုးရရဲ့လိုအပ်တဲ့လုပ်ငန်းတာဝန်တွေကို ကူညီဆောင် ရွက်ပေးနဲ့ လုပ်ဆောင်နေကြပါတယ်။ အဲဒီ ကျောင်းသားအင်အားစုက သူတို့အင်အားစုအမည်ကို Democratic Students Organization (DSO) လို့ ပေးထားပါတယ်။ အဲဒီအဖွဲ့ကို ဦးစီးဦးဆောင်ပံ့ပိုး ကူညီနေသူက အဲဒီအချိန်တုန်း က ဝန်ကြီးဦးကျော်ငြိမ်းရဲ့ဇနီး ဒေါ်နွဲ့ရီ ဖြစ်ပါတယ်။
ပြည်လမ်းပေါ်က မာလာအမျိုးသမီးကျောင်းဆောင်ရဲ့ မျက်စောင်းထိုးလောက်မှာရှိတဲ့ ပတ္တမြားခြံခေါ်တဲ့ ခြံကြီးမှာ ဌာန ချုပ်အဖြစ် ဖွင့်လှစ်စတည်းချပြီး အဲဒီ DSO ကျောင်းသားအင်အားစုကို ပံ့ပိုးပေးနေပါတယ်။ ဒေါ်နွဲ့ရီကို DSO ကျောင်းသား များက မာမီနွဲ့လို့ ခေါ်ကြပါတယ်။
အဲဒီ DSO အဖွဲ့မှာ ပါဝင်ကြတဲ့ ကျောင်းသားများမှာ ရန်ကုန်နဲ့ နယ်မြို့များမှ ဆိုရှယ်လစ်ခေါင်းဆောင်၊ ဖဆပလ ခေါင်း ဆောင်များ၏ သားသမီးများ၊ အစိုးရအရာရှိကြီးများ၏ သားသမီးများ၊ ဖဆပလဆိုရှယ်လစ်တွေနဲ့ မကင်းတဲ့ ရန်ကုန်နဲ့ နယ်မြို့များရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ သားသမီးများ၊ အခွင့်အရေးအတွက် မျှော်ကိုးပြီး ပါဝင်ကြသူများနဲ့ ကြောက်ရွံ့ သဖြင့် DSO တွင် ပါဝင်ရသူများ ဖြစ်ပါတယ်။
ဒီနေရာမှာ “ကြောက်ရွံ့” သဖြင့် ဆိုတာက နယ်မှာရှိနေကြတဲ့ မိဘတွေကို ခြိမ်းခြောက်အနိုင်ကျင့်တာကို ကြောက်ရွံ့သ ဖြင့် DSO အဖွဲ့ကို ဝင်ရောက်ရသူများကို ဆိုလိုတာပါ။
ကြောက်ရွံ့လို့ဆိုတာကို နည်းနည်းရှင်းပြချင်ပါတယ်။ ၁၉၅ဝ ခုနှစ်လွန်တွေတုန်းက ပြည်တွင်းစစ်ပွဲ အရှိန်အဟုန် မြင့်နေ တဲ့အချိန်ဖြစ်တဲ့အတွက် နယ်မြို့နယ်တွေမှာ ဖဆပလဆိုရှယ်လစ်တွေရဲ့ ခါးပိုက်ဆောင် “ကာကွယ်ရေးတပ်”ဆိုတာတွေ ရှိပါတယ်။ တချို့ကာကွယ်ရေးတပ်ခေါင်းဆောင်တွေက အေးအေးဆေးဆေး မြို့ရွာ ကာကွယ်ရေးလုပ်ငန်းကိုပဲ ဆောင် ရွက်ကြပါတယ်။ အဲဒီမှာ တချို့ကာကွယ်ရေးခေါင်းဆောင်တွေက “နယ်မြေစစ်ဘုရင်” ပုံစံနဲ့ အုပ်ချုပ်ကြပါတယ်။ လူသတ် ဖို့လည်း ဝန်မလေးဘူး။ တပည့်တွေကို မျက်စပစ်ပြလိုက်ရင် ကိစ္စက ပြီးသွားပြီ။ အဲဒီလို “နယ်မြေစစ်ဘုရင်” ပုံစံနဲ့ အုပ် ချုပ်နေလို့ နာမည်ကြီးနေတဲ့ ကာကွယ်ရေးခေါင်းဆောင်တွေက (၄) ဦးလောက်ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေလည်း ကွယ် လွန်သွားကြပြီဖြစ်လို့ နာမည်တော့ ထည့်မပြောတော့ပါဘူး။ လယ်ဝေးမှာ တယောက်၊ ပျဉ်းမနားမှာ တယောက်၊မိတ္ထီလာ မှာတယောက်၊ ဖျာပုံမှာတယောက် ဖြစ်ပါတယ်။
ပျဉ်းမနားမှာ အတိုက်အခံခေါင်းဆောင်တယောက်ဖြစ်တဲ့ သခင်အေးချိုကို ပျဉ်းမနားက စစ်ဘုရင် ကာကွယ်ရေးခေါင်း ဆောင်က ဂျစ်ကားနဲ့တိုက်ပြီး သတ်ပါတယ်။ ကားနဲ့တိုက်ပြီး နောက်ကိုပြန်ကြည့်တော့ သခင်အေးချိုက မသေသေးဘူး။ Back gear ထိုးပြီး ကားနဲ့နောက်တကြိမ် ပြန်တိုက်ပါတယ်။ ကာကွယ်ရေးခေါင်းဆောင်ကို ဘာမှမပြောရဲဘူး။ ဘာမှ လည်း မဖြစ်ဘူး။ အဲဒီလောက် အခြေအနေဆိုးပါတယ်။
ဒါကြောင့် မိတ္ထီလာ၊ လယ်ဝေး၊ ပျဉ်းမနား၊ ဖျာပုံစတဲ့ နယ်မြို့တွေက တက္ကသိုလ်ကျောင်းသားအများစုဟာ DSO အဖွဲ့ကို ဝင်ကြရတယ်။ ကာကွယ်ရေးခေါင်းဆောင်တယောက်က တက္ကသိုလ်ကျောင်းသားရဲ့မိဘကို ခေါ်တွေ့လိုက်တာနဲ့ အဲဒီ တက္ကသိုလ်ကျောင်းသားဟာ DSO အဖွဲ့ကိုမဝင်ဘဲ နေလို့မရတော့ဘူး။ ဒါကြောင့် DSO အဖွဲ့မှာ ကြောက်လို့ဝင်ရတဲ့အဖွဲ့ ဝင်တွေ မနည်းပါဘူး။
ှီDSO ကျောင်းသားကျောင်းသူတွေဟာ ဘွဲ့ရပြီးရင် ဌာနကောင်းကောင်းမှာ ရာထူးကောင်းကောင်းတွေရကြတယ်။ နိုင်ငံ ခြားခရီးစဉ် မကြာခဏသွားရတယ်။ ဆရာဝန်၊ အင်ဂျင်နီယာတွေဆိုရင် ဘွဲ့ရပြီး မကြာမီအချိန်အတွင်းမှာ ဘွဲ့လွန်ဒီဂရီ အတွက် ပညာတော်သင်သွားရပါတယ်။ ဒါကြောင့် အခွင့်အရေးမျှော်ကိုးပြီး DSO အဖွဲ့ထဲကိုဝင်တဲ့ ကျောင်းသားတွေ လည်း ရှိပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားအများစုက DSO အဖွဲ့ဝင်ကျောင်းသားဆိုရင် အထင်သေးကြတယ်။ တော်လှန်ရေး ကောင်စီအစိုးရ အုပ်ချုပ်ချိန်တလျှောက်နဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်ချိန်တလျှောက်မှာ ကွက်ကြားကွက် ကြား ပေါ်ပေါက်လာကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ အဲဒီတုန်းက DSO ကျောင်း သား ခေါင်းဆောင်ဟောင်းတွေဟာ တချို့ရှေ့တန်းမှသော်လည်းကောင်း၊ တချို့ နောက်တန်းကသော်လည်းကောင်း ပါဝင်နေကြတာကို တွေ့ရပါတယ်။ ၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာလည်း အဲဒီတုန်းက DSO ကျောင်းသားတွေနဲ့ သူတို့အုပ်စုဟာ အလုံးအရင်းနဲ့ တတပ်တအား ပါဝင်တာကို တွေ့ခဲ့ရပါတယ်။
ဒါကြောင့် DSO ကျောင်းသားခေါင်းဆောင်တွေဟာ တိုင်းပြည်ကို ချစ်မြတ်နိုးပြီး ဒီမိုကရေစီကို လိုချင်ကြတယ်ဆိုတာ နောက်ပိုင်းမှ သိရပါတယ်။
နောက်ကျောင်းသားအင်အားစုတစုကတော့ တက္ကသိုလ်ပညာရေးအပါအဝင် မြန်မာပြည်ပညာရေးစနစ်ဟာ ကိုလိုနီပညာ ရေး (သို့မဟုတ်) ကျွန်ပညာရေးစနစ်ကို ပြုပြင်ဖာထေးထားတဲ့စနစ်ဖြစ်တယ်၊ အခြေခံကစပြီး ပညာရေးပြုပြင်ပြောင်းလဲ မှုတွေကို ပြုလုပ်ရန် လိုအပ်တယ်လို့ ယုံကြည်ထားကြပါတယ်။ အဲဒီကျောင်းသားတွေကို “တိုးတက်သော ကျောင်းသား များ အင်အားစု” လို့ ခေါ်ကြပါတယ်။ အတိုကောက်အနေနဲ့ “တိုးတက်ကျောင်းသား” တွေလို့ ခေါ်ကြပါတယ်။
အဲဒီ “တိုးတက်” ကျောင်းသားအင်အားစုမှာ ပါဝင်တဲ့ ကျောင်းသားတချို့ဟာ လက်ဝဲစာပေတွေ ဖတ်ကြပါတယ်။ ပညာ ရေးပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောကြ၊ ဟောကြပါတယ်။ ပြည်တွင်းငြိမ်းချမ်း ရေးလှုပ်ရှားမှုတွေမှာ လည်း ပါဝင်လှုပ်ရှားကြပါတယ်။ ဒါကြောင့် အဲဒီကျောင်းသားအင်အားစုကို အာဏာပိုင်တွေက လက်ဝဲအုပ်စုလို့ ထင်မှတ် ကြပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ နှစ်စဉ်ဇူလိုင်လကုန်ပိုင်း ဒါမှမဟုတ် သြဂုတ်လထဲမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ရွေး ကောက်ပွဲတွေ ကျင်းပကြပါတယ်။ တကသရွေးကောက်ပွဲကို ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ထဲက အတည်ပြုထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံစည်းမျဉ်း (Rangon University Students Union Constitution) အ တိုင်း ပြုလုပ်ပါတယ်။ အဲဒီဥပဒေအရ တကသရွေးကောက်ပွဲကို နှစ်ဆင့်ပြုလုပ်ရပါတယ်။
ပထမအဆင့်ရွေးကောက်ပွဲမှာ တကသဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ ဘဏ္ဍာရေးမှူး စုစုပေါင်း (၃) ဦးကို လျှို့ဝှက်မဲပေးစနစ်နဲ့ မဲပေးရွေးချယ်ရပါတယ်။ တကသဥက္ကဋ္ဌအဖြစ် အရွေးခံမည့်ကျောင်းသားဟာ တကသ အမှုဆောင်အဖြစ် အနည်းဆုံးတ နှစ် တာဝန်ယူဘူးသူ ဖြစ်ရပါမယ်။ ဘဏ္ဍာရေးမှူးကတော့ ဘွဲ့တခုရရှိထားပြီး ဘွဲ့လွန်တခုခုတက်နေတဲ့ ကျောင်းသား ဖြစ် ရပါမယ်။ များသောအားဖြင့် B.L ခေါ် ဥပဒေဘွဲ့လွန်တက်နေတဲ့ ကျောင်းသားတွေ များပါတယ်။ ဒုတိယဥက္ကဋ္ဌနေရာအ တွက် သီးခြားသတ်မှတ်ချက်မရှိပါဘူး။ တက္ကသိုလ်ကျောင်းသားတိုင်း ဝင်ရောက်အရွေးခံခွင့်ရှိပါတယ်။
အဲဒီတကသပထမအဆင့် ရွေးကောက်ပွဲကို ကြီးကြပ်ပြုလုပ်ကျင်းပပေးတဲ့ ရွေးကောက်ပွဲအရာရှိက ရွေးကောက်ပွဲမတိုင် မီ တကသအမှုဆောင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ တကသဒုတိယအဆင့် ရွေးကောက်ပွဲက နောက်ထပ်အမှုဆောင် (၆) ဦးကို လျှို့ဝှက်မဲပေးစနစ်နဲ့ပဲ ရွေးချယ်ရပါတယ်။ တက္ကသိုလ်ကျောင်းသားတိုင်း ဝင်ရောက်အရွေးချယ်ခံခွင့်ရှိပါတယ်။
တကသ ဒုတိယအဆင့် ရွေးကောက်ပွဲကို ကြီးကြပ်ပြုလုပ်ကျင်းပပေးတဲ့ ရွေးကောက်ပွဲအရာရှိက ပထမအဆင့် တကသ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရတဲ့ တကသ ဥက္ကဋ္ဌသစ်က ဆောင်ရွက်ပါတယ်။ အဲဒီအရွေးချယ်ခံရတဲ့ အမှုဆောင် (၆) ဦးအနက်ကမှ တကသအတွင်းရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူးအဖြစ် အမှုဆောင် အစည်းအဝေးထိုင်ပြီးမှ တာဝန်ခွဲဝေ ပေးအပ်ပါတယ်။
တတိယအဆင့်အနေနဲ့ကတော့ ပထမအဆင့် တကသရွေးကောက်ပွဲမှာ အရွေးချယ်ခံရသူ (၃) ဦးနဲ့ ဒုတိယအဆင့် တကသ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရသူ အမှုဆောင် (၆) ဦး စုစုပေါင်း (၉) ဦးက အစည်းအဝေးထိုင်ပြီး နောက်ထပ် အမှုဆောင် (၂) ဦးကို ခန့်အပ်ရပါတယ်။ နောက်ထပ်ခန့်အပ်တဲ့အမှုဆောင် (၂) ဦးကို တကသဖွဲ့စည်းအုပ်ချုပ်ပုံ စည်း မျဉ်းအရ တဦးကို တကသ စာကြည့်တိုက်မှူးအဖြစ်နဲ့ နောက်တဦးကို တကသက ထုတ်ဝေတဲ့ “အိုဝေ” စာစောင်တာဝန် ခံအဖြစ် တာဝန်ပေးရပါတယ်။
ဒါကြောင့် တကသအမှုဆောင်အဖွဲ့မှာ ရွေးချယ်ခံအမှုဆောင် (၉) ဦး (Elected EC) နဲ့ ခန့်အပ်ခံ အမှုဆောင် (၂) ဦး (Appointed EC) ရယ်လို့ စုစုပေါင်း (၁၁) ဦး ပါဝင်ပါတယ်။ ရွေးချယ်ခံအမှုဆောင်တဦးဦး အကြောင်းအမျိုးမျိုးကြောင့် နေရာလစ်လပ်သွားလျှင် ကြားဖြတ်ရွေးကောက်ပွဲတခုပြုလုပ်ပြီး ပြန်လည်ရွေးချယ်ရပါတယ်။ ခန့်အပ်ခံအမှုဆောင်တဦး အကြောင်းအမျိုးမျိုးကြောင့် နေရာလစ်လပ်သွားရင်တော့ အမှုဆောင်အဖွဲ့က အစည်းအဝေးထိုင်ပြီး အသစ်တဦး ခန့်အပ် တာဝန်ပေးလို့ရပါတယ်။
အဲဒီတကသရွေးကောက်ပွဲတွေမှာ ၁၉၅၃ ခုနှစ် တကသရွေးကောက်ပွဲအထိ အဓိကအားဖြင့် ခုနပြောခဲ့တဲ့ DSO ကျောင်း သားအဖွဲ့နဲ့ “တိုးတက်” အဖွဲ့တို့ ထိပ်တိုက်အမြဲတမ်းပြိုင်ဆိုင်ကြပါတယ်။ နိုင်တဲ့အဖွဲ့က တကသ အမှုဆောင်တွေ ဖြစ် သွားကြပါတယ်။
၁၉၅၃ ခုနှစ်မှာ ပြုလုပ်တဲ့ တကသရွေးကောက်ပွဲတခုမှာ DSO ကျောင်းသားတွေက မဲခိုးတာကို ကျောင်းသားများက ဖမ်း မိသွားပြီး တကသ အဆောက်အဦအပေါ်ထပ်က မဲပုံးကြီးကို ပစ်ချလိုက်ပါတယ်။ မဲပုံးကြီးဟာ မြေပြင်ပေါ်ရောက်တဲ့ အ ချိန်မှာ ကွဲအက်သွားပြီး မဲတွေလည်း မဲပုံးထဲက အပြင်ကိုလွှင့်စင်ထွက်သွားပါတယ်။ အဲဒီနှစ်မှာ တကသရွေးကောက်ပွဲ ကြီး ပျက်သွားပါတယ်။ အဲဒီနှစ်မှာ တကသရွေးကောက်ပွဲသစ်ကိုလည်း ပြုလုပ်မပေးတော့ပါဘူး။ ဒါကြောင့် တကသ သ မိုင်းမှာ ၁၉၅၃-၅၄ ခုနှစ် တကသအမှုဆောင်အဖွဲ့ကို ရွေးကောက်ပွဲပျက်တဲ့အတွက် ရွေးချယ်တင်မြှောက်လို့ မရခဲ့ပါဘူး။
၁၉၅၃ ခုနှစ် တကသရွေးကောက်ပွဲပျက်ပြီးနောက် မကြာမီအချိန်မှာ ၁၉၅၃ ခုနှစ် အောက်တိုဘာလ ကျောင်းတလပိတ် ရေးကျောင်းသားအရေးတော်ပုံ ပေါ်ခဲ့ပါတယ်။ အောက်တိုဘာလ ကျောင်းတလပိတ်ရေးအရေးတော်ပုံအပြီးမှာ “တိုး တက်သောကျောင်းသား အင်အားစု” ကို ဖျက်သိမ်းလိုက်ပြီး “ရန်ကုန်တက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦး” ဆိုတဲ့ အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပါတယ်။ တက္ကသိုလ်ကျောင်းသားများက အတိုကောက်မြန်မာလို “တပ်ဦး” လို့ခေါ်ပြီး အင်္ဂလိပ်လို USF လို့ ခေါ်ကြပါတယ်။
အဲဒီမှာ ဦးနေဝင်းပြောတဲ့ “ကွန်မြူနစ်ကျောင်းသားတွေ” ဆိုတာကို သဘောပေါက်အောင် “တပ်ဦး” အကြောင်းကို အ နည်းငယ်ရှင်းပြချင်ပါတယ်။ တပ်ဦးရဲ့ဖွဲ့စည်းပုံမှာ တပ်ဦးစတင်ဖွဲ့စည်းတဲ့အချိန်က အုပ်စု (၆) စု ပါဝင်ပါတယ်။ ဒါကြောင့် လည်း “ညီညွတ်ရေးတပ်ဦး” လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ အုပ်စုတွေထဲက ပထမအုပ်စုကတော့ မြန်မာအမျိုး သားကျောင်းသားအုပ်စု ဖြစ်ပါတယ်။ အဲဒီအုပ်စုထဲမှာ အထက်ကပြောခဲ့တဲ့ “တိုးတက်ကျောင်းသားအင်အားစု” က ကျောင်းသားတွေက အရေအတွက်အများဆုံး ဖြစ်ပါတယ်။ တပ်ဦးထဲမှာပါဝင်တဲ့ ကျန်အုပ်စု (၅) စုကတော့ တိုင်းရင်း သားလူမျိုးစုအဖွဲ့တွေ ဖြစ်ပါတယ်။ ရှမ်း၊ကရင်၊ ရခိုင်၊ မွန်၊ ကချင်တို့ ဖြစ်ပါတယ်။ လူမျိုးစုအဖွဲ့တွေမှာလည်း သူတို့ခေါင်း ဆောင်ကို သူတို့အချင်းချင်းရွေးချယ်ပြီး တပ်ဦးမှာ ပါဝင်ကြပါတယ်။ တပ်ဦးအဖွဲ့အမှုဆောင်မှာလည်း အထက်က ပြောခဲ့ တဲ့ အုပ်စု (၆) စုအနေနဲ့ ကိုယ့်အုပ်စုကကိုယ် ကိုယ်စားလှယ်ကိုရွေးချယ်ပြီး ခွဲတန်းအရ ပါဝင်ကြပါတယ်။ တပ်ဦး ဥက္ကဋ္ဌ ကိုလည်း ဗမာကတလှည့် လူမျိုးစုကျောင်းသားအုပ်စုတွေကတလှည့် စသဖြင့် တနှစ်တခါ အလှည့်ကျတာဝန်ပေးအပ်ကြ
ပါတယ်။
(၂) နှစ်လောက်ကြာတဲ့အခါမှာ နန်ဇင်လာ ခေါ်တဲ့ ကချင်ကျောင်းသားခေါင်းဆောင် ဦးဆောင်တဲ့ ကချင်ကျောင်းသား အုပ်စု တပ်ဦးအဖွဲ့က ပြန်ထွက်သွားကြပါတယ်။ နောက်ပိုင်းမှာ နန်ဇင်လာဟာလည်း ကချင်ပြည်နယ်ပြန်သွားပြီး လွှတ် တော်အမတ်အရွေးခံတယ် ကြားရပါတယ်။ မြစ်ကြီးနားမှာ မြစ်ကြီးနားကောလိပ်ဖွင့်တဲ့အချိန်မှာတော့ ရန်ကုန်တက္ကသိုလ် မှာ ကချင်ကျောင်းသားတွေ သိပ်မရှိတော့ပါဘူး။ တယောက်စ နှစ်ယောက်စ ကျောင်းတက်တာပဲ ရှိပါတယ်။ အင်အားစု တစုအဖြစ် မရှိတော့ပါဘူး။
တပ်ဦးအဖွဲ့ထဲမှာ ဗမာအုပ်စုနဲ့ ကျန်တဲ့လူမျိုးစုအုပ်စု (၄) စုဟာ စိတ်ဝမ်းကွဲပြားမှုမရှိဘဲ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးအခင်းဖြစ်ပွားချိန်အထိ စည်းစည်းလုံးလုံးနဲ့ ရပ်တည်ခဲ့ကြပါတယ်။“ကျောင်းသားညီညွတ်ရေးတပ်ဦး” အဖွဲ့ဟာ ဦးနေဝင်း စွပ်စွဲခဲ့သလို ကွန်မြူနစ်ကျောင်းသားအဖွဲ့ မဟုတ်ပါဘူး။ လူမျိုးစုပေါင်းစုံပါဝင်ပြီး တပ်ပေါင်းစုသဘော ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဗမာကျောင်းသားတွေအထဲက ကျောင်းသားတချို့အနေနဲ့ မြေအောက်ရောက်နေတဲ့ ကွန်မြူနစ်ပါတီနဲ့ ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ် ရှိချင်ရှိပါမယ်။ တချို့လည်း မြေပေါ်အတိုက်အခံပါတီတခုဖြစ်တဲ့ ဆိုရှယ်နီပါတီနဲ့ အဆက်အသွယ် ရှိ ချင်ရှိပါမယ်။ ကရင်ကျောင်းသားတဦးအနေနဲ့လည်း ကရင်လက်နက်ကိုင်အဖွဲ့နဲ့ ပုဂ္ဂိုလ်အရ တဦးချင်းအဆက်အသွယ် ရှိချင်ရှိပါမယ်။ ထိုအတူပဲ တခြားလူမျိုးစုအဖွဲ့ဝင်တွေအနေနဲ့လည်း သူတို့လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အ သွယ်မရှိဘူးလို့ မပြောနိုင်ပါဘူး။
ဒါပေမယ့် “ကျောင်းသားတပ်ဦး” အဖွဲ့ကြီးတခုလုံးကို ကွန်မြူနစ်အဖွဲ့ရယ်လို့ စွပ်စွဲတာဟာတော့ မမှန်ပါဘူး။
နိုင်ငံရေးအစိုးရလက်ထက် ၁၉၅၇ ခုနှစ်လောက်အချိန်က တကသမှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေတဲ့ ကိုတင်အေး ဆိုသူတဦးကို ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းဆီးဖူးပါတယ်။ ကိုတင်အေးကို အစိုးရက တရားဥပဒေအတိုင်း ရုံးတင်စစ်ဆေးပြီး မတရားအသင်းဥပဒေအရ ထောင် (၃) နှစ် အပြစ်ဒဏ်ပေးခဲ့ဖူးပါ တယ်။ တကသအနေနဲ့ သူ့ပုဂ္ဂိုလ်ရေးအရ အရေးယူခံရတာဖြစ်တဲ့အတွက် ကိုတင်အေး ပြန်လွှတ်ပေးရေးကို တောင်းဆို တာ ဆန္ဒပြတာတွေ မပြုလုပ်ခဲ့ပါဘူး။
အစိုးရအနေနဲ့လည်း ကိုတင်အေးကို အရေးယူတာကလွဲပြီး ကျန်တဲ့ကျောင်းသား ခေါင်းဆောင်တွေ၊ တကသ အမှု ဆောင်တွေကို ခေါ်ယူမေးမြန်းတာတောင် မပြုလုပ်ပါဘူး။ တကသတဖွဲ့လုံးကိုလည်း ကွန်မြူနစ်တွေလို့ မစွပ်စွဲခဲ့ပါဘူး။ ကိုတင်အေး ထောင်ကထွက်လာပြီး တကသကိုလာတာ မတွေ့တော့ပါဘူး။ B.L ဘွဲ့ရအောင် စာမေးပွဲတွေ ဖြေဆိုပြီး တ ရားရုံးချုပ် ရှေ့နေကြီးတဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုသွားပါတယ်။ ယခု ကွယ်လွန်သွားပါပြီ။
အဲဒီလိုပဲ ဦးနေဝင်းအနေနဲ့ “တပ်ဦး” အဖွဲ့ထဲ၊ တကသအမှုဆောင်အဖွဲ့ထဲက ကျောင်းသားတဦးတယောက်အနေနဲ့ ကွန် မြူနစ်ပါတီနဲ့ အဆက်အသွယ်ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားရှိနေရင် အဲဒီအဆက်အသွယ်ရှိနေတဲ့ ကျောင်းသား တဦးချင်းကို ဖမ်းဆီးအရေးယူအပြစ်ပေးလို့ရပါတယ်။ အခုလို တကသ အဆောက်အဦကို သူပုန်စခန်းသိမ်းသလို ပစ် ခတ်သိမ်းဆည်းပြီး ဖြိုဖျက်ပစ်တဲ့အထိတော့ မပြုလုပ်သင့်ပါဘူး။
၁၉၅၄ ခုနှစ် တကသရွေးကောက်ပွဲကိုတော့ တက္ကသိုလ်ကောင်စီက အသန့်ရှင်းဆုံးရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင် ပေးမယ်လို့ ဆုံးဖြတ်ပြီး တက္ကသိုလ်ပါမောက္ခကြီးတွေ ပါဝင်တဲ့ တကသ ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့ပေးပြီး အဲဒီ ကြီးကြပ်ရေးအဖွဲ့ကြီးက မဲပြားများကို စစ်ဆေးခြင်း၊ မဲပြားထုတ်ပေးခြင်း၊ မဲထည့်တာတွေကို ကြီးကြပ်ကွပ်ကဲခြင်း၊ မဲရေ တွက်ခြင်း စတာတွေကို စနစ်တကျလုပ်ကိုင်ပေးပါတယ်။
ပင်မတက္ကသိုလ်မှာတော့ ယခင်အခေါ် ဂျပ်ဆင်ခန်းမကြီးထဲမှာ မဲထည့်ရပါတယ်။ ခန်းမကြီးဝင်ပေါက်ဝမှာ ရွေးကောက်ပွဲ ကြီးကြပ်ပေးတဲ့ ပါမောက္ခကြီးများက မဲထည့်မဲ့ကျောင်းသားကို ကျောင်းသားကဒ်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက မဲပြားတပြားထုတ်ပေးပါတယ်။ အဲဒီကျောင်းသားရဲ့ ကျောင်းသားကဒ်ပေါ်မှာလည်း နောက်တကြိမ် ပြန်ပြီးမဲမထည့်နိုင် အောင် VOTDE ဆိုတဲ့ တံဆိပ်ရိုက်နှိပ်ပေးလိုက်ပါတယ်။ မဲပေးတဲ့ကျောင်းသားဟာ မဲပြားထုတ်ယူပြီးရင် အခန်းအပြင်ကို ပြန်ထွက်လို့မရတော့ဘူး။ ခန်းမကြီးထဲမှာ စီပြီးချထားတဲ့ ကုလားထိုင်နဲ့ စားပွဲလေးတွေဆီမှာထိုင်ပြီး အေးအေးဆေးဆေး ကိုယ်မဲပေးမည့်သူကို အမှန်ခြစ် ခြစ်ရပါတယ်။
တကသ ပထမအဆင့်ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌနေရာမှာ တယောက်၊ ဒုတိယဥက္ကဋ္ဌနေရာမှာ တယောက်၊ ဘဏ္ဍာရေးမှူး နေရာမှာ တယောက် ရွေးချယ်ပေးရပါတယ်။ ၁၉၅၄-၅၅ စာသင်နှစ်ကစပြီး ၁၉၆၁-၆၂ စာသင်နှစ် (၈) နှစ်တိတိ တကသ ရွေးကောက်ပွဲတွေမှာ တပ်ဦးအဖွဲ့က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီတကသရွေးကောက်ပွဲ (၈) ကြိမ်မှာ ပထမ (၃) ကြိမ်လောက်မှာ တကသဥက္ကဋ္ဌနေရာမှာ အပြိုင်ရွေးရပါတယ်။
နောက်ပိုင်းနှစ်တွေမှာတော့ တကသ ဥက္ကဋ္ဌ နေရာအရွေးခံမယ့် ကျောင်းသားဟာ တကသ အမှုဆောင် တနှစ်ဖြစ်ဖူးရ မယ်ဆိုတော့ တပ်ဦးကလွဲပြီး တခြားအဖွဲ့တွေမှာ တကသအမှုဆောင်ဖြစ်ဖူးတဲ့ ကျောင်းသားတွေကလည်း ဘွဲ့ရပြီးလို့ ကျောင်းကထွက်သွားကြပါပြီ၊ နောက်လူတွေကလည်း တကသအမှုဆောင်ဖြစ်ဖူးတဲ့သူ မရှိတော့ နောက်ပိုင်းနှစ်တွေမှာ ဥက္ကဋ္ဌနေရာကို မပြိုင်နိုင်တော့ပါဘူး။ ရွေးကောက်ပွဲနဲ့တင်မြှောက်ရတဲ့ ဒုဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူးနဲ့ ကျန်အမှုဆောင် (၆) ဦး နေရာမှာတော့ အကျိတ်အနယ်ပြိုင်ရပါတယ်။ အမှုဆောင်နေရာအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။
တကသ ဒုတိယအဆင့်ရွေးကောက်ပွဲမှာတော့ ယှဉ်ပြိုင်သူတွေအထဲက (၆) ယောက်ကို အမှန်ခြစ်ပေးရပါတယ်။ မဲအများ ဆုံးရတဲ့ (၆) ယောက်က အမှုဆောင်ဖြစ်သွားပါတယ်။ ဆေးသိပ္ပံ၊ အင်ဂျင်နီယာသိပ္ပံ၊ ထီးတန်းကောလိပ်၊ ရန်ကင်းကော လိပ် (နောက်ပိုင်းနှစ်တွေမှာ ပြည်လမ်းက လိပ်ခုံးနဲ့ BOC ကောလိပ်ကို ပြောင်းသွားပါတယ်) တွေမှာ သက်ဆိုင်ရာ သိပ္ပံ တွေ၊ ကောလိပ်တွေရဲ့ ခန်းမကြီးထဲမှာ မဲပုံးထားပြိး ပင်မတက္ကသိုလ်မှာလိုပဲ မဲထည့်ရပါတယ်။
တကသရွေးကောက်ပွဲမှာ အဓိကယှဉ်ပြိုင်ရတာက အထက်ကပြောခဲ့တဲ့ DSO အဖွဲ့နဲ့ “တပ်ဦး” အဖွဲ့တို့ ဖြစ်ပါတယ်။
ညနေ (၄) နာရီ မဲရုံပိတ်ပြီးချိန်မှာတော့ မဲပုံးအားလုံးကို ရန်ကုန်ပင်မတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးဆီကို ပါမောက္ခ များ ကြီးကြပ်ပြီးသယ်ဆောင်ပါတယ်။
အဲဒီလို မဲပုံးသယ်ဆောင်တဲ့အခါမှာ ရှေ့ဆုံးက ကားမှာ မဲပုံးကြီးကိုတင်ပြီး ပါမောက္ခကြီးများ ထိုင်ပါတယ်။ မဲပုံးသယ်တဲ့ ကားရဲ့နောက်မှာတော့ ပြိုင်ဖက်အဖွဲ့ (၂) ဖွဲ့ရဲ့ကားတွေက အိုစည်ဝိုင်းတွေ၊ ဒိုးပတ်ဝိုင်းတွေနဲ့ ကခုန်ပြီး လိုက်ကြပါတယ်။ အဲဒီခေတ်တုန်းကတော့ အခုလို ဆလွန်းကားတွေ များများမရှိသေးပါဘူး။ ဂျစ်ကားတွေကိုပဲ အသုံးပြုကြပါတယ်။ တကသ ရွေးကောက်ပွဲနေ့ မဲပုံးသယ်တဲ့အချိန်မှာ ဂျစ်ကားတန်းကြီးနဲ့ ကခုန်လိုက်ကြရတာကိုက ပျော်စရာကောင်းပါ တယ်။
မဲရေတွက်တာကိုတော့ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးထဲမှာ ရေတွက်ပါတယ်။ ကျောင်းသားအဖွဲ့ (၂) ဖွဲ့ရဲ့ ကိုယ် စားလှယ်တွေရှေ့မှာ မဲပြားတပြားကို ပါမောက္ခကြီးက မဲပုံးထဲက ထုတ်ယူပြီးတာနဲ့ မဲပြားမှာ အမှန်ခြစ်ထားတဲ့ ကိုယ်စား လှယ်လောင်းရဲ့အမည်ကို ဘွဲ့နှင်းသဘင်ခန်းမအပြင်ဘက်မှာ စောင့်ဆိုင်းနေကြတဲ့ ကျောင်းသားတွေကြားအောင် အသံ ချဲ့စက်နဲ့ အော်ပေးပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမအပြင်ဘက်မှာ ကျောင်းသားတွေက အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတွေနဲ့ သူ့ အဖွဲ့နဲ့သူ လူစုပြီး စောင့်နေကြပါတယ်။ တပ်ဦးအဖွဲ့က ရှမ်းအမျိုးသားတွေလည်းပါဝင်တော့ ရှမ်းအိုးစည်ဝိုင်းလည်း ပါ,ပါ
တယ်။
တကသရွေးကောက်ပွဲကျင်းပတဲ့ည မဲရေတွက်တဲ့အချိန်မှာ ဘွဲ့နှင်းသဘင်ခန်းမကြီးပတ်ဝန်းကျင်မှာ ပွဲတော်ကြီးတမျှ အ လွန်စည်ကားနေပါတယ်။ စာသိပ်ကြိုးစားတဲ့ ကျောင်းသားအနည်းငယ်မှအပ ယောက်ျားလေးအဆောင်မှာရှိတဲ့ ကျောင်း သားအားလုံးလောက် ဘွဲ့နှင်းသဘင်အဆောက်အဦပတ်ဝန်းကျင်မှာ စုဝေးနေကြပါတယ်။ တကသရွေးကောက်ပွဲကို စိတ် ဝင်စားကြတဲ့ နေ့ကျောင်းသား (ီပျေအကိနညအျ) တွေလည်း လာကြပါတယ်။ တက္ကသိုလ်ကျောင်းသူများကတော့ အ ဆောင်စည်းကမ်းအရ ညနေ (၆) နာရီမှာ အဆောင်ခြံဝင်းတံခါးပိတ်ထားတော့ မဲရေတွက်တဲ့နေရာကို လာလို့မရကြပါ ဘူး။
ဘွဲ့နှင်းသဘင်ခန်းမကြီးထဲက အသံချဲ့စက်နဲ့ မဲတမဲ ကြေညာလိုက်တိုင်း သူနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းကို ထောက်ခံတဲ့ ကျောင်းသားတွေက အိုးစည်တွေ၊ ဒိုးပတ်တွေ တီးပြီးကကြပါတယ်။ တပ်ဦးအဖွဲ့ထဲမှာ ရှမ်းကျောင်းသားတွေက အင်အား စုတစုအဖြစ် ပါဝင်နေတော့ တပ်ဦးကိုယ်စားလှယ်လောင်းအမည်ကို ကြေညာလိုက်တိုင်း ရှမ်းကျောင်းသားတွေက ရှမ်း အိုးစည်ရှည်ကြီးကို တီးပြီး ရှမ်းအိုးစည်က, ကကြပါတယ်။
မဲရေတွက်စဉ် ပထမပိုင်းမှာတော့ DSO အဖွဲ့နဲ့ တပ်ဦးအဖွဲ့ (၂) ဖွဲ့ဟာ မမောနိုင် မပန်းနိုင် အပြိုင်အဆိုင် ကနေကြပါ တယ်။ ဒါပေမယ့် အဲဒီကျောင်းသားအဖွဲ့တွေဟာ တဖွဲ့နဲ့တဖွဲ့ ရန်ဖြစ်ပွားခြင်း မရှိကြပါဘူး။ မဲရေတွက်လို့ အချိန်အတော်အ တန်ကြာလာတဲ့အခါမှာ တပ်ဦးက မဲအရေအတွက် အများကြီးသာလာပါတယ်။ အဲဒီအချိန်မှာ DSO ကျောင်းသားတွေ လည်း ဘွဲ့နှင်းသဘင်ခန်းမပတ်ဝန်းကျင်က တဖြည်းဖြည်း ပျောက်သွားပါတယ်။ သူတို့ရဲ့ ဒိုးပတ်ဝိုင်း၊ အိုးစည်ဝိုင်းတွေ လည်း တဖြည်းဖြည်းအသံထွက်မလာတော့ပါဘူး။ မဲရေတွက်ချိန်ရဲ့ နောက်ဘက်ပိုင်းမှာတော့ ကခုန်တီးမှုတ်နေကြတဲ့ ကျောင်းသားတွေအားလုံးဟာ တပ်ဦးကျောင်းသားတွေပဲ ဖြစ်ကြပါတယ်။
တနာရီတကြိမ်လောက် တပ်ဦးကျောင်းသားတွေက အမျိုးသမီးအဆောင်တွေရှေ့ကိုသွားပြီး အဆောင်ထဲက တပ်ဦးကို ထောက်ခံအားပေးတဲ့ ကျောင်းသူတွေသိရှိရအောင် နောက်ဆုံးရရှိတဲ့ မဲစာရင်းအခြေအနေကို တဆင့် ကြေညာပေးပါ တယ်။ အဆောင်နေကျောင်းသူတွေကလည်း အဆောင်ကြီးတခုလုံး ဟိန်းသွားအောင် လက်ခုပ်သံတီးပြီး အားပေးကြပါ တယ်။
မဲရေတွက်တာ အားလုံးပြီးသွားတဲ့အချိန်မှာတော့ တပ်ဦးကို ထောက်ခံအာေးပးတဲ့ ကျောင်းသားအများစု ဝိုင်းရံလျက် အ နိုင်ရတဲ့ ကျောင်းသားကိုယ်စားလှယ်များကို ဘွဲ့နှင်းသဘင်ခန်းမကြီးက တကသ အဆောက်အဦအထိ “ဒို့တပ်ဦးနိုင်ပြီ” “ဒို့တပ်ဦးနိုင်ပြီ” လို့ သံပြိုင်ကြွေးကြော်ရင်း လိုက်ပို့ကြပါတယ်။ အဲဒီလို ကျောင်းသားများ သံပြိုင်ကြွေးကြော်လိုက်တဲ့ “ဒို့တပ်ဦးနိုင်ပြီ” ဆိုတဲ့ ကြွေးကြော်သံကြီးဟာ ရန်ကုန်တက္ကသိုလ်နယ်မြေတခုလုံး ပဲ့တင်သံနှင့်အတူ ဟိန်းသွားပါတယ်။
တာဝန်ပေးထားတဲ့ ဒိုးပတ်ဝိုင်း၊ အိုးစည်ဝိုင်း တချို့ကတော့ အမျိုးသမီးဆောင်တွေရှေ့ကိုသွားပြီး ရွေးကောက်ပွဲရဲ့ နောက်ဆုံးအနိုင်ရ မဲစာရင်းကို အသိပေးကြေညာရင်း အိုးစည်ဒိုးပတ်တွေ တီးပြီး ကကြပါတယ်။
အမျိုးသမီးအဆောင် ဆင်ဝင်အပေါ်ထပ်မှာ အဆောင်နေတပ်ဦးကို ထောက်ခံတဲ့ကျောင်းသူတွေက ဖယောင်းတိုင်မီး တွေ ထိန်နေအောင်ထွန်းထားပြီး စာကြည့်စားပွဲ (၃) လုံး၊ (၄) လုံးကို တန်းစီပြီးချထားပါတယ်။ အဆောင်ခြံဝင်းအပြင် ဘက်က တပ်ဦးကျောင်းသားတွေ နောက်ဆုံးအနိုင်ရ မဲစာရင်းကို ကြေညာပြီး အိုးစည်တွေ၊ ဒိုးပတ်တွေတီးပြီး ကတဲ့အ ချိန်မှာ အဆောင်ထဲက အမျိုးတွေကလည်း ဆင်ဝင်ပေါ်မှာ စီပြီးချထားတဲ့ စားပွဲတွေပေါ်တက်ပြီး ကကြပါတယ်။ ကျန်တဲ့ အဆောင်သူတွေကလည်း လက်ခုပ်တီးပြီး စည်းလိုက်ကြပါတယ်။
အဲဒီလို မောနေအောင် ကကြခုန်ကြပြီးနောက် အဆောင်အတွင်းက ကျောင်းသူတွေက အဆောင်အပြင်ဘက်က မဲစာ ရင်းလာကြေညာပေးတဲ့ တပ်ဦးကျောင်းသားတွေကို မုန့်ပဲသရေစာတွေနဲ့ ဧည့်ခံပါတယ်။ ကျောင်းဆောင်တံခါးမကြီး ပိတ် ထားတာကြောင့် ကျောင်းသူတွေကိုယ်တိုင်က မုန့်ထွက်ကျွေးလို့ မရပါဘူး။ အဆောင်စောင့် ဒရဝမ်ကတဆင့် ကျွေးမွေး ဧည့်ခံကြရပါတယ်။
လသာလမ်းဆေးကျောင်းဆောင် (နောက်စာစစ်ဦးစီးရုံး)၊ လမ်းမတော်ဆေးကျောင်းဆောင်၊ အင်ဂျင်နီယာ သိပ္ပံကျောင်း ဆောင်တွေ၊ ရန်ကင်းကောလိပ်ကျောင်းဆောင်တွေ၊ ထီးတန်းကောလိပ်ကျောင်းဆောင်တွေကိုလည်း တာဝန်ပေးထား တဲ့ ဒိုးပတ်ဝိုင်း၊ အိုးစည်ဝိုင်းတွေက နောက်ဆုံးအနိုင်ရ မဲစာရင်းကိုကြေညာရင်း အဆောင်နေကျောင်းသားတွေနဲ့ တပျော် တပါး ကကြ ခုန်ကြပါတယ်။
အဲဒီလိုစည်စည်ကားကားနဲ့ တကသရွေးကောက်ပွဲကြီးကို ၁၉၅၄-၅၅ စာသင်နှစ်ကစပြီး ၁၉၆၁-၆၂ စာသင်နှစ်အထိ (၈) နှစ်တိုင်တိုင် တက္ကသိုလ်ပါမောက္ခကြီးများ ကြီးကြပ်ကွပ်ကဲပြီး ကျင်းပပေးခဲ့ပါတယ်။ သတင်းစာများ၊ ဂျာနယ်များ (အဲဒီ အချိန်က သတင်းစာများမှာ ပုဂ္ဂလိကသတင်းစာများဖြစ်ပြီး ဂျာနယ်များမှာလည်း သုံးလေးစောင်သာရှိပါသည်) က တကသ ရွေးကောက်ပွဲကို မြန်မာနိုင်ငံမှာ အသန့်ရှင်းဆုံးရွေးကောက်ပွဲလို့ ရေးသားကြပြီး တကသ ရွေးကောက်ပွဲသတင်း ကိုလည်း “တက္ကသိုလ်လွှတ်တော်ရွေးကောက်ပွဲ” ဆိုတဲ့ စာလုံးမဲကြီးတွေနဲ့ ရွေးကောက်ပွဲဓါတ်ပုံတွေ ဝေဝေဆာဆာ ထည့်ပြီး မျက်နှာဖုံးမှာ ဖော်ပြကြပါတယ်။ အဲဒီသတင်းကိုလည်း မြန်မာနိုင်ငံတနံတလျားမှာရှိတဲ့ ကျောင်းသားမိဘများ၊ ပညာရေးစိတ်ဝင်စားသူများအနေနဲ့ စိတ်ဝင်တစား အလေးထားဖတ်ရှုကြပါတယ်။
တက္ကသိုလ်ကျောင်းသူကျောင်းသာတွေက တပ်ဦးကို ထောက်ခံမဲပေးတာကိုလည်း ကြည့်ပါဦး။ ကျနော် တကသ ဒုဥက္ကဋ္ဌ အဖြစ် အရွေးခံတဲ့ ၁၉၆ဝ-၆၁ စာသင်နှစ်မှာ ဆေးသိပ္ပံမှာ ကျောင်းသားကျောင်းသူ (၇ဝဝ)၊ အင်ဂျင်နီယာသိပ္ပံမှာ (၅ဝဝ)၊ ပညာရေးမဟာဌာနမှာ (၃ဝဝ)၊ ပင်မတက္ကသိုလ်ကြီးမှာ ကျောင်းသားကျောင်းသူ တသောင်းကျော်လေးရှိပါတယ်။ တသောင်းတထောင်တောင် မကျော်ပါဘူး။ တကသရွေးကောက်ပွဲ မဲစာရင်းကြေညာတဲ့အချိန်မှာ ပင်မတက္ကသိုလ် မဲပုံး တပုံးထဲမှာ ကျနော်နဲ့ ဘဏ္ဍာရေးမှူးအဖြစ် အရွေးခံတဲ့ တပ်ဦးကိုယ်စားလှယ်အပါအဝင် တပ်ဦးကိုယ်စားလှယ် (၂)ဦးလုံး မဲပေါင်း (၉ဝဝဝ) ကျော်ကျော် ရရှိပါတယ်။ အဲဒီ မဲအရေအတွက်ကိုကြည့်ရင် ကျောင်းသားထုဟာ “တပ်ဦး” ကို ဘယ် လောက်ထောက်ခံတယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်။
တကသရွေးကောက်ပွဲမှာ “တပ်ဦး” က အနိုင်ရခဲ့တဲ့ (၈) နှစ်လုံးမှာ အဲဒီလိုပဲ မဲအပြတ်သတ်နိုင်ခဲ့ပါတယ်။ တကသ ရွေး ကောက်ပွဲတွေပြီးလို့ “တပ်ဦး” ကိုယ်စားလှယ် (၉) ဦးလုံး မဲအပြတ်အသတ်နိုင်ခဲ့ပေမယ့် တကသ အမှုဆောင်အဖွဲ့ရဲ့ အ လုပ်တာဝန်တွေကို တရားဝင်ချက်ချင်းစတင်ဆောင်ရွက်လို့ မရပါဘူး။ တကသဖွဲ့စည်းပုံ စည်းမျဉ်းမှာ တကသ ဥက္ကဋ္ဌ ဟောင်းကြီးတယောက်က ရွေးချယ်ခံထားရတဲ့ တကသ ဥက္ကဋ္ဌအသစ်ကို ကျမ်းသစ္စာ ကျိန်ဆိုပေးပြီး အာဏာအပ်နှင်း ရပါတယ်။
ဒါကြောင့်မို့ “တကသ ဥက္ကဋ္ဌသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ” ဆိုတာ တကသရဲ့ အရေးကြီးတဲ့ အခမ်းအနားတခု ဖြစ်ပါတယ်။ အဲဒီကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ တကသအစည်းအဝေးခန်းမကြီးတခုလုံး ပြည့်လျှံနေအောင် တက္ကသိုလ် ကျောင်းသားများ တက်ရောက်လာကြပြီး များသောအားဖြင့် တကသရဲ့ ပထမဦးဆုံး ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ လွှတ်တော်ရှေ့နေ ကြီး ဦးကျော်ခင်၊ ဒါမှမဟုတ် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် တကသ ပြန်လည်ဖွဲ့စည်းတဲ့အချိန်မှာ ပထမဦးဆုံး တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးသန်း တို့ လာရောက်ကြပြီး ကျောင်းသားထုရှေ့မှောက်မှာ တကသဥက္ကဋ္ဌသစ် ကို ကျမ်းသစ္စာကျိန်ဆိုပေးပြီး တာဝန်ဝတ္တရားတွေ အပ်နှင်းပါတယ်။ တခါတရံ တကသ ဥက္ကဋ္ဌဟောင်းတဦးဖြစ်တဲ့ ဦးနု လည်း လာရောက်ကျမ်းကျိန်ပေးပါတယ်။
အဲဒီလို တကသ ဥက္ကဋ္ဌသစ် ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ပြီးမှသာ တကသ ဥက္ကဋ္ဌနဲ့အတူ အမှုဆောင်အဖွဲ့ဟာ တာဝန် ဝတ္တရားများကို တရားဝင်ဆောင်ရွက်ခွင့်ရှိပါတယ်။
အဲဒီလို ကျောင်းသားထုကလည်း လွတ်လွတ်လပ်လပ် သန့်သန့်ရှင်းရှင်း စိတ်တိုင်းကျအများစုက ဆန္ဒပေးရွေးချယ်တင် မြှောက်လိုက်ပြီး အစဉ်အလာကြီးမားတဲ့ တကသ ဥက္ကဋ္ဌဟောင်းကြီးတွေကိုယ်တိုင် အသိအမှတ်ပြု ကျမ်းကျိန်ပေးပြီး အာ ဏာအပ်နှင်းထားတာဖြစ်တဲ့အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အမှုဆောင်အဖွဲ့ရဲ့အသံဟာ တက္ကသိုလ်ကျောင်းသားထုရဲ့အသံဖြစ်တဲ့အပြင် အရှိန်သြဇာအပြည့်အဝရှိတဲ့ အသံ ဖြစ်ပါတယ်။
အရေးကြီးတဲ့ အချက်တချက်ဖြစ်တဲ့ အဲဒီအချိန်တုန်းက အစိုးရနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဆက်ဆံရေး ကို ပြောပြချင်ပါတယ်။ အဓိကကတော့ အစိုးရနဲ့ ကျောင်းသားသမဂ္ဂတွေဟာ အဲဒီအချိန်တုန်းက တဦးနဲ့တဦး ရန်သူလို
သဘောမထားခဲ့ကြပါဘူး။
ကျောင်းသားသမဂ္ဂတွေအနေနဲ့ အစိုးရကို ထောက်ခံတာလည်း ရှိပါတယ်။ ၁၉၆ဝ ခုနှစ် အမေရိကန်သံရုံး ဆန္ဒပြပွဲဟာ ကျောင်းသားသမဂ္ဂကြီး (၃) ခုရဲ့ အစိုးရကို ထောက်ခံအားပေးတဲ့ ဆန္ဒပြပွဲ ဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာ ကျောင်းတလပိတ်ရေး ဆန္ဒပြကြတာကတော့ တက္ကသိုလ်အာဏာပိုင်နဲ့ အစိုးရကို ဆန့်ကျင်တောင်းဆိုတဲ့ ဆန္ဒပြပွဲပါ။
၁၉၅၈ ခုနှစ် နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ တကသကကြီးမှူးပြီး “မြန်မာနိုင်ငံပညာရေးနှီးနှောဖလှယ်ပွဲကြီး” တခု ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပညာရေးနှီးနှောဖလှယ်ပွဲမျိုးကတော့ အစိုးရနဲ့ ကျောင်းသား သမဂ္ဂပူးပေါင်းဆောင်ရွက် တဲ့ အထောက်အထားဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က နှီးနှောဖလှယ်ပွဲတက်ရောက်လာတဲ့ ကိုယ်စား လှယ်တွေကို ရန်ကုန်တက္ကသိုလ်က အဆောင်တွေမှာ စနစ်တကျနေရာချထားပေးပြီး တည်းခိုခွင့်ပြုပါတယ်။ ပညာရေး နှီးနှောဖလှယ်ပွဲကြီးကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးမှာ ကျင်းပခွင့်ပြုပါတယ်။ နှီးနှောဖလှယ်ပွဲကြီးအတွက် ကုန်ကျစရိတ်တချို့တဝက်ကို နိုင်ငံတော်အစိုးရက ထည့်ဝင်ကူညီပေးပါတယ်။
ကျောင်းသားသမဂ္ဂတွေအနေနဲ့ အစိုးရကို ကန့်ကွက်သင့်တာ ကန့်ကွက်၊ ထောက်ခံသင့်တာ ထောက်ခံ၊ပူးပေါင်းဆောင် ရွက်သင့်တာ ပူးပေါင်းဆောင်ရွက် စသဖြင့် သဘောထားပါတယ်။ အစိုးရလုပ်သမျှ ငါတို့ဆန့်ကျင်မယ်ဆိုတဲ့ သဘော ထား ကျောင်းသားသမဂ္ဂတွေမှာ မရှိပါဘူး။ အစိုးရအနေနဲ့ကလည်း ကျောင်းသားသမဂ္ဂကို ကျောင်းသားထုရဲ့ ကိုယ်စား လှယ်အဖွဲ့အစည်းအနေနဲ့ သဘောထားဆက်ဆံပါတယ်။ ကျောင်းသားသမဂ္ဂတောင်းဆိုချက်တွေကို အလေးအနက်ထား ပြီး စဉ်းစားပါတယ်။ ပေးသင့်တာတွေကို ပေးပါတယ်။ ကျောင်းသားသမဂ္ဂတွေ တောင်းဆိုသမျှအားလုံးကို “ငါတို့ကို ဆန့် ကျင်နေတာ
မပေးနိုင်ဘူး” ဆိုတဲ့သဘောထားမရှိပါဘူး။
အဲဒီတော့ အစိုးရနဲ့ ကျောင်းသားထိပ်တိုက် ရင်ဆိုင်မှုဆိုတာ မရှိပါဘူး။ အဲဒီအချိန်တုန်းက အစိုးရက ကျောင်းသားသမဂ္ဂ တွေကို အဖွဲ့အစည်းတခုအနေနဲ့ အလေးထားပါတယ်။ ဥပမာတချို့ကို တင်ပြပါမယ်။ ၁၉၆၂ ခုနှစ် ဦးနေဝင်းရဲ့တော်လှန် ရေးကောင်စီအစိုးရ မတက်မီအချိန်က အစိုးရက လွတ်လပ်ရေးနေ့ အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပပြုလုပ် ပါတယ်။ ဇန်နဝါရီလ (၄) ရက် လွတ်လပ်ရေးနေ့ နံနက်စောစောအချိန်မှာ နိုင်ငံတော်သမ္မတကြီးက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ရှုခံအခမ်းအနားကျင်းပပါတယ်။
ပြည်လမ်း၊ ပြည်သူ့ရင်ပြင်နဲ့ မျက်နှာချင်းဆိုင် လွှတ်တော်ဘက်ကို (အဲဒီတုန်းက သမ္မတအိမ်တော်ဘက်) ကျောပေးထား တဲ့ ဗိုလ်ရှုခံ အဆောက်အဦကြီးတခုရှိပါတယ်။ (ယခုတော့ အဲဒီအဆောက်အဦမရှိတော့ပါဘူး) အဲဒီဗိုလ်ရှုခံ အဆောက် အဦ စင်မြင့်ပေါ်မှာ သမ္မတကြီးက မတ်တတ်ရပ်ပြီး ဗိုလ်ရှုခံပါတယ်။ ပြည်လမ်းမကြီးအတိုင်း ခြေလျင်တပ်၊မြင်းတပ်(အဲဒီ တုန်းက မြင်းတပ်ဆိုတာ ရှိပါသေးတယ်) သံချပ်ကာတပ်၊ အမြောက်ထပ်တွေနဲ့ တတပ်ပြီးတတပ် အလေးပြုကြပါတယ်။ မြန်မာ့တပ်မတော်လေတပ်က တိုက်လေယာဉ်တွေကလည်း ကောင်းကင်ယံကအုပ်စုဖွဲ့ ပျံသန်းပြီး အလေးပြုပါတယ်။
နိုင်ငံတော်သမ္မတကြီးရဲ့နောက်ကျောဘက်မှာ ထိုင်ခုံတွေချထားပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ဌာနဆိုင်ရာအကြီးအကဲ တွေ၊ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေ၊ အလုပ်သမားအဖွဲ့အစည်း၊ လယ်သမားအဖွဲ့အစည်း၊ ကျောင်းသား အဖွဲ့အစည်းတို့က ကိုယ်စားလှယ်တွေအတွက် နေရာပေးထားပါတယ်။ အဲဒီအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂအမှုဆောင်အဖွဲ့ရဲ့ ကိုယ်စားလှယ် (၂) ဦးလည်း တက်ရောက်ရပါတယ်။
တရုတ်ပြည်သူသမ္မတနိုင်ငံ ဝန်ကြီးချုပ် ချောင်အင်လိုင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေး အလည်အပတ်လာရောက်တဲ့အခါ မှာ မင်္ဂလာဒုံလေယာဉ်ကွင်းမှာ ကော်ဇောနီခင်းပြီး ကြိုဆိုတဲ့အခမ်းအနားကျင်းပပါတယ်။ ကြိုဆိုတဲ့အခမ်းအနားမှာ ကြို ဆိုသူတွေက တန်းစီနေရပြီး ရှေ့ဆုံးက ဝန်ကြီးချုပ်ဦးနုက ချောင်အင်လိုင်းကို လက်ဆွဲနှုတ်ဆက်ပါတယ်။ နောက်ဝန်ကြီး အဖွဲ့ဝင်တွေက လက်ဆွဲနှုတ်ဆက်ပါတယ်။ နောက်ဆုံးအဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေကတဦးချင်းစီ လက် ဆွဲနှုတ်ဆက်ရပါတယ်။ အဲဒီလို ကြိုဆိုပွဲ အခမ်းအနားကိုလည်း တကသအမှုဆောင်အဖွဲ့က ကိုယ်စားလှယ် (၂) ယောက် တက်ရောက်ကြရပါတယ်။ တခြားဆိုရှယ်လစ်အုပ်စု နိုင်ငံတွေက ခေါင်းဆောင်တွေလာရင်လည်း တကသကို ဖိတ်ပါ တယ်။ အစိုးရက တကသကို လက်ဝဲယိမ်းအဖွဲ့အစည်းစာရင်းထဲမှာ ထည့်ထားတယ်ထင်ပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်တွေ လို့တော့ မစွပ်စွဲပါဘူး။ အနောက်အုပ်စုနိုင်ငံတွေက ခေါင်းဆောင်တွေလာရင်တော့ တကသကို မဖိတ်ပါဘူး။
ကျနော်တို့ တကသ အမှုဆောင်သက်တမ်းမှာ ကျောင်းသားခေါင်းဆောင်တွေကို ဝန်ကြီးချုပ်အိမ်မှာ ညစာဖိတ်ကျွေးပါ တယ်။ (ဟော်တယ်မှာ မကျွေးပါဘူး) ဝန်ကြီးချုပ်အိမ်ဘေးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့ ခန်းမတခု ရှိပါတယ်။ အဲဒီ ခန်းမထဲမှာ ညစာကျွေးပါတယ်။ ညစာကျွေးတာကလည်း အခုခေတ်လို ပရိသတ်စုံတော့မှ ခေါင်းဆောင်ဆိုသူက ထွက် လာပြီး ရှေ့ဆုံးခုံမှာဝင်ထိုင်ပြီး ညစာကျွေးတာမျိုး မဟုတ်ပါဘူး။
ကျောင်းသားခေါင်းဆောင်တွေ ကားပေါ်ကဆင်းပြီး ထမင်းစားခန်းမထဲ ဝင်လာတဲ့အချိန်မှာ ထမင်းစား ခန်းမအဝင်ပေါက် ဝက ဝန်ကြီးချုပ်ဦးနုနဲ့ သူ့ကိုယ်ရေးအရာရှိ စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုတို့က မတ်တတ်ရပ်ပြီး တဦးချင်း နှုတ်ဆက် ကြိုဆိုပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ ကျနော်တို့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေ၊ ဓါတ်ပုံတွေကို ကြိုတင်မှတ်ထားသလား မသိ ဘူး။ တဦးချင်းအမည်ခေါ်ပြီး နှုတ်ဆက်နိုင်ပါတယ်။ ကျနော်ဆိုရင် ဆေးကျောင်းမှာ ကျောင်းတက်ရတာ အဆင်ပြေရဲ့ လား စသည်ဖြင့် နှုတ်ဆက်ပါတယ်။ တခြားကျောင်းသား ခေါင်းဆောင်တွေကိုလည်း သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အ ချက်အလက်တွေကို မေးမြန်းပြီး တရင်းတနှီး နှုတ်ဆက်ပါတယ်။
အဲဒီအချိန်တုန်းက ကျောင်းသားခေါင်းဆောင်တွေဟာ အသက် (၂ဝ) ကျော်အရွယ်တွေပဲ ရှိပါသေးတယ်။ ကျနော်တို့ တကသ အမှုဆောင်အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ တကသ ဥက္ကဋ္ဌ ကိုတင်အေး (စာရေးဆရာတင်အေး (မြို့မ) အဖမ်းခံရတဲ့ ကိုတင်အေး မဟုတ်ပါ) ဆိုရင် အသက်၂၉-၃ဝ လောက်ပဲ ရှိပါဦးမယ်။ အဲဒီလို အသက် (၂ဝ) ကျော်အရွယ် တွေကို ဝန်ကြီးချုပ်က လေးလေးစားစား ကြိုဆိုတယ်ဆိုတာ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေအဖြစ်နဲ့ အသိအမှတ်ပြ ပြီး ကြိုဆိုတာ ဖြစ်ပါတယ်။
နောက် ထမင်းအတူစားကြပြီး ထွေရာလေးပါး ပြောဆိုကြပါတယ်။ အဆိုအက ဖျော်ဖြေရေးတွေတော့ မပါပါဘူး။ မိသား စုတစုက တခြားမိသားစုတစုကို ထမင်းဖိတ်ကျွေးသလိုပါပဲ။
ကျနော် ဒီအကြောင်းတွေကို ပြန်ပြောနေတာက နိုင်ငံတော်အစိုးရအဖွဲ့မှာ တာဝန်အရှိဆုံးဖြစ်တဲ့ ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်က အဖွဲ့အစည်းကို အဖွဲ့အစည်းအဖြစ် သဘောထားပြီး ကျောင်းသားခေါင်းဆောင်တွေကိုလည်း ကျောင်းသားထု ကိုယ်စား လှယ်လို သဘောထားပြီး ဆက်ဆံတာကို သိစေချင်လို့ဖြစ်ပါတယ်။ နိုင်ငံရေးအစိုးရက အရာရာကို နိုင်ငံရေးအမြင်နဲ့ ကြည့်ပါတယ်။ အဖွဲ့အစည်းကို အဖွဲ့အစည်းအဖြစ် ရှုမြင်ပြီး အလေးထားဆက်ဆံပါတယ်။ ကျောင်းသားခေါင်းဆောင်တွေ ကိုလည်း ကျောင်းသားထုကိုယ်စားလှယ်တွေအဖြစ် အသိအမှတ်ပြုပါတယ်။
တကသက ဦးစီးကျင်းပတဲ့ ကျောင်းသားဆန္ဒပြပွဲတချို့မှာ ဝန်ကြီးချုပ်အိမ်ကို သွားဝိုင်းတဲ့အခါမျိုးလည်း ရှိခဲ့ပါတယ်။ အဲဒီ တုန်းက ဝန်ကြီးချုပ်နေတာက ဟံသာဝတီအဝိုင်းကြီးနားက ယခင်ဝန်ကြီးတွေနေတဲ့ ခြံဝင်းကြီးထဲမှာပါ။ ဟံသာဝတီ အ ဝိုင်းဘက်က ဝင်ပေါက်အနားက ပထမဆုံးအိမ်က ဝန်ကြီးချုပ်အိမ်ဖြစ်ပါတယ်။ ဝန်ကြီးတွေနေတဲ့ ခြံဝင်းကြီးတခုလုံးရဲ့ ဝင်ပေါက်ကြီးက တံခါးပိတ်မထားပါဘူး၊ ဖွင့်ထားပါတယ်။ လက်နက်ကိုင်အစောင့်တွေလည်း ချမထားပါဘူး။ ဝန်ကြီးတွေ နေတဲ့ တအိမ်ချင်းကိုတော့ ခြံတံခါးတွေ သော့ခတ်ထားပါတယ်။ ဝန်ကြီးချုပ်အိမ်ဝင်းရဲ့ ခြံဝမှာလည်း လက်နက်ကိုင်တွေ စောင့်နေတာ မရှိပါဘူး။
တက္ကသိုလ်ကျောင်းသားတွေ ဘတ်စ်ကားတွေငှားပြီး ဝန်ကြီးချုပ်အိမ်ရဲ့ ခြံပေါက်ဝနဲ့ အိမ်ရှေ့မျက်နှာစာမှာ ဆန္ဒပြကြပါ တယ်။ ဝန်ကြီးချုပ်အိမ်ထဲက ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု ထွက်လာပြီး ခြံပေါက်ဝမှာ ကျောင်းသားခေါင်းဆောင်တွေနဲ့ လာတွေ့ပါတယ်။ “ဝန်ကြီးချုပ်ကို ဘာများတင်ပြစရာရှိလို့လဲ” လို့ မေးပါတယ်။ ကျနော် တို့ကလည်း ကျနော်တို့အသင့်ရိုက်ယူလာတဲ့ စာရွက်ကိုပေးပါတယ်။
ဒေါ်ခင်နှင်းယုက စာရွက်ကို လက်ခံယူပြီး ဝန်ကြီးချုပ်ကို တင်ပြလိုက်ပါမယ်။ ဝန်ကြီးချုပ်အနေနဲ့လည်း အစည်းအဝေး ဘယ်နေ့လောက်မှာရှိတယ်။ အဲဒီအစည်းအဝေးပြီးရင် အကျိုးအကြောင်းစာပြန်လိုက်ပါမယ်လို့ပြောပြီး အိမ်ထဲပြန်ဝင် သွားပါတယ်။ ဆန္ဒပြတဲ့ တက္ကသိုလ်ကျောင်းသားတွေကလည်း ငှားလာတဲ့ဘတ်(စ)ကားကြီးတွေပေါ် ပြန်တက်ပြီး ရန်ကုန်မြို့ထဲကို ကြွေးကြော်သံတွေ ကြွေးကြော်ပြီး တပတ်ပတ်ပါတယ်။ နောက်တကသ အဆောက်အဦရှေ့မှာ လူစုခွဲ ပြီး အဆောင်အသီးသီးကို ပြန်သွားကြပါတယ်။
အဲဒီလို ကျောင်းသားဆန္ဒပြပွဲတခုအကြောင်းကို ပြန်ပြောပြရတာဟာ ယခုခေတ်လူငယ်ကျောင်းသားတွေအနေနဲ့ ယုံတမ်း ပုံပြင်တပုဒ်ကို နားထောင်နေရသလိုများ ဖြစ်နေမလားမသိပါဘူး၊ ပုံပြင်မဟုတ်ပါဘူး။
အဲဒီတုန်းက တကယ့်အဖြစ်အပျက်တွေပါ။
အဲဒီတုန်းက ကျောင်းသားတွေအနေနဲ့ အဲဒီလိုဆန္ဒပြလို့ရတာဟာလည်း အစိုးရအနေနဲ့ ဆန္ဒပြပွဲတွေအပေါ်မှာ မြင်တဲ့အ မြင်ကွာခြားမှုကြောင့် ဖြစ်ပါတယ်။ အစိုးရအနေနဲ့ကျောင်းသားတွေ အေးအေးချမ်းချမ်းဆန္ဒပြတာကို လက်ခံတယ်။ ကျောင်းသားတွေရဲ့ဆန္ဒတွေကို လွတ်လွတ်လပ်လပ်ဒီမိုကရေစီအခွင့်အရေးအရ တင်ပြခွင့်ပြုတယ်။ ကျောင်းသားတွေ အေးအေးချမ်းချမ်းဆန္ဒပြတာနဲ့ ကျောင်းသားတွေဆူပူတာကို ခွဲခြားပြီး မြင်နိုင်တဲ့ ဦးနှောက်စွမ်းရည်ရှိတယ်။
ဦးနေဝင်းအနေနဲ့ကတော့ ကျောင်းသားတွေ အေးအေးချမ်းချမ်းဆန္ဒပြတာနဲ့ ကျောင်းသားတွေ ဆူပူတာကို ခွဲခြားပြီး မြင် နိုင်တဲ့အနေအထားမရှိပါဘူး။ ကျောင်းသားလေး (၁ဝ) ယောက် (၁၅) ယောက်လောက်စုရင်ကို ကျောင်းသားတွေ ဆူပူ တယ်ဆိုပြီး လုံထိန်းကားတွေလွှတ်လိုက်တယ်။ တကယ်တော့ ကျောင်းသားတွေ အေးချမ်းစွာဆန္ဒပြတာနဲ့ ကျောင်းသား တွေဆူပူတယ်ဆိုတာ အလွန်ကွာခြားပါတယ်။
ကျနော်တက္ကသိုလ်ကျောင်းသားဘဝ၊ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့အချိန်အတွင်းမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဆူပူမှု (၂) ကြိမ် ဖြစ်ပွားတာ ကြုံခဲ့ရဘူးပါတယ်။ ကုန်ခဲ့တဲ့ နှစ်ပေါင်း (၆ဝ) ကျော် ပတ်ဝန်းကျင် လောက်က တက္ကသိုလ်ရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်း မီးပွိုင့်နဲ့ မလှမ်းမကမ်းလောက်မှာ တရုတ်နာမည်နဲ့ ဖွင့်လှစ် ထားတဲ့ စားသောက်ဆိုင်တဆိုင်ရှိပါတယ်။ “ဟိုင်ရွံ” လား “ဟိုစွံ” လားဆိုတာတော့ အတိအကျ မမှတ်မိတော့ပါဘူး။ နောက်ပိုင်းမှာတော့ “ပြည့်ဝ” လို့ အမည်ပြောင်းပြီး ဆက်ဖွင့်ပါတယ်။
တညနေမှာ ရာထူးကြီးကြီးတခုရရှိထားတဲ့ ပုဂ္ဂိုလ်ကြီးတဦးရဲ့သားနဲ့ သူငယ်ချင်းတက္ကသိုလ် ကျောင်းသားတစု အဲဒီစား သောက်ဆိုင် (အဲဒီတုန်းကတော့ ဟော်တယ်ခေါ်ပါတယ်) မှာသွားစားကြရင်း အရက်မူးလာတော့ ဆိုင်စားပွဲထိုးတချို့နဲ့ စကားများပါတယ်။
အဲဒီအချိန်တုန်းက မိဘတွေဆီက တလမှ ၁ဝဝိ/၁၂၅ိ လောက် ထောက်ပံ့ခံရတဲ့ သာမန်တက္ကသိုလ်ကျောင်းသားတွေ အ နေနဲ့ အဲဒီလိုစားသောက်ဆိုင် (ဟော်တယ်) မျိုးကို အနားမကပ်နိုင်ကြပါဘူး။ တရုတ်အစားအစာ စားချင်ရင် တရုတ် ခေါက်ဆွဲဆိုင်မှာ ချိုချဉ်ကျော် ငါးမူးဖိုး၊ အခေါက်ကင် တမတ်ဖိုး စသည်ဖြင့် ဟင်းအမျိုးမျိုးမှာယူ စားသောက်ကြပါတယ်။ အများဆုံးကုန်မှ နှစ်ကျပ်ခွဲ သုံးကျပ်ပါပဲ။ “ဟိုင်ရွံ” လို စားသောက်ဆိုင်မျိုးမှာ သွားစားရတာက အနည်းဆုံး ၅ဝိ/- ကနေ ၁ဝဝိ/- ကျပ်လောက်အထိ ကုန်ကြပါတယ်။
စားပွဲထိုးတွေက အဲဒီကျောင်းသားတွေကို လက်သီးနဲ့ထိုးလိုက်ပါတယ်။ အဲဒီကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်ဗဟို ကျောင်းဆောင်များ (ဗဟိုကျောင်းဆောင်များဆိုတာက သထုံ၊ ပဲခူး၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ အဆောင်ငါးဆောင်ကို ခေါ်ပါတယ်) ကိုလာပြီး တက္ကသိုလ်ကျောင်းသားတွေကို ဟော်တယ်က ဘာလုပ်လိုက်တယ်၊ ညာလုပ်လိုက်တယ်ဆိုပြီး လှုံ့ဆော်ပါတယ်။ တချို့ကျောင်းသားတွေကလည်း ကျောင်းသားထိတယ်ဆိုတော့ မစဉ်းစား၊ မဆင်ခြင်ဘဲ ဟော်တယ်ကို လိုက်သွားပြီး ဖျက်ဆီးကြပါတယ်။
ရန်ကုန်တက္ကသိုလ်က ပါမောက္ခကြီးတွေ၊ ကျောင်းသားခေါင်းဆောင်တွေ အဲဒီစားသောက်ဆိုင်(ဟော်တယ်) ကို လိုက် သွားပြီး အဲဒီကျောင်းသားဆူပူမှုကို အေးငြိမ်းသွားအေင် ထိန်းသိမ်းပေးကြပါတယ်။
အဲဒီအဖြစ်အပျက်ဟာ တက္ကသိုလ်အာဏာပိုင်တွေနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု နမူ နာတခုပါ။ တကသခေါင်းဆောင်တွေဟာ ကျောင်းသားဘက်က မျက်စိမှိတ်ပြီး အားပေးအားမြှောက် မလုပ်ခဲ့ကြပါဘူး။
ဟိုတယ်မှာ စားသောက်မူးယစ်ပြီး အဲဒီကျောင်းသားဆူပူမှုကို လှုံ့ဆော်ခဲ့တဲ့သူဟာ ဘယ်သူလဲ ဆိုတာကို စာဖတ်ပရိ သတ်ကြီးသိရင် အံ့သြသွားမယ်ထင်ပါတယ်။ ကျနော် ပဟေဠိလုပ်နေတာ မဟုတ်ပါဘူး။ ပြောသင့် မပြောသင့် စဉ်းစား နေတာပါ။ စိတ်ထဲက သိပ်ပြောချင်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော် ပြောပါတော့မယ်။ သူဟာ နောင်မှာ လေယာဉ်မှူး ကြီးဖြစ်သွားပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကိုငွေစိုးဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ပထမအိမ်ထောင်နဲ့ ရခဲ့တဲ့သား ဖြစ် ပါတယ်။
၁၉၆ဝ ခုနှစ် အတွင်းမှာ အဲဒီလိုအဖြစ်အပျက်မျိုး ရန်ကုန်မြို့ လသာလမ်းနဲ့ ကျုံးကြီးလမ်းထောင့်မှာရှိတဲ့ “ဟောင်ကောင် ဟိုတယ်” မှာ ဖြစ်ပွားခဲ့ပါတယ်။ ဟောင်ကောင်ဟိုတယ် တော်တော်လေးပျက်စီးသွားပါတယ်။ အဲဒီတုန်းကလည်း ကျောင်းသားရေးရာမှူး ဆရာကြီးဦးစံထွန်းနဲ့ တကသခေါင်းဆောင်တွေရောက်လာပြီး အခြေအနေ ပိုမဆိုးအောင် ထိန်း သိမ်းနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်ကျောင်းသားဆူပူမှုကို လှုံ့ဆော်သူကိုတော့ ကျနော်နာမည် မမှတ်မိတော့ပါ။
ကျနော် ဒီအကြောင်းတွေကို ပြန်ပြောပြတာက ကျောင်းသားတွေ အေးအေးချမ်းချမ်းဆန္ဒပြတာနဲ့ ကျောင်းသားဆူပူမှုဆို တာ ဘယ်လိုကွာခြားတယ်ဆိုတာကို ကွဲကွဲပြားပြား သဘောပေါက်သွားစေချင်လို့ ဖြစ်ပါတယ်။
နောက်တချက် ကျနော်ရှင်းပြချင်တာကတော့ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက် ကျောင်းသား အရေးအခင်းဖြစ်ပွားပြီး နောက် ဦးနေဝင်း ရေဒီယိုမှ ပြောကြားချက်ထဲမှာပါတဲ့ “တကသ အဆောက်အဦကို ကွန်မြူနစ်တွေက သံရုံးသဖွယ် အ ကာအကွယ်ယူပြီး ဌာနချုပ်ပြုလုပ်နေကြတယ်။ အဲဒါကို ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး” ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ဖြစ်နိုင် ခြေ ရှိမရှိဆိုတဲ့အချက် ဖြစ်ပါတယ်။
တကသအဆောက်အဦ ဖြိုချဖျက်ဆီးခံရတာ အခုဆိုရင် နှစ်ပေါင်းငါးဆယ်ကြာသွားပြီဆိုတော့ တကသ အဆောက်အဦ ကို ရောက်ဖူးမြင်ဖူးတဲ့သူတွေဟာ အခုအချိန်မှာ အနည်းဆုံး အသက် ၆၅ နှစ်ကျော်အရွယ်တွေ ဖြစ်ကုန်ကြပါပြီ။ မြင်ဖူး ရောက်ဖူးတဲ့သူအရေအတွက်လည်း အတော်နည်းသွားလောက်ပါပြီ။ အဲဒီတုန်းက တကသအဆောက်အဦကို ရောက်ဖူး မြင်ဖူးတဲ့သူတွေကတော့ ဦးနေဝင်းရဲ့စွပ်စွဲချက်ဟာ ဟုတ်နိုင်ခြေ ရှိမရှိဆိုတာကို သိကြပါတယ်။ တကသ အဆောက်အ ဦကို မတွေ့ဘူး မမြင်ဘူးတဲ့သူတွေအနေနဲ့ ဦးနေဝင်းရဲ့ စွပ်စွဲချက်ဟာ ဟုတ်နိုင်ခြေ ရှိမရှိဆိုတာကို စဉ်းစားဆုံးဖြတ်နိုင် အောင် တကသ အဆောက်အဦရဲ့ အခြေအနေတွေကို ကျနော် အရင်ရှင်းပြပါမယ်။
တကသအဆောက်အဦဟာ ဓါတ်ပုံထဲမှာတွေ့ရတဲ့အတိုင်း နှစ်ထပ်အဆောက်အဦဖြစ်ပြီး တက္ကသိုလ် အဓိပတိလမ်းမကြီး ကို မျက်နှာမူထားပါတယ်။ မန္တလေးဆောင်နဲ့တော့ မျက်နှာချင်းဆိုင်ပါ။ တကသ အဆောက်အဦကြီးရဲ့ အလည်တည့် တည့်မှာ ဝင်ပေါက်ကြီးတခုရှိပြီး အဲဒီဝင်ပေါက်ကြီးက ဝင်သွားရင် အပေါ်ထပ်ကိုတက်တဲ့ လှေခါးကြီးရှိပါတယ်။
တကသ အဆောက်အဦကြီးရဲ့အောက်ထပ်မှာ အခန်းလေးခန်းရှိပါတယ်။ အလယ်ဝင်ပေါက်ကြီးရဲ့ ဘွဲ့နှင်းသဘင်ဘက် အခြမ်းမှာ ခန်းမကြီးတခုရှိပါတယ်။ အဲဒီခန်းမကြီးဟာ တကသစားသောက်ဆိုင်ပါ၊ ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်ဟင်းခါး၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ တရုပ်ထမင်းဟင်း၊ မြန်မာထမင်းဟင်း စုံစုံလင်လင်ရပါတယ်။ အဲဒီစားသောက်ဆိုင် ခန်းမ ကြီးကို (၂)နှစ်တကြိမ် ချိပ်ပိတ်တင်ဒါခေါ်ပြီး ငှားရမ်းပါတယ်။
အလယ်ဝင်ပေါက်ကြီးရဲ့ တက္ကသိုလ်ရိပ်သာလမ်းဘက်အခြမ်းမှာ အခန်း (၃)ခန်းရှိပါတယ်။ တက္ကသိုလ် ရိပ်သာလမ်း ဘက် အစွန်ဆုံးအခန်းငယ်လေးက တကသအဆောက်အဦစောင့် ဘကြီး ဦးကံသိန်းနဲ့ မိသားစု နေထိုင်ပါတယ်။ ဘကြီး ဦးကံသိန်းဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့ လက်ထက်တည်းက တကသ အဆောက်အဦစောင့်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့တာ တကသအဆောက်အဦကြီး ဖြိုချဖျက်ဆီးခံရတဲ့အချိန်အထိ ဖြစ်ပါတယ်။
ဘကြီးဦးကံသိန်းအခန်းနဲ့ကပ်လျက် နောက်အခန်းတခုက တကသဆံပင်ညှပ်ဆိုင်ဖြစ်ပါတယ်။ တက္ကသိုလ် ကျောင်းသား တွေ ဆံပင်လာညှပ်ကြပါတယ်။ အဲဒီဆံပင်ညှပ်ဆိုင်ကတော့ တကသက ဘကြီးဦးကံသိန်းကို ဆိုင်ဖွင့်ခွင့်ပေးထားတာပါ။ ဘကြီးဦးကံသိန်းက ဆံပင်ညှပ်သမားတွေငှားရမ်းထားပြီး ဆိုင်ဖွင့်ထားတာပါ။
တကသအလယ်ဝင်ပေါက်ကြီးနဲ့နီးတဲ့ အနည်းငယ်ပိုကျယ်တဲ့အခန်းက တကသစာအုပ်ဆိုင် ဖြစ်ပါတယ်။ အဲဒီစာအုပ်ဆိုင် ကလည်း တက္ကသိုလ်ကျောင်းသားတွေ စာအုပ်လွယ်လွယ်ကူကူဝယ်လို့ရအောင် ရန်ကုန်မြို့ထဲက စာအုပ်ဆိုင်ကြီးတွေ ကို ချိပ်ပိတ်တင်ဒါခေါ်ပြီး ပုတ်ပြတ်ငှားရမ်းထားတာပါ။ အဲဒါက တကသအဆောက်အဦကြီးရဲ့ အောက်ထပ်မှာရှိတဲ့ အ ခန်းတွေရဲ့ အနေအထားဖြစ်ပါတယ်။ အလယ်လှေကားကြီးကနေပြီး အပေါ်ထပ်ကို တက်သွားရင် တကသ စားသောက် ဆိုင်ရဲ့ အပေါ်ဘက်ခြမ်းတခုလုံးဟာ တကသကျောင်းသားထု အစည်းအဝေးကျင်းပရာ ခန်းမကြီးဖြစ်ပါတယ်။
အလယ်လှေခါးကြီးထိပ်ကနေပြီး တက္ကသိုလ်ရိပ်သာလမ်းဘက်ကိုချိုးဝင်လိုက်ရင် ပထမတွေ့ရတဲ့ မကျဉ်းမကျယ် အခန်း တခုက တကသဥက္ကဋ္ဌကြီးရုံးခန်းပါ။ အဲဒီဥက္ကဋ္ဌကြီးအခန်းထဲမှာ လေးဒေါင့်ကျွန်းစားပွဲကြီးတခုရှိပါတယ်။ အဲဒီကျွန်းစား ပွဲကြီးထိပ်မှာတော့ ခန့်ညားထယ်ဝါတဲ့ တကသဥက္ကဋ္ဌကြီးရဲ့ ကုလားထိုင်ကြီးရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေ ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း တကသဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်အချိန်က ထိုင်ခဲ့တဲ့ ကုလားထိုင်ကြီးကို တွေ့ဘူးပါလိမ့် မယ်။ အဲဒီ ဥက္ကဋ္ဌကုလားထိုင်ကြီးပါ။
အဲဒီအခန်းကလည်း တကသဥက္ကဋ္ဌရုံးခန်းဆိုပေမယ့် တကသဥက္ကဋ္ဌအနေနဲ့ အမြဲတန်းမထိုင်ပါဘူး။ တရားဝင်အစည်း အဝေးကျင်းပတဲ့အချိန်၊ ဧည့်သည်တွေ အထူးသဖြင့် နိုင်ငံခြားသားဧည့်သည်တွေ လာရောက်တွေ့ဆုံတဲ့အခါမှာ တကသ ဥက္ကဋ္ဌက အဲဒီကုလားထိုင်ကြီးမှာထိုင်ပြီး တွေ့ဆုံပါတယ်။ နိုင်ငံခြားဧည့်သည်တွေဆိုတာ IUS
ခေါ် နိုင်ငံတကာကျောင်းသားသမဂ္ဂက ကျောင်းသားခေါင်းဆောင်တွေ၊ အာရှ အာဖရိကန်နိုင်ငံ
တွေက ကျောင်းသားခေါင်းဆောင်တွေ မကြာခဏဆိုသလို ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ရောက်လာ
တတ်ပါတယ်။
အဲဒီတကသဥက္ကဋ္ဌရုံးခန်းဘေးနားက အခန်းက တကသရုံးလုပ်ငန်းလုပ်တဲ့အခန်းဖြစ်ပါတယ်။ အဲဒီ ရုံးလုပ်ငန်းအခန်းထဲ မှာ စာရိုက်စက် (Type writer) ၂လုံး ၃လုံးနဲ့ စာကူးစက် (Duplicating machine) တလုံးရှိပါတယ်။ တကသရုံးစာရေး ဦးလှကျော်နဲ့ ရုံးအကူ ကိုဘပေါ်တို့ ရှိကြပါတယ်။ အဲဒီရုံးလုပ်ငန်းအခန်းဘေးနားက တက္ကသိုလ်ရိပ်သာလမ်းဘက် အစွန် ဆုံးအခန်းကတော့ မကျဉ်းမကျယ် အစည်းအဝေးခန်းမငယ် ဖြစ်ပါတယ်။
တကသအဆောက်အဦမှာ အခုပြောပြတဲ့အခန်းတွေအပြင် တောထဲကလူတွေ ခိုအောင်းနေနိုင်ရလောက်အောင် လျှို့ ဝှက်အခန်း၊ အံဝှက်ခန်း ဆိုတာလည်း မရှိပါဘူး။ တကသ အဆောက်အဦအောက်ထပ်မှာက စားသောက်ဆိုင်မှာ လာ ရောက်စားသောက်သူတွေ၊ စာအုပ်ဆိုင်မှာ စာအုပ်လာဝယ်သူတွေ၊ ဘကြီးဦးကံသိန်းရဲ့ဆံပင်ညှပ်ဆိုင်မှာ ဆံပင်လာညှပ် သူတွေနဲ့ အမြဲတမ်းစည်ကားနေပါတယ်။ တကသအပေါ်ထပ်မှာလည်း တကသအမှုဆောင်အဖွဲ့နဲ့ ရုံးဝန်ထမ်း (၂) ယောက် အပြင် ကျောင်းသားညီညွတ်ရေးတပ်ဦးရဲ့ ရဲဘော်တွေ ဥဒဟိုဝင်ထွက်နေကြပါတယ်။ တကသလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီနေကြပါတယ်။
အခုရှင်းပြတာက တကသအဆောက်အဦရဲ့ အနေအထားတွေဖြစ်ပါတယ်။ နောက်တခုက တကသအဆောက်အဦမှာ ခြေချင်းလိမ်နေတဲ့ သတင်းစာတိုက်အသီးသီးက သတင်းထောက်တွေ၊ ထောက်လှမ်းရေးတွေဟာ မနက်မိုးလင်းလို့ စား သောက်ဆိုင်ဖွင့်တာနဲ့ စားသောက်ဆိုင်ထဲမှာ ရောက်နေကြပါပြီ။
သတင်းထောက်တွေဆိုတာက သတင်းစာတိုက်ကြီးတွေက လာစောင့်နေကြတာ မဟုတ်ပါဘူး။ တကသမှာ အရေးကြီး တဲ့ အခမ်းအနားတခုခု၊ လှုပ်ရှားမှုတခုခုရှိရင်တော့ သတင်းစာတိုက်က သတင်းထောက်ကြီးတွေ၊ဓါတ်ပုံသတင်းထောက် တွေကိုယ်တိုင် လာကြပါတယ်။ သာမန်နေ့တွေမှာတော့ သတင်းစာတိုက်တွေက ဆက်သွယ်ခန့်အပ်ထားတဲ့ တက္ကသိုလ် ကျောင်းသားသတင်းထောက်တွေ အမြဲရှိနေပါတယ်။ တကသ အဆောက်အဦမှာ အပ်တချောင်းကျတာတောင် နောက် တနေ့ သတင်းစာမှာပါနိုင်တဲ့ အခြေအနေပါ။
ထောက်လှမ်းရေးဆိုတာကတော့ သိသိသာသာထောက်လှမ်းရေးနဲ့ မသိမသာထောက်လှမ်းရေးဆိုပြီး နှစ်မျိုးရှိပါတယ်။
သိသိသာသာထောက်လှမ်းရေးဆိုတာက အဲဒီအချိန်တုန်းက ရဲထောက်လှမ်းရေးက ထောက်လှမ်းရေး အရာရှိ ဦးလှမြင့် ဆိုတဲ့သူနဲ့ ဦးမျိုးမြင့်ဆိုတဲ့သူနှစ်ယောက်ဟာ မနက်မိုးလင်းတာနဲ့ တကသအဆောက်အဦကို ရောက်နေကြပါပြီ။ စား သောက်ဆိုင်မှာထိုင်လိုက်၊ စာအုပ်ဆိုင်ထဲက စာအုပ်တွေကြည့်လိုက်နှင့် တနေကုန်ရှိနေကြပါတယ်။ တကသ အဆောက် အဦဟာ သူတို့ရုံးလို ဖြစ်နေပါတယ်။ နေ့စဉ်တွေ့မြင်နေရတော့ သူတို့ကိုယ်တိုင်ကလည်း သူတို့ဟာ ထောက်လှမ်းရေး တွေဆိုတာ ဝန်ခံပါတယ်။ မိသားစုစားဝတ်နေရေးအတွက် တာဝန်အရလာရတာပါလို့ ပြောပါတယ်။တကသစားသောက် ဆိုင်တို့ စာအုပ်ဆိုင်တို့ဆိုတာက လူအများ ဥဒဟိုသွားလာနေကြတဲ့နေရာဆိုတော့ ခင်ဗျားတို့မလာနဲ့လို့ ပြောလို့မရဘူး။ ကျနော်တို့က ခင်ဗျားတို့တာဝန်အရလုပ်ရတယ်ဆိုရင် တကသ အဆောက်အဦအောက်ထပ်မှာပဲ နေကြ၊ အဆောက်အဦ အပေါ်ထပ်ကိုတော့ တက်မလာကြနဲ့လို့ ပြောထားရပါတယ်။ သူတို့လည်း အပေါ်ထပ်ကိုတော့ တကြိမ်တခါမှ မတက်ခဲ့ကြပါဘူး။
တကသ အဆောက်အဦအောက်ထပ်က စားသောက်ဆိုင်တို့ စာအုပ်ဆိုင်တို့ကိုတော့ ချိပ်ပိတ်တင်ဒါခေါ်ပြီး အခန်းငှား တဲ့အချိန်မှာ သေသေချာချာ လေ့လာစုံစမ်းပြီးတော့မှ ရွေးချယ်ပါတယ်။ တချို့ဆိုရင် တင်ဒါလျှောက်လွှာမှာ အခန်းခတွေ အများကြီးပေးထားပါတယ်။ ဒါပေမယ့် စုံစမ်းလိုက်တဲ့အခါမှာ ထောက်လှမ်းရေးနဲ့ နောက်ကြောင်း မရှင်းဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဆိုင်ခန်းခနည်းချင်နည်းပါစေ စိတ်ချယုံကြည်ရသူတွေကိုပဲ ရွေးချယ် ငှားရမ်းပါတယ်။ ဒါပေမယ့် စား သောက်ဆိုင်ဝန်ထမ်းတို့၊ စာအုပ်ဆိုင်ဝန်ထမ်းတို့ဆိုတာက ကျနော်တို့ အလုပ်ခန့်လို့မရဘူး။ ဆိုင်ရှင်တွေကပဲ ခန့်ကြ တယ်။ စားသောက်ဆိုင်ဝန်ထမ်းတွေ၊ စာအုပ်ဆိုင်ဝန်ထမ်းတွေ (စာအုပ်ဆိုင် ဝန်ထမ်းကတော့ အရေအတွက် နည်းပါ တယ်) တွေထဲမှာ ထောက်လှမ်းရေးတွေ ဘယ်နှစ်ယောက်ပါနေတယ်ဆိုတာ ကျနော်တို့ မသိရပါဘူး။
နောက် မသိမသာ ထောက်လှမ်းရေးတယောက်အကြောင်းကို ပြောပြပါဦးမယ်။
ကျနော်တို့နဲ့အတူ တကသလုပ်ငန်းတွေမှာ လေးနှစ်ငါးနှစ်လောက် အောက်ခြေသိမ်းကစပြီး အလုပ်လုပ်လာတဲ့ တကသ ရဲဘော်တယောက်ရှိပါတယ်။ အဲဒီရဲဘော်ဟာ စာမေးပွဲကျနေတာ (တမင်မဖြေဘဲ နေတာလည်း ဖြစ်နိုင်ပါတယ်) ဆိုရင် ဘီအေ (B.A) အောင်ဖို့အတွက် (၆) နှစ်လောက် တက္ကသိုလ်တက် ရပါတယ်။
တကသလုပ်ငန်းတွေမှာ အားကြိုးမာန်တက်လုပ်ဆောင်နေတဲ့ ကျောင်းသားရဲဘော်တယေက်ဖြစ်တော့ တနှစ်မှာ သူ့ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) အမှုဆောင်အဖွဲ့မှာ အမှုဆောင်အဖြစ် တာဝန်ပေးပါတယ်။ ဗကသ အမှုဆောင်တာဝန်ကိုလည်း ကျေကျေပွန်ပွန်ထမ်းဆောင်ပါတယ်။ ဗကသအမှုဆောင် သက်တမ်းလည်းကုန်ဆုံးပြီး သူလဲ ဘွဲ့ရသွားတော့ တကသအဆောက်အဦကို သူမလာတော့ပါဘူး။
၅လ ၆လလောက်ကြာတော့ ကျနော် ရန်ကုန်မြို့ထဲမှာ အဲဒီရဲဘော်နဲ့ မမျှော်လင့်ဘဲ တွေ့ဆုံပါတယ်။ အဲဒီအချိန်က အဲဒီ ရဲဘော်ဟာ စစ်ယူနီဖောင်းကြီးဝတ်လို့ သူ့ပုခုံးပေါ်မှာလည်း ဘားသုံးဘား တပ်ဆင်ထားပါတယ်။ သူဘွဲ့ရပြီးချိန်မှာမှ စစ် တပ်ထဲဝင်မယ်ဆိုရင် ဗိုလ်သင်တန်းတက်နေတဲ့အချိန်လောက်ပဲရှိပါဦးမယ်။ အခုတော့ အချိန်တိုလေးမှာ သုံးဘားတပ် ထားပြီ။ ကျနော့်ကိုတွေ့တော့ ပထမ မျက်နှာပျက်သွားပါတယ်။ နောက်တော့ ရှက်ပြုံးပြုံးပြီး အနီးက လက်ဘက်ရည်ဆိုင် တဆိုင်မှာ အတင်းလဘက်ရည်တိုက်ပါတယ်။ ကျနော်လည်း သူ့ယူနီဖောင်းနဲ့ သုံးဘားအကြောင်းကို ဘာမှမမေးခဲ့ပါဘူး။ သူကလည်း ဘာမှမပြောပါဘူး။ ထွေရာလေးပါးနည်းနည်းပြောပြီး လူချင်းခွဲလိုက်ကြပါတယ်။
အမှန်တကယ်တော့ အဲဒီရဲဘော်ဟာ On duty နဲ့ တက္ကသိုလ်တက်နေတဲ့ ထောက်လှမ်းရေးစစ်ဗိုလ် တယောက်ဖြစ်နေ မှန်း နောက်မှသိရပါတယ်။ (အဲဒီအချိန်တုန်းက ၁ဝ တန်းအောင်ရင် ဗိုလ်သင်တန်းလွယ်လွယ်ကူကူ တက်လို့ရပါတယ်။)
ကျနော် တကသ အဆောက်အဦကိုရောက်တော့ အဲဒီဘားတပ်ထားတဲ့ သူ့အကြောင်း တခြား တကသ ရဲဘော်တွေကို ပြန်ပြောပြပါတယ်။ အားလုံး အံ့သြကုန်ကြပါတယ်။ တချို့ ကျောင်းသားရဲဘော်ငယ်တွေကတော့ သူ့ကိုဆဲဆိုကြပါတယ်။ ဒါက ကျနော်တို့သိလိုက်တဲ့ တယောက်ပါ။
ကျနော်တို့နဲ့အတူ တကသလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူတွေထဲမှာလည်း နောက်ထပ် အဲဒီလို လူတွေ ဘယ်နှစ် ယောက်ရှိနေမယ်ဆိုတာ ခန့်မှန်းလိုမရပါဘူး။ အဲဒီလို တကသအဆောက်အဦရဲ့ ဖွဲ့စည်းပုံအနေအထား၊ ခုနကပြောခဲ့တဲ့ ထောက်လှမ်းရေးတွေရဲ့ အခြေအနေတွေမှာ ဦးနေဝင်းစွပ်စွဲသလို တောထဲကကွန်မြူနစ်တွေ တကသအဆောက်အဦမှာ လာရောက် ခိုအောင်းနေဘို့၊ ပုန်းကွယ်နေဘို့၊ သံရုံးသဖွယ် အကာအကွယ်ယူနေဘို့ဆိုတာ ဖြစ်နိုင်ပါမလားဆိုတာ စဉ်း စားကြည့်ကြပါ။
ဒါကြောင့်မို့ ဦးနေဝင်းရဲ့ စွပ်စွဲချက်တွေဟာ သူလုပ်ဆောင်ခဲ့တဲ့ ပြုမူချက်တွေအတွက် Lame excuse တွေ ဖြစ်ပါတယ်။ ဆင်သေကို ဆိတ်ရေနဲ့ဖုံးဘို့ ကြိုးစားအားထုတ်မှုတွေသာ ဖြစ်ပါတယ်။
x x x x x x
“ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှုတရားခံ ဘယ်သူလဲ” ဆိုတဲ့ အဖြေကို ဘယ်လိုဖော်ထုတ်မလဲ ဆိုတာကို သိချင်လို့ ဆောင်းပါးကို ဖတ်ကြည့်ပါတယ်။ DSO တွေရော၊ “တပ်ဦး” တွေရော တကသ ရွေးကောက်ပွဲ၊ စ ကားရည်လုပွဲ၊ ဉာဏ်ကြီးရှင်ဖြေဆိုပွဲ၊ တန်ဆောင်တိုင်ပွဲ စုံနေတာပဲ။ ဘာတွေလျှောက်ရေးနေမှန်း မသိဘူးလို့ ထင်ချင် ထင်ကြပါမယ်။ ကျနော်ဒီအကြောင်းအရာတွေကို ဖော်ပြရေးသားနေတာက အကြောင်း (၂) ခုရှိပါတယ်။ ကျနော် အောက်မှာ ရှင်းပြပါ့မယ်။
ဦးနေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီအစိုးရတက်လာပြီး ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက် ကျောင်းသားအရေး အခင်း ဖြစ်ပွားပြီးတဲ့နောက်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတွေ ဖြစ်ပေါ်ခဲ့ရပါ တယ်။ အဲဒီဆုံးရှုံးမှုကြီးတွေကို ကျနော် ပြန်လည်စဉ်းစားလိုက်တဲ့အခါမှာ အုပ်စု (၂) စု အဖြစ် တွေ့မြင်ရပါတယ်။
အုပ်စုတစုကတော့ ရုပ်ဝတ္ထုအကောင်အထည်နဲ့တကွ မျက်စိနဲ့မြင်တွေ့နိုင်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ ဇူလိုင်လ (၇) ရက် ညနေဘက် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ အတုံးအရုံး အသက်ဆုံးရှုံးသွားရတာနဲ့ ဇူလိုင်လ (၈) ရက်နေ့ နံနက်စောစောပိုင်းအချိန်မှာ တကသအဆောက်အဦကြီး မိုင်းခွဲဖျက်ဆီးခံလိုက်ရတာမျိုးတွေ ဖြစ်ပါတယ်။
နောက်အုပ်စုတစုကတော့ မျက်စိနဲ့မြင်နိုင်စွမ်းမရှိတဲ့ ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။ တက္ကသိလာမြကျွန်းသာလို့ တင်စားခေါ်ဝေါ် ခံရတဲ့ အလွန်အေးချမ်းသာယာလှပတဲ့ တက္ကသိုလ်နယ်မြေရဲ့ ပတ်ဝန်းကျင်တွေ၊ နန္ဒဝန်ဥယျာဉ်နဲ့ နှိုင်းယှဉ်တင်စားခံရတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားများ စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပညာရည်နို့သောက်စို့ရာ တက္ကသိုလ် နယ်မြေရဲ့ပတ်ဝန်းကျင်တွေ၊ အထက်က ကျနော်တင်ပြခဲ့တဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားများရဲ့ နေ့စဉ်နေထိုင်မှု ပတ်ဝန်းကျင်တွေ၊ တနည်းပြောရရင် ရန်ကုန်တက္ကသိုလ်နယ်မြေနဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ လူမှုပတ် ဝန်းကျင် (Social environment) ကြီးတခုလုံးဟာ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ကစပြီး လုံးဝ ကြေမွပျက်စီးဆုံးရှုံး သွားရပါတယ်။
အဲဒီဆုံးရှုံးမှုကြီးကတော့ မျက်စိနဲ့မြင်နိုင်စွမ်းမရှိသလို ရုပ်ဝတ္ထုအကောင်အထည်နဲ့လည်း ဖော်ပြလို့ မရပါဘူး။ ရန်ကုန် တက္ကသိုလ်နယ်မြေနဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ လူမှုပတ်ဝန်းကျင် (Social environment) အခြေအ နေဆိုတာကို ယခုအသက် (၆၅) နှစ် (ဇူလိုင်လ (၇) ရက် အရေးအခင်းဖြစ်တာက နှစ်ပေါင်း ၅ဝ + တက္ကသိုလ်ရောက်တဲ့ အသက် (၁၅) နှစ်) အောက်အရွယ်ရှိသူတွေထဲမှာ တွေ့ထိခံစားဖူးတဲ့သူ မရှိပါဘူး။
ဒီနေ့ တက္ကသိုလ်တွေမှာ တာဝန်ယူအုပ်ချုပ်နေတဲ့ ပါမောက္ခချုပ်ကြီးတွေ၊ ပါမောက္ခကြီးတွေ အပါအဝင် တက္ကသိုလ်ဆရာ ဆရာမများဟာလည်း အဲဒီအချိန်တုန်းက တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ လူမှုပတ်ဝန်းကျင်အခြေအနေကို နားလည်ခံစား (Appreciate) နိုင်ကောင်းမှ ခံစားနိုင်မယ်ထင်ပါတယ်။
ဒါကြောင့် အဲဒီတုန်းက တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ လူမှုပတ်ဝန်းကျင်အခြေအနေကို ယနေ့ (၆၅) နှစ် အောက် အရွယ်ရှိသူတွေအနေနဲ့ စဉ်းစားကြည့်၊ မှန်းဆကြည့်၊ နားလည်ခံစားကြည့်လို့ရအောင် ညစာစားပွဲတွေအ ကြောင်း၊ စကားရည်လုပွဲတွေအကြောင်း၊ ဉာဏ်ကြီးရှင်ဖြေဆိုပွဲတွေအကြောင်း၊ တကသ ရွေးကောက်ပွဲတွေအကြောင်း ကို ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။
ဒါမှသာ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့က ပျက်စီးကြေမွသွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နဲ့ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေရဲ့ လူမှုပတ်ဝန်းကျင်အခြေအနေတွေရဲ့တန်ဖိုးကို သဘောပေါက်နားလည်မှာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီ အကြောင်းတွေ ရေးသားခဲ့ရတဲ့ ပထမအကြောင်းပါ။
ဒုတိယအကြောင်းက အဲဒီတက္ကသိုလ်ကျောင်းသားကျောင်းသူတွေနဲ့ နေ့စဉ်နေထိုင်မှုပတ်ဝန်းကျင်အခြေအနေတွေကို သိရှိထားပြီးရင် ဦးနေဝင်း စွပ်စွဲတဲ့ စွပ်စွဲချက်တွေဟာ ဖြစ်နိုင်ခြေရှိမရှိဆိုတာကို စာဖတ်သူများအနေနဲ့ စဉ်းစားဆင်ခြင် နိုင်မှာ ဖြစ်ပါတယ်။
ကျနော်ဆက်လက်ပြီး ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးအခင်းနှင့် ပတ်သက်တဲ့ အဖြစ်အပျက်တွေ ကို ဆက်လက်ရေးသားဖော်ပြပါမယ်။
၁၉၆၂ ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းမှာ ရန်ကုန်တက္ကသိုလ်အာဏာပိုင်များက တင်းကြပ်တဲ့အဆောင်စည်းကမ်းတွေ ထုတ်ပြန် ပါတယ်။ တကသအမှုဆောင်များအစည်းအဝေးထိုင်ပြီး ဇူလိုင်လ (၇) ရက်နေ့မှာ တင်းကြပ်တဲ့ အဆောင်စည်းကမ်းတွေ ကို ကန့်ကွက်တဲ့ ကျောင်းသားထုဆန္ဒပြပွဲကြီးတခု ကျင်းပရန် ဆုံးဖြတ်ခဲ့ပါတယ်။
တကသဟာ တရားဝင် ကျောင်းသားထုကိုယ်စားလှယ် အဖွဲ့အစည်းဖြစ်တဲ့အတွက် တကသဦးဆောင်ကျင်းပတဲ့ ကျောင်း သားထုအစည်းအဝေးတိုင်းဟာ တရားဝင်ကြိုတင်ကြေညာပြီးမှ ပြုလုပ်ကြတာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျောင်း သားထုအစည်းအဝေးကို လျှို့ဝှက်စီစဉ်ပြီး ရုတ်တရက်လျှပ်တပြက်ထပြီးလုပ်ရတာမျိုး မဟုတ်ပါဘူး။
တကသအမှုဆောင်အဖွဲ့က ကျောင်းသားထုအစည်းအဝေးကျင်းပမည့်ရက်နဲ့ အချိန်ကို အတိအကျ သတ်မှတ်ပြီးတာနဲ့ တကသအဆောက်အဦမှာ အစည်းအဝေးအတွက် ပြင်ဆင်မှုတွေ လုပ်ရပါတယ်။ ကျောင်းသားထုအစည်းအဝေးအတွက် ကျောင်းသားထုကို အသိပေးဖိတ်ကြားတဲ့ ပိုစတာတွေ၊ လှုံ့ဆော်တဲ့ ပိုစတာတွေကို ရေးတတ်တဲ့ ရဲဘော်တွေက ရေးပေး ပြီး တက္ကသိုလ်ကျောင်းဆောင်များ၊ စာသင်ဆောင်လူသွားစင်္ကြံနံရံများမှာ ကပ်တဲ့ ရဲဘော်ကလိုက်ကပ် စသဖြင့်လုပ်ရပါ တယ်။
ကျောင်းသားထုအစည်းအဝေးအတွက် လှုံ့ဆော်ပညာပေးတဲ့ လက်ကမ်းစာစောင်တွေကိုလည်း လက်ရေးလှတဲ့သူက ဖယောင်းစက္ကူပေါ်မှာရေး၊ စာကူးစက်နဲ့ လှည့်တဲ့သူကလှည့်၊ စာစောင်ခေါက်တဲ့သူကခေါက်၊ ကျောင်းသားတွေအတွင်း မှာ လိုက်ဝေတဲ့သူကလိုက်ဝေနဲ့ အားလုံးလို အလုပ်များနေကြပါတယ်။
ကျနော်တို့က ကျောင်းသားထုဆန္ဒပြပွဲကြီးအတွက် အဲဒီလိုပြင်ဆင်နေကြတဲ့အချိန်မှာ တော်လှန်ရေးကောင်စီကလည်း အတွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံးဟု အမည်ပြောင်းသည်) အတွင်းမှာ အစည်းအဝေးတွေပြုလုပ်ပြီး ကျောင်းသားထု ဆန္ဒပြပွဲကြီးကို ဖြိုခွင်းဖို့ စီစဉ်နေကြပါတယ်။
အဲဒီလိုစီစဉ်နေတာကို သူတို့အစည်းအဝေးမှာ အစည်းအဝေးမှတ်တမ်းလိုက်ရေးရတဲ့ ကျနော်တို့ကို သံယောဇဉ်ရှိတဲ့ ဝန် ထမ်းတချို့က ကျနော်တို့အတွက် စိုးရိမ်ပြီး သတင်းပေးပို့ပါတယ်။ သူတို့အစည်းအဝေးမှာ ကျောင်းသားထုဆန္ဒပြပွဲကြီး ကို ဖြိုခွင်းဖို့အတွက် အစီအစဉ်ဆွဲပုံက ရန်သူစခန်းကြီးတခုကို တိုက်ခိုက်မဲ့စစ်ဆင်ရေးတခုအတွက် အစီအစဉ်ဆွဲပုံမျိုး ဆွဲပါတယ်။
နောက်တန်းစစ်ဆင်ရေးဌာနချုပ် ဖွဲ့စည်းပါတယ်။ ဗမာ့အသံအဆောက်အဦထဲက အခန်းတခန်းကို နောက်တန်း စစ်ဆင် ရေးဌာနချုပ်ရုံးအဖြစ် သတ်မှတ်ပါတယ်။ အဲဒီမှာ တော်လှန်ရေးကောင်စီဝင် (၅) ယောက် (၆) ယောက် ပါဝင်တဲ့ နောက် တန်းစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ကိုဖွဲ့ပြီး ရုံးထိုင်ပါတယ်။
ရှေ့တန်းစစ်ဆင်ရေးဌာနကိုတော့ လှည်းတန်းမီးပွိုင့်အနီးက ကြက်လျှာစွန်း (ယခုလူနေတိုက်တာများ ဆောက်ထားပါ သည်) အပေါ်မှာရှိတဲ့ ကမာရွတ်ရဲစခန်းမှာ ထားရှိပါတယ်။ အဲဒီအချိန်တုန်းက သတ်ရဲဖြတ်ရဲ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဦးနေဝင်းရဲ့လက်ရုံးတဆူအဖြစ် သတ်မှတ်ခံထားရတဲ့ ဒုတိယဗိုလ်မှူးကြီးစိန်လွင် (၈၈ ဒီမိုကရေစီလှုပ်ရှားမှုကာလတွင် သမ္မတခေတ္တလုပ်ပြီး (၈.၈.၈၈) နေ့တွင် သေနတ်ပစ်မိန့်ပေးသူ) ကို ရှေ့တန်းစစ်ဆင်ရေးမှူးအဖြစ် တာဝန်ပေးထားပါ တယ်။
ဒါပေမယ့် ကျနော်တို့ထင်တာက ကျနော်တို့ တက္ကသိုလ်နယ်မြေအပြင်ဘက်ကိုထွက်ပြီး ကျောင်းသားထု ဆန္ဒပြပွဲ ပြုလုပ် ရင်တော့ ကျနော်တို့ကို ပစ်ခတ်သတ်ဖြတ်ချေမှုန်းပစ်မယ်၊ တက္ကသိုလ်ဝင်းထဲကိုတော့ အခုလိုဝင်ပြီး တိုက်မယ်လို့ မထင် ခဲ့ကြပါဘူး။ ဒါကြောင့်မို့ ဇူလိုင်လ (၇) ရက်နေ့ ကျင်းပတဲ့ကျောင်းသားထုဆန္ဒပြပွဲကို အချိန်အတိုဆုံးနဲ့ စည်းကမ်းစနစ် အကျဆုံး ဆန္ဒပြပွဲဖြစ်အောင် အထူးစီစဉ်ထားပါတယ်။
နေ့လည်တနာရီလောက်မှာ တကသအဆောက်အဦအပေါ်ထပ် အစည်းအဝေးခန်းမကြီးထဲမှာ ကျောင်းသားထုအစည်း အဝေးကြီး ပြုလုပ်ပါတယ်။ ခန်းမကြီးတခုလုံး တက္ကသိုလ်ကျောင်းသားများနဲ့ ပြည့်လျှံနေပါတယ်။ တကသဥက္ကဋ္ဌ ကိုဗ ဆွေလေးက သဘာပတိမိန့်ခွန်းပြောပါတယ်။ ရုတ်တရက်တင်းကြပ်လာတဲ့ အဆောင်စည်းကမ်းတွေအကြောင်းကို ပြော ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေကို အကျဉ်းစခန်းတွေမှာထားသလို အဆောင်စည်းကမ်းတွေကို တင်းကြပ်လာပြီ။ နောက်ပြည်သူတွေကိုလည်း အကျဉ်းစခန်းမှာနေရသလို တင်းကြပ်တော့မယ်ဆိုပြီး သတိပေးသွားပါတယ်။
နောက်တင်းကြပ်တဲ့အဆောင်စည်းကမ်းသစ်တွေကို ကန့်ကွက်ကြောင်း အဆိုတင်သွင်းကြပါတယ်။ အဲဒီနောက် အစည်း အဝေးတက်ရောက်ကြတဲ့ ကျောင်းသားထုကြီးဟာ တကသအဆောက်အဦရှေ့က စတင်ပြီး တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမကြီးအထိ အဓိပတိလမ်းမကြီးအတိုင်း ဆန္ဒပြပါတယ်။ အဲဒီနောက် ဘွဲ့နှင်းသဘင်ခန်းမကြီးကနေပြီး စီးပွားရေး တက္ကသိုလ်ရှေ့ကလမ်းအတိုင်း ပြည်လမ်းတက္ကသိုလ်ဝင်း ဝင်ပေါက်ဂိတ်အထိ လျှောက်ပါတယ်။ အဲဒီပြည်လမ်းဂိတ်က နေပြီး အလာလမ်းအတိုင်း တကသအဆောက်အဦရှေ့အထိ ပြန်လျှောက်ကြပါတယ်။
အဲဒီကျောင်းသားထုဆန္ဒပြပွဲဟာ မော်နီတာဂျာနယ်မှာ ဖော်ပြထားတဲ့ဓါတ်ပုံအတိုင်း ရှေ့ဆုံးက ကျောင်းသားသမဂ္ဂ အလံ ကြီးကို ဖြန့်ကိုင်ပြီး စနစ်တကျ စီတန်းလမ်းလျှောက်ဆန္ဒပြကြပါတယ်။ တကသ အဆောက်အဦရှေ့ ပြန်ရောက်တဲ့အချိန် မှာ အေးအေးချမ်းချမ်းလူစုခွဲကြပါတယ်။ အချိန် (၂း၃ဝ)(၃းဝဝ) လောက်ပဲ ရှိဦးမယ်ထင်ပါတယ်။ လူစုခွဲပြီး ကျောင်းသား အများစုဟာ မိမိနေထိုင်ရာ အဆောင်အသီးသီးကို ပြန်သွားကြပါတယ်။
ကျောင်းသားခေါင်းဆောင်တွေကတော့ တနေကုန်စိတ်ရောကိုယ်ပါ ပင်ပန်းနေကြတာကြောင့် တကသ စားသောက်ဆိုင် မှာ ဝင်ထိုင်ပြီး တချို့ကလည်း အအေးဝယ်သောက်ရင်း အနားယူကြပါတယ်။ တချို့ကလည်း ကော်ဖီ၊ မုန့်စသည်ဖြင့် မှာ ယူစားသုံးရင်း အပန်းဖြေကြပါတယ်။
ကျောင်းသားထုဆန္ဒပြပွဲကြီး အေးအေးချမ်းချမ်း စည်းကမ်းရှိရှိနဲ့ ပြဿနာတစုံတရာမရှိဘဲ ပြီးဆုံးသွားတဲ့အတွက်လည်း ကျောင်းသားခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာ ပေါ့ပါးသွားပါတယ်။ အဲဒီလို ကျောင်းသားခေါင်းဆောင်များ စိတ်လျော့ ကိုယ်လျော့ သက်သက်သာသာ အမောပြေအနားယူနေတဲ့အချိန်မှာ မမျှော်လင့်ဘဲ တကသအဆောက်အဦကို ရုတ်တ ရက် စစ်တပ်ကဝိုင်းပြီး ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ ကြိုးစားကြပါတယ်။
တကသအဆောက်အဦကို စစ်တပ်က ဝိုင်းတာကိုမြင်လိုက်တဲ့ ကျောင်းသားတချို့က အော်ဟစ်သတင်း ပို့လိုက်တဲ့အ တွက် တကသအဆောက်အဦနဲ့ အနီးဆုံး မန္တလေးကျောင်းဆောင်မှာ နေထိုင်ကြတဲ့ ကျောင်းသားတွေက အဆောင်ပေါ် က ပြေးဆင်းလာကြပြီး တကသအဆောက်အဦနဲ့ ကျောင်းသားခေါင်းဆောင်တွေကို အကာအကွယ်ပေးကြပါတယ်။
အဲဒီအချိန်က ကျောင်းသားခေါင်းဆောင်တွေ စိတ်ထဲမှာ အခုလို တက္ကသိုလ်ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်လိမ့် မယ်လို့လည်း တွေးထင်မထားခဲ့မိပါဘူး။ ရန်ကုန်တက္ကသိုလ်သမိုင်းတလျှောက်မှာ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလက အင်းဝကျောင်းဆောင်နံရံကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်တာကလွဲပြီး လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ တက္ကသိုလ်နယ်မြေ ထဲကို ဝင်ရောက်ဖူးတာလဲ မရှိပါဘူး။ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ဖူးတာလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် ကျောင်းသား ခေါင်းဆောင်တွေကို ဝိုင်းဝန်းဖမ်းဆီးတာလောက်ပဲထင်ပြီး ကျောင်းသားခေါင်းဆောင်အများစုဟာ တကသ အဆောက် အဦရဲ့ နောက်ကျောဘက်အပေါက်က အဆောက်အဦအပြင်ဘက်ကိုထွက်ပြီး သထုံကျောင်းဆောင်ဘက်ကို ပြေးကြပါ တယ်။ တချို့ကလည်း တကသအဆောက်အဦနဲ့ကပ်လျက် ခြံဝင်းဖြစ်တဲ့ ပါမောက္ခချုပ် ဦးကာရဲ့ခြံထဲကိုကျော်ဝင်ပြီး အဲ ဒီခြံထဲကမှတဆင့် တက္ကသိုလ်ဗဟိုကျောင်းဆောင်များဆီကို ရောက်သွားကြပါတယ်။
မန္တလေးကျောင်းဆောင်သားတွေက တကသအဆောက်အဦကို အကာအကွယ်ပေးနေတဲ့အချိန်မှာ ဗဟိုကျောင်းဆောင် တွေမှာနေထိုင်တဲ့ ကျောင်းသားတွေကလည်း ဗဟိုကျောင်းဆောင်ဝင်းထဲကို တကသအဆောက်အဦက လွတ်မြောက်ပြီး ဝင်ရောက်လာကြတဲ့ ကျောင်းသားခေါင်းဆောင်တွေကို တက္ကသိုလ်နယ်မြေပြင်ပကို ရောက်ရှိသွားအောင် ကူညီပို့ဆောင် ပေးကြပါတယ်။
တကသအဆောက်အဦကို ဝိုင်းဝန်းဖမ်းဆီးတဲ့အချိန်မှာ ကျောင်းသားခေါင်းဆောင်သုံးဦးကို ဖမ်းမိသွားကြပါတယ်။ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး (ကွယ်လွန်)၊ ဗကသအလုပ်ဆောင်ကော်မတီဝင်နဲ့ တကသအလုပ် အမှုဆောင်ကော်မတီ ဝင် ကိုသက် (ကွယ်လွန်)၊ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ကိုဉာဏ်ဝင်း(ကွယ်လွန်) တို့ အဖမ်းခံခဲ့ရပါ တယ်။ ကျန်တဲ့ကျောင်းသားခေါင်းဆောင်တွေအားလုံး လွတ်မြောက်သွားပါတယ်။ ဒါပေမယ့် တကသအဆောက်အဦနဲ့ မန္တလေးကျောင်းဆောင်အကြားမှာ တကသအဆောက်ဦးနဲ့ ကျောင်းသားခေါင်းဆောင်တွေကို အကာအကွယ်ပေးရင်း တက္ကသိုလ်ကျောင်းသားအာဇာနည်တွေ အများအပြား အသက်ပေးသွားကြပါတယ်။
အဲဒီလိုကျောင်းသားတွေကို သေနတ်နှင့်ပစ်သတ်သည့်အချိန်မှာလည်း အရပ်ဘက်တရားဥပဒေအရ အဆင့်ဆင့်ဆောင် ရွက်တာတွေ မရှိသလို Aid to civil တွင် လိုက်နာဆောင်ရွက်ရမည့် စစ်စည်းကမ်းများအတိုင်း အဆင့်ဆင့်ဆောင်ရွက် တာလည်းမရှိဘဲ ပစ်ခတ်သတ်ဖြတ်ပါတယ်။ ဒါကြောင့် ဒေါသအလွန်ထွက်နေတဲ့ ကျောင်းသားထုဟာ တကသ အ ဆောက်အဦနဲ့ ခြံစည်းရိုးသာခြားတဲ့ ပါမောက္ခချုပ် ဦးကာရဲ့ ခြံဝင်းထဲကိုဝင်ပြီး ဦးကာရဲ့ ဖောက်ဝက်ဂွန်ကားလေးကို မီးရှို့ ဖျက်ဆီးပစ်လိုက်ကြပါတယ်။
နောက်နေ့သတင်းစာတွေမှာတော့ မီးလောင်ပျက်စီးနေတဲ့ ဦးကာရဲ့ ဖောက်ဝက်ကွန်ကားလေးရဲ့ဓါတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြထားပြီး ပါမောက္ခချုပ်ဦးကာရဲ့ကားကို ဆူပူနေတဲ့တက္ကသိုလ်ကျောင်းသားတွေက မီးရှို့ဖျက်ဆီးတဲ့အတွက် သေ နတ်နဲ့ပစ်ခတ်ရသလို လိမ်ညာပြီး သတင်းရေးပါတယ်။
နောက်တော့ ဦးနေဝင်းက သမိုင်းဝင်မိန့်ခွန်းကြီးကို ရေဒီယိုက အသံလွှင့်ပါတယ်။ ဇူလိုင်လ (၇) ရက် ညဘက်မှာ လွှင့် သလား၊ ဇူလိုင်လ (၈) ရက် မနက်ဖက်မှာ လွင့်သလားဆိုတာကို အတိအကျမမှတ်မိတော့ပါဘူး။ကျနော့်စိတ်ထဲမှာတော့ ဇူလိုင်လ (၇) ရက်နေ့ ညစာထမင်းစားနေချိန်မှာ လွှင့်တယ်လို့ပဲ ခေါင်းထဲမှာစွဲနေပါတယ်။ ကျနော်လည်း ညစာထမင်း စားပြီးတာနဲ့ အစ်ကိုဝမ်းကွဲတယောက် အိမ်မှာသွားအိပ်ပါတယ်။
အဲဒီမိန့်ခွန်းဟာ ကမ္ဘာမှာ ဘယ်နိုင်ငံခေါင်းဆောင်မှ မပြောဖူးတဲ့ မိန့်ခွန်းမျိုးဖြစ်ပါတယ်။ လက်နက်အပြည့်အစုံ တပ်ဆင် ထားတဲ့ စစ်တပ်ကြီးကို ဦးစီးအုပ်ချုပ်တဲ့ ဗိုလ်ချုပ်ကြီးက ဖောင်တိန်ပင် (Fountain pen) ကိုင်ထားတဲ့ တက္ကသိုလ် ကျောင်းသားတွေကို (အဲဒီအချိန်တုန်းက ဘော(လ်)ပင်ဟာ ယခုခေတ်လို ဈေးပေါပေါနဲ့ လွယ်လွယ်ကူကူ ဝယ်လို့မရ သေးပါဘူး) “ဓားဓားချင်း တုတ်တုတ်ချင်း ရင်ဆိုင်မယ်” လို့ စိန်ခေါ်တဲ့ မိန့်ခွန်းဖြစ်ပါတယ်။
ပုရွက်ဆိတ်ကို ခါးတောင်းကျိုက်ပြီး ဓါးကြိမ်းကြိမ်းတဲ့ မိန့်ခွန်းပါ။
အဲဒီအသံလွှင့်မိန့်ခွန်းထဲမှာ နောက်အရေးကြီးတဲ့အချက်တချက် ပါဝင်ပါတယ်။ မှတ်မိသူ၊ သတိထားမိသူတွေ ရှိကောင်း ရှိနေဦးမှာပါ။ ကျနော့်စိတ်ထဲမှာတော့ မနေ့တနေ့ကမှ နားနားမှာကပ်ပြီး ပြောသွားသလို စွဲနေပါတယ်။ အဲဒီပြောကြား ချက်က “တကသအဆောက်အဦကို ကွန်မြူနစ်တွေက သံရုံးသဖွယ် အကာအကွယ်ယူပြီး ဌာနချုပ်ပြုလုပ်နေကြတယ်။ အဲဒါကို ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး” ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဦးနေဝင်း မိန့်ခွန်းပါ အဲဒီအချက်ဟာ နောက်ပိုင်းမှာ တိမ်မြုပ်ပျောက်ကွယ်နေပါတယ်။ “ဓားဓားချင်း ဒုတ်ဒုတ်ချင်း” ဆို တာကိုပဲ အများမှတ်မိနေကြပါတယ်။
အဲဒီမိန့်ခွန်းပါအချက်ကို ထောက်ရှုခြင်းဖြင့် ဦးနေဝင်းဟာ တကသအဆောက်အဦနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်တယ်၊ ဘယ်လိုသဘောထားတယ်၊ ဘယ်လိုရွံ့မုန်းတယ်ဆိုတာကို စဉ်းစားကြည့်လို့ရပါတယ်။ တကသ အဆောက်အဦကို မိုင်း ခွဲဖျက်စီးပစ်တဲ့အဖြစ်အပျက်နဲ့ ဦးနေဝင်းရဲ့ အထက်ကဖော်ပြခဲ့တဲ့ မိန့်ခွန်းပါအချက်ကို ဆက်စပ်စဉ်းစားနိုင်အောင် ပြန် လည်ဖော်ပြခြင်းဖြစ်ပါတယ်။
ကျောင်းသားခေါင်းဆောင်တချို့ဖမ်းဆီးခံရခြင်း၊ တက္ကသိုလ်ကျောင်းသားအာဇာနည်တွေ သတ်ဖြတ်ခံရခြင်း၊ တကသ အဆောက်အဦကြီး မိုင်းခွဲဖြိုဖျက်ခံရခြင်း စသည်တွေ ဖြစ်ခဲ့ပေမဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ “ခွတ်ဒေါင်းတို့ခေါင်း ဟာ ဘယ်တော့မှ ဦးမညွတ်ဘူး” ဆိုသလို ဦးမညွတ်ဘဲ ပြေးရင်း လွှားရင်း ပုန်းရင်းရှောင်ရင်းနဲ့ ကျောင်းသားလှုပ်ရှားမှု တွေကို ဆက်လက်ဦးဆောင်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာ ကျောင်းသားတပ်ဦး ရဲဘော်တချို့က “ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးတော်ပုံကော်မတီ”ဆိုတာကို ရန်ကုန်တက္ကသိုလ်နယ်မြေမှာ ဖွဲ့စည်းပါတယ်။ အဲဒီကော်မတီရဲ့ဥက္ကဋ္ဌက ကိုတင်မောင်ဝင်း (၁၉၉ဝ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရမ်းမြို့နယ်ရဲ့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ယခုကွယ်လွန်) က ဆောင်ရွက်ပြီး ကိုတင်အေး (ယခုဘယ်ရောက်နေမှန်းမသိ) က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါတယ်။ ကိုစိုးသိန်း (ယခုစာရေးဆရာ မောင်ဝံသ) ဟာလည်း အဲဒီကော်မတီမှာ အဖွဲ့ဝင်တဦးပါ။
အဲဒီကျောင်းသားအရေးတော်ပုံကော်မတီက ဦးဆောင်ပြီး တကသ အဆောက်အဦရဲ့မျက်နှာစာမှာရှိနေပြီး တကသ အဆောက်အဦကို မိုင်းခွဲဖျက်ဆီးခံရစဉ်က မပျက်မစီးဘဲ ကျန် နေသေးတဲ့ “ဗိုလ်အောင်ကျော်” ကျောက်တိုင်ဘေးနားမှာ ဇူလိုင်လ (၇) ရက်နေ့မှာ ကျဆုံးသွားကြတဲ့ ကျောင်းသားအာဇာနည်တွေအတွက် အထိမ်းအမှတ်ကျောက်တိုင်တခုကို စိုက်ထူခဲ့ပါတယ်။ “ရင်ပြင်နီ” စာစောင်တွေ၊ ကဗျာစာအုပ်တွေ ထုတ်ဝေပြီး တက္ကသိုလ်ကျောင်းသားတွေအတွင်း ဖြန့်ဝေ ခဲ့ပါတယ်။ ပုန်းကွယ်လှုပ်ရှားနေတဲ့ တကသ၊ ဗကသနဲ့ ရကသ သမဂ္ဂကြီး (၃) ခုရဲ့ ကြေညာချက်တွေ၊ ထုတ်ပြန်ချက် တွေကိုလည်း အဲဒီ အရေးတော်ပုံကော်မတီကပဲ တက္ကသိုလ်ကျောင်းသားထုအတွင်း ရောက်ရှိအောင် ဖြန့်ဝေပေးခဲ့ပါ တယ်။
ကျောင်းသားလှုပ်ရှားမှုတွေဟာ ဇူလိုင်လကျောင်းသားအရေးအခင်းဖြစ်ပွားပြီးနောက် ငါးလကျော်ခြောက်လနီးပါး လောက် မရပ်မနားလှုပ်ရှားနေနိုင်ခဲ့ပါတယ်။
အရေးအခင်းဖြစ်တဲ့အတွက် ကျောင်းတွေပိတ်ထားတာက တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ဆေးသိပ္ပံမဟာ ဌာနကိုလည်း ပြန်လည်ဖွင့်လှစ်ပါတယ်။ အဲဒီအချိန်မှာ အဲဒီတုန်းကအခေါ် ဒုတိယဆေးသိပ္ပံ မဟာဌာနမှူး (ယခုအခေါ် ဒုပါမောက္ခချုပ်) ဒေါက်တာ ဦးကိုကြီးက ဆေးကျောင်းသား တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကြောင်း၊ မဖမ်းဆီးရန် အာဏာပိုင်တွေက ကတိပေးထားကြောင်း ဒါကြောင့် တိမ်းရှောင်နေတာကထွက်လာပြီး ဆေးသိပ္ပံမှာ ကျောင်းပြန်လာတက်ရန် ကျနော့် မိသားစုထံ အကြောင်းကြားစာ ပေးပို့ ပါတယ်။
ကျနော်တို့ ပုန်းနေတာကပြန်ထွက်လာပြီး ဆေးကျောင်းပြန်တက်ကြပါတယ်။ ပုန်းနေတာက ဆေးကျောင်းပြန်တက်တဲ့ အထဲမှာ ဆေးသိပ္ပံကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုလှဦး (ယခုအငြိမ်းစား ရောဂါဗေဒဘာသာရပ် ပါမောက္ခ ဘရူနိုင်း နိုင်ငံတွင် ရောက်နေသည်) တို့လည်း ပါဝင်ပါတယ်။
ကျနော်ကတော့ ဆေးသိပ္ပံမှာ ကျောင်းပြန်တက်ရင်းနဲ့ လျှို့ဝှက်ပြီး ကျောင်းသားလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်နေပါ တယ်။
အဲဒီလို ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို ဦးဆောင်နေရင်းနဲ့ ၁၉၆၂ ခုနှစ် နိုဝင်ဘာ လနဲ့ ဒီဇင်ဘာလလောက်ရောက်လာတဲ့အချိန်မှာ ကျောင်းသားခေါင်းဆောင်တွေရဲ့ ကွန်ရက်ကို စစ်ထောက်လှမ်းရေးက စတင်ခြေရာခံလို့ရလာပါတယ်။ ကျောင်းသားခေါင်းဆောင်တယောက်ချင်းကို ဟိုရပ်ကွက်မှာ တယောက်ဖမ်း၊ ဒီရပ်ကွက် မှာ တယောက်ဖမ်းနဲ့ ပုန်းအောင်းနေတဲ့နေရာတွေမှာ စတင်ဖမ်းလာပါတယ်။ စစ်ထောက်လှမ်းရေးက ကျောင်းသားကွန် ရက်ကို တစချင်းလိုက်ဆွဲနေပါပြီ။ ကျောင်းသားလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ကွန်ရက်ဟာ ရန်ကုန်မြို့ထဲမှာ ရပ်တည်လို့ မရနိုင်တဲ့ အနေအထားကို ရောက်လာပါတယ်။
ဒါကြောင့် ကျနော်တို့ ကျောင်းသားလှုပ်ရှားမှုကွန်ရက်ကို ရန်ကုန်မှာမထားတော့ဘဲ လှည်းကူးမြို့နယ် ကျေးရွာတရွာက လူသွားလူလာနည်းတဲ့ တောရကျောင်းတကျောင်းမှာ ခေတ္တပြောင်းရွှေ့ခြေရာဖျောက်ဖို့ စီစဉ်ကြရပါတယ်။
ဒါနဲ့ ၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက် နံနက်စောစော လှည်းကူးမြို့နယ် တောရကျောင်းကို ပြောင်းရွှေ့ကြရာမှာ ခြေ ရာခံမိပြီးဖြစ်နေတဲ့ စစ်ထောက်လှမ်းရေးက မင်္ဂလာဒုံစစ်ဆေးရေးဂိတ်မှာစောင့်ပြီး ကျနော်အပါအဝင် ကျောင်းသားခေါင်း ဆောင် (၆) ဦးကို ဖမ်းဆီးပါတယ်။
စစ်ဆေးရေးတွေပြုလုပ်ပြီးနောက် ကျနော်တို့ကို ရေကြည်အိုင်စခန်းကို ပို့ပါတယ်။ ရေကြည်အိုင်စခန်းမှာ ကိုဗဆွေလေး၊ ကိုသက်နဲ့ ကိုဉာဏ်ဝင်းတို့ (၃) ဦးကို အိမ်လေးတလုံးမှာ အတူထားရှိတာကို တွေ့ရပါတယ်။ အဲဒီတုန်းက ရေကြည်အိုင် စခန်းမှာ အိမ်တလုံးနဲ့ တလုံးအကြားမှာ အကာအကွယ်မရှိသေးပါဘူး။ (ကျနော်ဆရာဝန်ဖြစ်ပြီး ရေကြည်အိုင်စခန်းကို ဒုတိယအကြိမ်ပြန်ရောက်တဲ့အခါမှာတော့ အိမ်တလုံးနဲ့တလုံးအကြားမှာ သစ်သားနံရံတွေ ကာထားပြီးပါပြီ) အိမ် (၁ဝ) လုံးတန်း (၃) တန်း အိမ်အားလုံးပေါင်း အလုံး (၃ဝ) ကို လှမ်းမြင်နေရပါတယ်။ ကျနော်တို့ကိုလည်း (၃) ယောက် တအိမ် ထားပါတယ်။ ရေကြည်အိုင်စခန်းမှာ အဲဒီအချိန်တုန်းက ကျောင်းသားခေါင်းဆောင် (၉) ဦးရှိပါတယ်။ အိမ် (၃) လုံးမှာ ထားပါတယ်။ တအိမ်နဲ့ တအိမ် ခပ်လှမ်းလှမ်းဆီမှာထားပေမဲ့ လှမ်းမြင်နေရပါတယ်။
၁၉၆၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှာ တော်လှန်ရေးကောင်စီအစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာ ပါတယ်။ ကျနော်တို့ရေကြည်အိုင်စခန်းက ကျောင်းသားခေါင်းဆောင် (၉) ဦးနဲ့ တခြားတနေရာမှာ ထိန်းသိမ်းထားတဲ့ ကျောင်းသားခေါင်းဆောင် (၂) ဦး စုစုပေါင်း (၁၁) ဦး ဧပြီလ (၂) ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပြီး စစ်ထောက်လှမ်း ရေးက အိမ်တိုင်ရာရောက်လိုက်ပို့ပေးပါတယ်။
အဲဒီနေ့က လွတ်မြောက်လာကြတဲ့ ကျောင်းသားခေါင်းဆောင် (၁၁) ဦးမှာ ကိုဘကောင်း (ကွယ်လွန်)၊ ကိုညိုဝင်း (ကွယ် လွန်)၊ ကိုတင်ထွန်း (ကွယ်လွန်)၊ ကိုဖိုးထင် (ကွယ်လွန်)၊ ကိုဉာဏ်ဝင်း (ကွယ်လွန်)၊ ကိုဖဆွေလေး (ကွယ်လွန်)၊ ကိုသက် (ကွယ်လွန်)၊ ကိုလှတိုး (ကွယ်လွန်)၊ ကိုအောင်ကြည် (ချောက်မြို့)၊ ကိုတင်အောင်မြင့်နဲ့ ကျနော်တို့ ဖြစ်ကြပါ တယ်။
ဧပြီလ (၃) ရက်နေ့ နံနက် (၉) နာရီလောက်မှာ ဖမ်းဆီးထားရာက ပြန်လွတ်လာတဲ့ ကျောင်းသားခေါင်းဆောင် (၁၁) ဦး တို့ တကသအဆောက်အဦဝင်းအတွင်းက “ဇူလိုင်လ (၇) ရက်နေ့မှာ ကျဆုံးသွားတဲ့ ကျောင်းသားအာဇာနည်တွေရဲ့ ကျောက်တိုင်” မှာ လွမ်းသူ့ပန်းခွေချပြီး အလေးပြုကြပါတယ်။
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဖမ်းဆီးထားတဲ့ကျောင်းသားခေါင်းဆောင်တွေ ပြန်လွှတ်လိုက်ပြီဆိုတော့ အဖမ်း မခံရသေးဘဲ တိမ်းရှောင်နေကြတဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း ပုန်းအောင်းနေရာက ပြန်ထွက်လာကြပါတယ်။
ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးတော်ပုံကော်မတီက ကျောင်းသားခေါင်းဆောင်တွေ၊ဖမ်းဆီးထားရာက ပြန်လွှတ် လာတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ရှောင်တိမ်းပုန်းအောင်းနေတာကပြန်ထွက်လာတဲ့ ကျောင်းသားခေါင်းဆောင် တွေအားလုံးဟာ တက္ကသိုလ်နယ်မြေမှာ လွတ်လွတ်လပ်လပ် ပြန်ဆုံခွင့်ရကြပါတယ်။ တကသဝင်းထဲမှာပဲ ထရံကာ ဓနိမိုး အဆောက်အဦလေးတခုဆောက်လုပ်ပြီး ယာယီ တကသ အဆောက်အဦအဖြစ် အသုံးပြုကြပါတယ်။ ကျောင်းသားလှုပ် ရှားမှုတွေကိုလည်း ဆက်လက်ဦးဆောင်ကြပါတယ်။ နေ့စဉ်လို ယာယီတကသအဆောက်အဦလေးမှာ ကျောင်းသား ခေါင်းဆောင်တွေဟာ တွေ့ဆုံကြ၊ အစည်းအဝေးလုပ်ကြနဲ့ တကသ၊ ဗကသ၊ ရကသ ကျောင်းသားသမဂ္ဂကြီး (၃) ခုရဲ့ လုပ်ငန်းတွေဟာလည်း ပုံမှန်လည်ပတ်နေပါတယ်။
၁၉၆၃ ခု နိုဝင်ဘာလဆန်း (၁၄)ရက်နေ့မှာလည်း တကသယာယီအဆောက်အဦလေးမှာ ခါတိုင်းလို ကျောင်းသားခေါင်း ဆောင်တွေ တွေ့ဆုံကြ၊ ကျောင်းသားလှုပ်ရှားမှုလုပ်ငန်းတွေ ဆောင်ရွက်ကြတဲ့အပြင် အဲဒီအချိန်က တောတွင်းလက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးကောင်စီအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေတဲ့အချိန်ဖြစ်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကိုပါ ပြောဆိုကြပါတယ်။
ညနေစောင်းလာတော့ ကျောင်းသားခေါင်းဆောင်တွေဟာ တဦးကိုတဦး နှုတ်ဆက်လူစုခွဲပြီး မိမိတို့နေထိုင်ရာ အိမ်အသီး သီးကို ပြန်သွားကြပါတယ်။ ဒါပေမယ့် အဲဒီနေ့ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံကြတာဟာ တသက်တာအတွက် နောက်ဆုံးတွေ့ဆုံပွဲဆိုတာကိုတော့ ဘယ်သူမှမထင်မှတ်ခဲ့ကြပါဘူး။
အဲဒီနေ့ညဘက်မှာ ရေဒီယိုကနေပြီး တော်လှန်ရေးကောင်စီအစိုးရက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖျက်သိမ်း ကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီနေ့ညမှာပဲ ကျောင်းသားခေါင်းဆောင်တွေ ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်ရေး အတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဦးဆောင်တဲ့ နိုင်ငံရေးသမားတွေ၊ ငြိမ်းချမ်းရေးသမားတွေရဲ့အိမ်တွေကို ဝိုင်းဝန်းရှာ ဖွေပြီး လိုက်လံဖမ်းဆီးပါတယ်။ ကျောင်းသားခေါင်းဆောင်အများစုဟာ ဖမ်းဆီးမခံရဘဲ လွတ်မြောက်သွားကြပါတယ်။ အဲဒီကျောင်းသားခေါင်းဆောင်တွေအထဲက အများစုဟာလည်း အနယ်နယ်အရပ်ရပ်မှာ အကြောင်းအမျိုးမျိုးနဲ့ ကွယ်လွန် သွားကြပါတယ်။
နောက်နေ့မှာတော့ တကသအဆောက်အဦဝင်းအတွင်းက “ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော် ပုံကော်မတီ” က ဦးဆောင်စိုက်ထူထားတဲ့ “ဇူလိုင် (၇) ရက်ကျောင်းသားအာဇာနည်များ အထိမ်းအမှတ်ကျောက်တိုင်” နဲ့ ကျနော်တို့တ တွေ ဖမ်းဆီးထားရာက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး ပြန်လည်ဆောက်လုပ်ထားတဲ့ “တကသ ယာယီအ ဆောက်အဦ” ဟာလည်း ဖျက်ဆီးဖြိုချခံလိုက်ရပါတယ်။
သတင်းစာတွေထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖျက်သိမ်းလိုက်တဲ့သတင်းဟာ ထိပ်တန်းသတင်းဖြစ်နေတော့ “တကသ ယာယီအဆောက်အဦ” ထပ်မံဖျက်ဆီးဖြိုချခံရတဲ့သတင်းဟာ တိမ်မြုပ်သွားပါတယ်။
အခုဖော်ပြခဲ့တာက ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးအခင်း ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ကျောင်း သားသမဂ္ဂများဘက်က ပြင်ဆင်ပုံ၊ တော်လှန်ရေးကောင်စီဘက်က ပြင်ဆင်ပုံ၊ ကျောင်းသားထုဆန္ဒပြပွဲကြီး ကျင်းပပုံ၊ အရေးအခင်းဖြစ်ပွားပုံနဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကို “တကသယာယီအဆောက်အဦ” ဒုတိယအကြိမ် ဖြိုဖျက်ခံရတာ အထိ နှိုင်းယှဉ်သိရှိနိုင်အောင် ရေးသားတင်ပြထားတာ ဖြစ်ပါတယ်။
ကျနော် ဒီနေရာမှာ “ဇူလိုင်လ (၇) ရက်နေ့ ကျောင်းသားအရေးအခင်း” ဖြစ်ပွားရတဲ့အပေါ်မှာ ပြန်လည် စဉ်းစားသုံးသပ် ကြည့်မိပါတယ်။
ပထမအချက်က ဦးနေဝင်းက တင်းကြပ်ခိုင်းလိုက်တဲ့ အဆောင်စည်းကမ်းတွေပါ။ တက္ကသိုလ်ကျောင်းသား ကျောင်းသူ တွေဟာ ကျနော်အထက်က တင်ပြခဲ့သလို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့ စာပေသင်ကြားနေကြပါတယ်။ အဲဒီလို အခြေအနေမှာ ရုတ်တရက်အဆောင်စည်းကမ်းတွေကို အလွန်အမင်းတင်းကြပ်လိုက်တာဟာ တကယ်လို မလိုဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ကျနော့်အမြင်ကတော့ မလိုဘူးလို့ဘဲ မြင်ပါတယ်။
ဒီနေရာမှာ ဦးနေဝင်းဟာ ကျောင်းသားတွေကို ဦးချိုးထားချင်လို့ ချချင်လို့ တွယ်ချင်လို့ (ချချင်တဲ့ တွယ်ချင်တဲ့ အကြောင်း ကို နောက်ပိုင်းမှာ ဆွေးနွေးထားပါတယ်) တပ်မတော်ရဲ့ လုပ်နည်းလုပ်ဟန်တခုဖြစ်တဲ့ Search fire လုပ်ထာများလား ဆိုတာ စဉ်းစားမိပါတယ်။
ှSearch fire ဆိုတာက ရန်သူကိုလည်း တိုက်ချင်တယ်။ ရန်သူရဲ့နေရာကိုလည်း အတိအကျမသိတဲ့အခါမှာ မိုးပေါ် ထောင်ပြီး သေနတ်သံပေးလိုက်ပါတယ်။ ရန်သူက သူ့ကိုမြင်လို့ ပစ်တယ်ထင်ပြီး ပြန်ပစ်ရင် အဲဒီသေနတ် ပြန်ပစ်တဲ့နေ ရာကို အလုံးအရင်းနဲ့ ချေမှုန်းပစ်တာကို ခေါ်တာပါ။ လွယ်လွယ်ကူကူနဲ့ တနည်းပြောရရင် ကျောင်းသားတွေကို ချချင်လို့ နားရွက်ကိုပဲ တံတွေးလာဆွတ်တာများလို့ စဉ်းစားမိပါတယ်။
လူမိုက်စကားနဲ့ပြောရင်တော့ ချချင်လို့ ရန်စပေးတယ်ပေါ့။
တကယ်လို့သာ အဆောင်စည်းကမ်းတွေကို ယခုလို အလျင်စလို တင်းကြပ်ခြင်းမပြုခဲ့ရင် “ဇူလိုင်လ (၇) ရက် ကျောင်း သားအရေးအခင်း” ဆိုတာ ဖြစ်ပေါ်လာစရာမရှိပါဘူး။
ဒုတိယအချက်အနေနဲ့တင်ပြရရင် တကသအမှုဆောင်အဖွဲ့ဟာ တက္ကသိုလ်ကျောင်းသားထုက လျှို့ဝှက်မဲပေးစနစ်နဲ့ အ များစုဆန္ဒအရ မဲပေးရွေးချယ်တင်မြှောက်ထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် ကျောင်းသားထုရဲ့ အခွင့်အရေး ဆုံးရှုံးလာရင် မလို အပ်ဘဲ တင်းကြပ်လွန်းတဲ့စည်းကမ်းတွေ ထုတ်ပြန်လာရင် ကျောင်းသားထုဆန္ဒအတိုင်း ဆန့်ကျင်ကန့်ကွက်ရမည့် တာ ဝန်ရှိပါတယ်။ တာဝန်ရှိတဲ့အတိုင်းလည်း ကျောင်းသားထုဆန္ဒပြပွဲကြီးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တချို့ ဆန္ဒပြပွဲ တွေလို ဘတ်(စ)ကားတွေငှားပြီး ရန်ကုန်မြို့တမြို့လုံးကို လှည့်လှည်ဆန္ဒပြခဲ့ရင် သေနတ်တပြင်ပြင် လုပ်နေတဲ့ သူတို့ ဂွင်ထဲကို ဝင်သွားသလိုဖြစ်ပြီး လှည်းတန်းထိပ်မှာပဲ သူတို့ရှေ့တန်း စစ်ဆင်ရေးဌာနချုပ်နဲ့ ထိပ်တိုက်ထိုးပြီး ကျောင်းသား တွေ ဒါထက်ပိုပြီး အတုံးအရုန်းသေဆုံးနိုင်ပါတယ်။
ကျောင်းသားခေါင်းဆောင်တွေဘက်က အဲဒီလိုထိပ်တိုက်တိုးတာကို ရှောင်ရှားခဲ့ပါတယ်။ တက္ကသိုလ်နယ်မြေပြင်ပကို လုံးဝမထွက်ဘူး၊ တက္ကသိုလ်ဝင်းထဲမှာပဲ အထက်က ဖော်ပြခဲ့သလို အချိန်အတိုဆုံးနဲ့ စည်းကမ်းအရှိဆုံး အေးအေးဆေး ဆေး ဆန္ဒပြသွားပါတယ်။ အဲဒီလို အေးအေးဆေးဆေးဆန္ဒပြတာကို ကျောင်းသားတွေ ဆူပူတယ်လို့ ပြောလို့မရပါဘူး။ (ကျနော်အထက်မှာ ကျောင်းသားဆန္ဒပြတာနဲ့ ဆူပူတာကို ခွဲခြားတင်ပြပြီးပါပြီ) ကျောင်းသားတွေ ဆူဆူပူပူဖြစ်ကုန်ကြ တာက ဆင်ခြင်တုံတရားကင်းမဲ့စွာ တကသအဆောက်အဦကို ရုတ်တရက် ဝိုင်းဝန်းစီးနင်းတဲ့အချိန်မှာသာ ကျောင်းသား တွေ ဆူဆူပူပူဖြစ်ကုန်ကြတာပါ။
တကယ်လို့ သူတို့သာ တကသအဆောက်အဦကို ဝိုင်းဝန်းမစီးနင်းဘူးဆိုရင် “ဇူလိုင်လ (၇) ရက် ကျောင်းသားအရေး အခင်း” ဆိုတာ ဖြစ်ပေါ်လာစရာမရှိပါဘူး။
နောက်တချက်က ယခင်ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားသေနတ်ပစ်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ယခင် ကျောင်းသား သေနတ် ပစ်မှုတွေမှာ စနစ်တကျ ကြိုတင်စီစဉ်ထားတဲ့ လက္ခဏာတွေ မတွေ့ရပါဘူး။ အရေးပေါ်လာမှ တရားသူကြီးနဲ့ ရဲတပ်ဖွဲ့ကို လွှတ်လိုက်ပုံရပါတယ်။ ယခုတော်လှန်ရေးကောင်စီ ပြင်ဆင်ထားပုံက သတ္တဝါနဲ့ လက်နက်နဲ့တောင် မမျှပါဘူး။ နောက် တန်းစစ်ဆင်ရေးဌာနချုပ်၊ ရှေ့တန်းစစ်ဆင်ရေးဌာနချုပ်တွေနဲ့ တကယ့် ရန်သူစစ်စခန်းကြီးကို ဝင်တိုက်မဲ့အတိုင်းပါပဲ။
စဉ်းစားကြည့်တော့ နှံပြီစုတ်ကို အမြှောက်နဲ့ ချိန်ထားသလိုပါပဲ။
နောက်တော့ ချိန်ရုံတင်မဟုတ်ဘူး။ ကတယ်အမြှောက်နဲ့ပစ်လိုက်တာပါ။
တကယ်တကသအဆောက်အဦကို စီးနင်းဝင်ရောက်ချိန်မှာလည်း သူတို့သုံးနေကြ ဖော်မြူလာကြီးကိုပဲ အသုံးပြုသွား တာကို တွေ့ရပါတယ်။ သူတို့ဖော်မြူလာက “ရန်သူစခန်းကို လျှပ်တပြက် ထိုးစစ်ဆင်ဝိုင်းဝန်းတိုက်ခိုက်မယ်၊ အတားအ ဆီးရှိနေရင် သတ်ဖြတ်သုတ်သင်ပစ်မယ်၊ နောက်တော့ စခန်းကိုသိမ်းမယ်၊ စခန်းသိမ်းပြီးရင် အဲဒီစခန်းကို ဖျက်ဆီးပစ်
မယ်” ယခုတကသအဆောက်အဦကို ထိုးစစ်ဆင်တဲ့ ပုံစံကလည်း အဲဒီဖော်မြူလာထဲကအတိုင်းပဲ လုပ်ဆောင်သွားပါ တယ်။
တကသအဆောက်အဦကို လျှပ်တပြက်ဝိုင်းတယ်၊ တကသအဆောက်အဦနဲ့ ကျောင်းသားခေါင်းဆောင်တွေကို အကာ အကွယ်ပေးနေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို သတ်တယ်၊နောက်တကသအဆောက်အဦကြီးတခုလုံးကို သိမ်းပိုက် တယ်၊ နောက်မိုင်းခွဲဖျက်စီးပစ်တယ်။ သိမ်းပိုက်လိုက်တဲ့ အဆောက်အဦဟာ ဝါးနဲ့ဆောက်ထားတဲ့ ယာယီအဆောက် အဦလား၊ အခိုင်အမာတည်ဆောက်ထားတဲ့ သမိုင်းဝင်အဆောက်အဦလားဆိုတာကို ခွဲခြားနိုင်တဲ့ စဉ်းစားဆင်ခြင်ဉာဏ် မရှိကြဘူး။ တတန်းတစားထဲထားပြီး တပုံစံထဲ ပြုလုပ်ကြပါတယ်။
အဲဒီမှာ ဖောင်တိန်ပင် ကိုသာကိုင်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဦးနေဝင်းဟာ ရန်သူစခန်းကြီးတခုကို တိုက်ခိုက် သိမ်းပိုက်သလို ဘာကြောင့်တိုက်ခိုက်သတ်ဖြတ်သလဲဆိုတဲ့ မေးခွန်းကိုမေးစရာ ဖြစ်လာပါတယ်။
ကျနော့်အနေနဲ့ အချက် (၂) ချက်ကို တွေ့ရပါတယ်။ ပထမအချက်ကတော့ “ကျောင်းတော်က ရန်စလို့” ပြောရင်ပြောလို့ ရပါတယ်။
၁၉၅၈ ခုနှစ်၊ စက်တင်ဘာလထဲမှာ ဗိုလ်မှူးချုပ် (၃) ယောက် ဖောက်ဝက်ဂွန်ကားလေးနဲ့ ဝန်ကြီးချုပ် ဦးနု အိမ်ဝင်းထဲကို ဝင်သွားတာကို သတင်းထောက်တွေက တွေ့လိုက်ရပါတယ်။ အဲဒီ သတင်းဟာ နောက်နေ့ ကြေးမုံသတင်းစား (အဲဒီအ ချိန်က ကြေးမုံသတင်းစာဟာ ပုဂ္ဂလိကပိုင်သတင်းစာဖြစ်ပါတယ်) မျက်နှာဖုံးမှာ ဖောက်ဝက်ဂွန်ကားလေးဓါတ်ပုံနဲ့တကွ ကားလေး ဝန်ကြီးချုပ်အိမ်ဝင်းထဲ ဘယ်အချိန်ဝင်သွားတယ်၊ ဘယ်အချိန်မှာ ပြန်ထွက်လာတယ်။ ကားထဲမှာ ပါသွားတဲ့ ဗိုလ်မှူးချုပ်တွေက ဘယ်သူတွေဆိုတာကို ဝေဝေဆာဆာ ရေးသားဖော်ပြထားပါတယ်။ အဲဒီသတင်းဟာ သတင်းလော ကအတွင်းမှာရော၊ နိုင်ငံရေးအသိုက်အဝန်းမှာရော စိတ်ဝင်စားစရာသတင်းဖြစ်နေပါတယ်။
သာမန်အားဖြင့် ဗိုလ်မှူးချုပ်တွေဟာ ဝန်ကြီးချုပ်အိမ်ကို ဝင်ထွက်စရာအကြောင်းမရှိဘူး။ ယခင်ကလည်း ဝင်ထွက်တဲ့အ လေ့အထ မရှိခဲ့ပါဘူး။ ဝန်ကြီးချုပ်နဲ့ ဗိုလ်မှူးချုပ်ဆိုတာကလည်း အဲဒီအချိန်တုန်းက အဆင့်အတန်း အလွန်ကွာနေပါ တယ်။ ဝန်ကြီးချုပ်အောက်က ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးအောက်ကမှ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်အောက်ကမှ ဗိုလ်ချုပ်တွေ အဆင့်ဆင့်ရှိပါတယ်။ ဒါကြောင့် အဲဒီ ဗိုလ်မှူးချုပ်ဆိုတဲ့ ပုဂ္ဂိုလ် တွေနဲ့ ဝန်ကြီးချုပ်ဟာ အဆင့်အတန်းချင်း အများကြီးကွာခြားနေပါတယ်။ ဒါကြောင့်မို့ အဲဒီဗိုလ်မှူးချုပ်တွေ၊ ဝန်ကြီးချုပ် အိမ်ထဲကို ဝင်သွားတာကို သတင်းထောက်တွေက စိတ်ဝင်စားနေပြီး အနံ့ခံကြတာ ဖြစ်ပါတယ်။ အမှန်က အဲဒီ ဗိုလ်မှူး ချုပ်တွေဟာ ဝန်ကြီးချုပ်ဦးနုဆီက နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းကို လွှဲပြောင်းပေးဖို့အတွက် အနုကြမ်းသွား စီးကြတာပါ။ ဝန်ကြီးချုပ်ဦးနုက စစ်တပ်ကအာဏာသိမ်းတယ်ဆိုတာ မြန်မာ့သမိုင်းမှာ အမဲစက်ကြီးတခုဖြစ်သွားမှာမို့လို့ လွှတ်တော်ခေါ်ပြီးမှ လွှတ်တော်မှာ တရားဝင်အာဏာလွှဲပေးပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။
အဲဒီကတိအတိုင်း နောက်နေ့တွေမှာ “အရေးကြီးတဲ့ စာနှစ်စောင်” ဆိုတာ သတင်းစာထဲမှာ ပါလာပါတယ်။ ပထမစာက ဝန်ကြီးချုပ်ဦးနုက ဦးနေဝင်းဆီကို ရေးတဲ့စာပါ၊ တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် ဦးနေဝင်းအနေနဲ့ ဝန်ကြီးချုပ် ခေတ္တလုပ်ပေးပါဆိုတဲ့ မေတ္တာရပ်ခံစာပါ။ ဒုတိယစာကတော့ ဦးနေဝင်းဆီက ဦးနုဆီကို ရေးတဲ့ပြန်စာပါ။ ဦးနုရဲ့ မေတ္တာ ရပ်ခံချက်ကြောင့် တပ်မတော်တာဝန်တွေ များပြားနေတဲ့ကြားထဲက အားနာပါးနာနဲ့ ဝန်ကြီးချုပ်လုပ်ပေးပါ့မယ်လို့ ရေး ထားတာပါ။
နောက်လွှတ်တော်ခေါ်ပြီး လွှတ်တော်ထဲမှာ ဝန်ကြီးချုပ်ဦးနုက ဝန်ကြီးချုပ်တာဝန်ကို ဦးနေဝင်းကို လွှဲပေးပါတယ်။ အဲဒီ လိုနဲ့ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့မှာ “ဦးနေဝင်း အိမ်စောင့်အစိုးရ” ဆိုတာ ပေါ်လာပါတယ်။ ဦးနေဝင်း ဟာ ဦးနုဆီက အာဏာကို အနုကြမ်းစီးပြီး ယူတယ်ဆိုတာကို သတင်းလောကရော နိုင်ငံရေးအသိုက်အဝန်းကပါ သိနေ ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ အဖြစ်မှန်ကို ဖော်ထုတ်ခြင်း မပြုကြပါဘူး။ အဲဒီအချိန်မှာ တကသ၊ ဗကသနဲ့ ရကသ ကျောင်းသားသမဂ္ဂကြီး သုံးခုပူးပေါင်းပြီး “ဦးနေဝင်းဟာ ဦးနုဆီက အာဏာသိမ်းယူတယ်” ဆိုတာကို ဖော်ထုတ်လိုက်ပြီး ဦးနေဝင်းအာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားထုဆန္ဒပြပွဲကြီးတခု ပြုလုပ်ပြီး ရန်ကုန်မြို့ကြီးတမြို့ လုံးကို (အဲဒီအချိန်က သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမြို့တွေ မရှိသေးပါဘူး) အနှံ့ ဘတ်(စ)ကားတွေနဲ့ လှည့်လည်ဆန္ဒပြပြီး ပြည်သူတွေအားလုံးကိုသိရှိအောင် ပြုလုပ်ပါတယ်။
ဦးနေဝင်းလည်း ကျောင်းသားတွေကို အမျက်ဒေါသထွက်ပြီး ကျောင်းသားခေါင်းဆောင်တချို့ကို ဖမ်းဆီးပြီး ကိုကိုကျွန်း ကို ပို့ပါတယ်။ ကျောင်းသားခေါင်းဆောင်တချို့ဟာလည်း ဦးနေဝင်း အိမ်စောင့်အစိုးရသက်တမ်းတလျှောက်လုံး ပုန်း ရှောင်နေရပါတယ်။
၁၉၅၈ ခုနှစ်က ဦးနေဝင်း အာဏာသိမ်းလို့ အာဏာလွှဲပြောင်းပေးလိုက်ရတယ်ဆိုတာကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး တော်ပုံတုန်းက ဦးနု ကိုယ်တိုင်ဝန်ခံသွားပါတယ်။
ဒါကြောင့်မို့ “ကျောင်းတော်က ရန်စ” လို့ ရေးတာပါ။
ဒုတိယအချက်ကတော့ ပိုအဓိကကျပြီး ပိုအရေးကြီးပါတယ်။
တော်လှန်ရေးကောင်စီအစိုးရတက်လာတဲ့အချိန်က မတ်လ (၂) ရက်နေ့ဆိုတော့ စာမေးပွဲတွေ စစ်နေတဲ့ အချိန်ဖြစ်ပါ တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတမြို့လုံး စစ်တပ်တွေ ဖြန့်ချထားပြီး စစ်တပ်က အခုလို အာဏာသိမ်းတာက ပထမ အ ကြိမ်ဖြစ်နေပါတယ်။ ၁၉၅၈ ခုနှစ် အာဏာသိမ်းတုန်းကလို မဟုတ်ပါဘူး၊ အဲဒီတုန်းကတော့ လွှတ်တော်ထဲမှာ ဟန်မပျက် အာဏာလွှဲပြောင်းယူခဲ့တာပါ။
အဲဒီအချိန် ပတ်ဝန်းကျင်မှာ တောင်အမေရိကန်နိုင်ငံတွေ၊အာဖရိကနိုင်ငံတွေမှာ စစ်တပ်က အာဏာသိမ်းတဲ့သတင်းတွေ သတင်းစာမှာ မကြာခဏတွေ့နေရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးရင် အတိုက်အခံခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ လူငယ်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး သတ်ပစ်တာကိုလည်း သတင်းစာတွေထဲမှာ ဖတ်ရပါတယ်။
ဒါကြောင့်မို့ မတ်လ (၂) ရက်နေ့ နံနက်ပိုင်းမှာ “စစ်တပ်က အာဏာသိမ်း” တယ်ဆိုတဲ့ သတင်းကြေညာချက် ဗမာ့အသံ က ကြေညာလိုက်တာနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေအားလုံးလို တိမ်းရှောင်ပုန်း အောင်းပြီး အခြေအနေကို အကဲခတ်နေကြပါတယ်။ (၂) လလောက်ကြာပြီး အခြေအနေ တည်ငြိမ်သွားပြီးတော့မှ အား လုံးပုန်းအောင်းနေရာက ပြန်ထွက်လာကြပါတယ်။ ဒါကြောင့် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး (၂) လ (၃) လအ တွင်းမှာ ကန့်ကွက်ခြင်း ဆန္ဒပြခြင်း မရှိခဲ့ကြပါဘူး။
အခုတော့ ဇွန်လမှာ တက္ကသိုလ်တွေက ပြန်ဖွင့်ပြီ။ တက္ကသိုလ်အဆောင်အသီးသီးကိုလည်း အနယ်နယ်အရပ်ရပ်က တက္ကသိုလ်ကျောင်းသားတွေ တဖွဲဖွဲရောက်လာကြပြီး ကျောင်းသားတွေ စုမိပြီးရင် စစ်တပ်က အာဏာသိမ်းတာကို ကန့် ကွက်တဲ့ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာနိုင်တယ်။ ၁၉၅၈ ခုနှစ် စစ်တပ်က အာဏာသိမ်းတုန်းက ကျောင်းသားတွေကပဲ စတင် ဆန္ဒပြခဲ့တဲ့ အတွေ့အကြုံတွေက ရှိထားတယ်။
အဲဒါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တက္ကသိုလ်အဆောင်စည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလို ထုတ်ပြန်လိုက်တဲ့ အဆောင်စည်းကမ်းတွေကို တက္ကသိုလ်ကျောင်းသားတွေက ခေါင်းငုံ့ခံမနေကြဘဲ ဆန့်ကျင် ကန့်ကွက်တဲ့ ကျောင်းသားထုဆန္ဒပြပွဲကြီးတခုကို ကျင်းပရန် စီစဉ်နေကြတယ် ဆိုတာကို သတင်းရပါတယ်။ တော်လှန် ရေးကောင်စီအနေနဲ့ နောက်ထပ်စိုးရိမ်စရာ ဖြစ်လာပါတယ်။ အဆောင်စည်းကမ်းကန့်ကွက်ပွဲတွေကတဆင့် စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေအထိ တဖြည်းဖြည်းအရှိန်မြင့်လာနိုင်တယ်။ ကျောင်းသားဆန္ဒပြ ပွဲတွေကတဆင့် အလုပ်သမားဆန္ဒပြပွဲတွေ၊ လယ်သမားဆန္ဒပြပွဲတွေပါ ဆက်လက်ပေါ်ပေါက်လာနိုင်တယ်။ ကျောင်း သား၊ အလုပ်သမား၊ လယ်သမား လက်တွဲမိသွားရင်တော့ ဒုတိယ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးတခု ဖြစ်ပေါ်လာနိုင် တယ်။
အဲဒီလို ဖြစ်လာရင်တော့ သူတို့အာဏာသိမ်းပြီးရယူထားတဲ့ အာဏာအတွက် စိုးရိမ်စရာဖြစ်လာတယ်။ တော်လှန်ရေး ကောင်စီအနေနဲ့ အဲဒီလိုတော့ ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်ဘူး။ တက္ကသိုလ်ကျောင်းသားတွေကို စံပြအနေနဲ့ ဦးချိုးပြရ မယ်။ ပြည်သူတရပ်လုံးက ဖူးဖူးမှုတ်ထားပြီး ချစ်ခင်မြတ်နိုးကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြပြီး ငြိမ်နေအောင် ထိန်းထားနိုင်မှ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ပြည်သူတွေ အားလုံးငြိမ်နေမယ်လို့ သဘောထားပုံရတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့တင်းကြပ်တဲ့ အဆောင်စည်းကမ်းတွေကို ဆန့် ကျင်ကန့်ကွက်တဲ့ ကျောင်းသားထုဆန္ဒပြပွဲကြီးကို ဖြိုခွင်းဘို့အတွက် တကယ်ရန်သူစစ်စခန်းကြီးတခုကို ထိုးစစ်ဆင်တဲ့
စစ်ဆင်ရေးကြီးတခုလို စစ်ဆင်ရေးစီမံကိန်းတွေဆွဲ နောက်တန်းစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဖွဲ့စည်း၊ ရှေ့တန်းစစ်ဌာ နချုပ် တည်ထောင်၊ ရှေ့တန်းစစ်ဆင်ရေးမှူး ခန့်အပ်တာဝန်ပေး စသည်ဖြင့်ပြုလုပ်ကြတာ ဖြစ်ပါတယ်။
ဒါတွေကို အားလုံးခြုံငုံပြီး သုံးသပ်ရင် တကသအဆောက်အဦကို ဖောက်ခွဲပျက်ဆီးတာနဲ့ ပတ်သက်ပြီး တရားခံကို ရှာ ဖွေတဲ့အခါမှာ တကသအဆောက်အဦဖောက်ခွဲဖျက်ဆီးတာတခုထဲကိုပဲ ခွဲထုတ်ယူပြီး တရားခံရှာလို့ မရနိုင်ပါဘူး။
တကသအဆောက်အဦမိုင်းခွဲဖျက်ဆီးပစ်တာဟာ တော်လှန်ရေးကောင်စီက စနစ်တကျစီမံချက်ဆွဲပြီး ပြုလုပ်ထားတဲ့ တကသ စစ်ဆင်ရေးကြီးရဲ့ တစိတ်တပိုင်းသာ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးကြီးတခုလုံးကို တွဲမြင် ပြီးစစ်ဆင်ရေးကြီး တခုလုံးရဲ့ တရားခံကိုရှာရပါမယ်။
အေးချမ်းသာယာနေတဲ့ တက္ကသိုလ်နယ်မြေထဲကို ရန်သူစစ်စခန်းကြီးလို ထိုးစစ်ဆင်ပြီးတက္ကသိုလ် ကျောင်းသားအများ အပြားကို ရက်ရက်စက်စက်သေနတ်နဲ့ ပစ်သတ်မှု၊ တကသအဆောက်အဦကို မိုင်းခွဲဖြိုချဖျက်ဆီးမှု၊ ရန်ကုန်တက္ကသိုလ် နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့လူမှုပတ်ဝန်းကျင် (Social environment) ကြီးတခုလုံးကို အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားအောင် ဖျက်ဆီးမှု၊ အဲဒီပြစ်မှုတွေ အားလုံးရဲ့ တရားခံဟာ တကသစစ်ဆင်ရေးကြီးကို စီမံကိန်းချပြီး ရေးဆွဲအကောင်အထည်ဖော်ခဲ့တဲ့ တော်လှန်ရေးကောင်စီတခုလုံး ဖြစ်ပါတယ်။
ဒါပေမယ့် ဦးနေဝင်းကတော့ တော်လှန်ရေးကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့အတွက် တော်လှန်ရေးကောင်စီလုပ်သမျှကို တာဝန် ယူရမည့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ နံပါတ်(၁) တရားခံဟာ ဦးနေဝင်းဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီမှာ ဒုဥက္ကဋ္ဌဆိုတဲ့ ရာထူးမရှိပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ကြီးဟာ တပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ တပ်မတော်မှာ ဦးနေဝင်းပြီးရင် ဒုတိယတာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဦးအောင်ကြီးဟာလည်း တကသ အဆောက်အဦ မိုင်းခွဲဖျက်ဆီးမှု အပါအဝင် တကသထိုးစစ်ကြီးမှာ ဒုတိယတရားခံ ဖြစ်ပါတယ်။
ဗမာ့အသံမှာ ရုံးခန်းဖွင့်ပြီးနောက်တန်းစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှာ တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးသန်းစိန်(ပခုက္ကူ)၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးတန်ယုဆိုင် အပါအဝင် တော်လှန်ရေးကောင်စီ ဝင် အားလုံးဟာ တကသ စစ်ဆင်ရေးကြီးရဲ့ စစ်ရေးစီမံချက်ရေးဆွဲရာမှာ အတူပါဝင် သဘောတူခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက်အားလုံးဟာ တတိယတရားခံတွေ ဖြစ်ကြပါတယ်။
ကမာရွတ်ရဲစခန်းမှာ ရှေ့တန်းစစ်ဆင်ရေးဌာနချုပ်ဖွင့်လှစ်ပြီး တက္ကသိုလ်နယ်မြေထိုးစစ်ကြီးကို အနီးကပ် လမ်းညွှန်နေ တဲ့ ဒုဗိုလ်မှူးကြီးစိန်လွင် (၈.၈.၈၈ နေ့က သမ္မတအဖြစ်နဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်မိန့်ပေးသူ) ဟာလည်း တရား ခံစာရင်းမှာ မထည့်ဘဲချန်ထားလို့မရတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။
ဦးနေဝင်းနဲ့ ဦးအောင်ကြီးတို့ တယောက်ကိုတယောက် အပြန်ပြန်အလှန်လှန် လက်ညှိုးထိုးပြီး စွပ်စွဲနေကြတာဟာ ပြန် စဉ်းစားကြည့်လိုက်တော့ အလွန်ရယ်စရာကောင်းနေပါတယ်။ ကလေးတွေ ကစားကြရင်း အရုပ်ကလေးတခု ပျက်စီး သွားတဲ့အခါမှာ “တားတားလုပ်တာ မဟုတ်ဘူး၊ တူလုပ်တာ၊ တူလုပ်တာ” ဆိုပြီး လက်ညှိုးထိုးတရားခံ လွဲချတာမျိုးနဲ့ တူပါတယ်။
အင်မတန်ကြီးမားတဲ့ “သမိုင်းအမဲကွက်ကြီး” တခုကို ဖန်တီးပြုလုပ်ခဲ့ကြသူတွေအနေနဲ့ အဲဒီလို လွယ်လွယ်ကူကူ လက် ညှိုးလေးထိုးပြီး “ငါမပါဘူး သူလုပ်တာ” ဆိုရုံနဲ့ သမိုင်းတရားခံတွေ စာရင်းထဲက လွယ်လွယ်ကူကူ ပျောက်ကွယ်မသွား နိုင်ပါဘူး။
အခုအချိန်မှာ အဲဒီတုန်းက အာဏာမာန်တက်ပြီး စစ်သွေးတွေ ကြွနေကြတဲ့ တော်လှန်ရေးကောင်စီဝင် ပုဂ္ဂိုလ်ကြီးတွေ အနေနဲ့လည်း ကျနော်မှတ်မိသလောက် ဦးအောင်ကြီးနဲ့ ဦးစောမြင့် (နောက်တန်းစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အဖွဲ့ဝင်) တို့နှစ်ယောက်ပဲ ကျန်နေတာတွေ့ရတယ်။ အားလုံးကွယ်လွန်ကုန်ကြပါပြီ။
“ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးအခင်း” ဖြစ်ပွားချိန်က တော်လှန်ရေးကောင်စီဝင် ပုဂ္ဂိုလ်ကြီးတွေထက် အသက် အရွယ်အများကြီး ငယ်ရွယ်ကြတဲ့ကျောင်းသားခေါင်းဆောင်တွေဆိုရင်လည်း သိပ်မကျန်ကျတော့ပါဘူး။ အားလုံးနီးပါး ကွယ်လွန်ကုန်ကြပါပြီ။
အသက်ရှင်ကျန်နေသူတွေအနေနဲ့ ကျနော်အပါအဝင် ဦးလှရွှေ၊ ဦးတင်အောင် (အန်ကယ်ကြီး ဦးတင်အောင်)၊ ဦးအောင် ကြည်(ချောက်)၊ ဦးတင်အောင်မြင့် (နန့်ယမ်းကျောင်း)၊ ဒေါ်မြင့်မြင့် (ကျောင်းအုပ်ဆရာမကြီး (ငြိမ်း) အထက (၁) ကမာ ရွတ်)၊ ဦးလှသွင် (လမ်းမတော် ရွှေတောင်တန်း)၊ ဦးမြင့်ဖေ (နတ်မောက်)၊ ဦးရဲမြင့် (မင်းဘူး)၊ ဦးသာဘန်း (ရခိုင်အမျိုး သားခေါင်းဆောင်)၊ ဒေါ်ခင်စုလှိုင် (ကတိက (ငြိမ်း) သတ္တဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်)၊ ဦးချစ်စိန် (ပုသိမ်)၊ ဦးစိုးတင့် (ယခုတောင်ငူတွင် နေသည်) တို့လောက်ပဲ စဉ်းစားလို့ ရပါတော့တယ်။ လက်ချိုးရေတွက်လို့ရနိုင်လောက်တဲ့ အရေအ တွက်ပဲ ကျန်ပါတော့တယ်။
အခုလို “ကျောင်းသားသမဂ္ဂအဆောက်အအုံဖောက်ခွဲဖျက်ဆီးမှု တရားခံ” ရှာတာကလည်း ပြုလုပ်ခဲ့ ကြသူတွေကို ပြု လုပ်ခံခဲ့ရသူတယောက်အနေနဲ့ အာဃာတထားပြီး စွပ်စွဲပြောဆိုနေတာ မဟုတ်ပါဘူး။ သမိုင်းမှတ်တမ်းအတွက် တရားခံ ကို ဖော်ထုတ်နေတာသာဖြစ်ပါတယ်။
ဦးမြတ်ခိုင်ရေးတဲ့ဆော်းပါးအဖွင့်ပုဒ်မှာ “သူ့ဘက်ကရေးတော့ သူ့သမိုင်း၊ ကိုယ့်ဘက်ကရေးတော့ ကိုယ့်သမိုင်း” လို့ ဖွင့် ဆိုထားပါတယ်။
အခုလည်း ကျောင်းသားရေးတော့ (ကျောင်းသားအတွေးနဲ့ ပြန်ရေးတော့) ကျောင်းသားသမိုင်းလို့ ခေါ်ရင် မမှားနိုင်ဘူး ထင်ပါတယ်။ တကယ်တော့ ကျနော်တို့မျိုးဆက်ရဲ့ ကျောင်းသားသမိုင်းလို့ခေါ်ရင် ပိုမှန်ပါမယ်။
ဘိုးသိမ်း
၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက် ကျောင်းသားအရေးအခင်း နှစ် (၅ဝ) မြောက် ရွှေရတုအထိမ်းအမှတ်ဆောင်းပါး
naytthit.net

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1