Thursday, August 30, 2012

ခေတ်သစ် ဂီတအလွှာ၊ သားစိုး “ဒီနေ့လောက် ပျော်တာ မရှိ”

Ever November | 8/30/2012 08:53:00 AM | Best Blogger Tips
မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အမှုဆောင်သစ် ရွေးကောက်ပွဲများတွင် ခေတ်သစ်အလွှာ အမှုဆောင်အတွက် တေးဆို၊ တေးရေး၊ အတီး တို့အတွက် မဲဆန္ဒရွေးကောက်ခြင်းကို ၂ဝ၁၂၊သြဂုတ်လ ၂၃ ရက်နေ့ ကတွေ့ရစဉ်။

ရိုးရာထိန်းသိမ်းမှု အားသန်တဲ့ လူကြီးတွေပဲ လွှမ်းမိုးထားတဲ့ ဂီတ အစည်းအရုံးမှာ ခေတ်သစ် ဂီတကို အလွှာသစ်အဖြစ် ထပ်တိုးဖို့ ၄၉ ရက်ရှည်ကြာ ရုန်းကန် တောင်းဆိုခဲ့တာရဲ့ အဆုံးမှာတော့ အသီးအပွင့် ထွက်ပေါ်လာပါပြီ။

အရင်က မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ မဟာဂီတ၊ ကာလပေါ်၊ ခေတ်ပေါ် စတီရီယို၊ အသံဖမ်း စက်မှု၊ ထုတ်လုပ်ဖြန့်ချိ ဆိုတဲ့ အလွှာ ငါးလွှာကနေ အခုဆိုရင် ခေတ်သစ်ဂီတ အလွှာပါထပ်တိုးလာပြီ ဖြစ်ပါတယ်။ အလွှာ တခုချင်းစီမှာယေဘုယျအားဖြင့် အတီး၊ အရေးနဲ့အဆို ဆိုပြီး ရှိပါတယ်။

အဆိုတော် သားစိုးက “အရမ်းပြောင်းလဲသွားပြီ။ ဒီ့ထက် ပိုကောင်းဖို့ပဲ မျှော်လင့်တယ်။ အဆိုတော် ဖြစ်တဲ့ သက်တမ်း တလျှောက်မှာ ဒီနေ့လောက် ပျော်တာ မရှိသေးဘူး” လို့ သြဂုတ်လ ၂၃ ရက်နေ့က ခေတ်သစ် ဂီတအလွှာအတွက် အမှုဆောင် ရွေးကောက်ပွဲ မဲထည့်ပြီးမှာ မဇ္ဈိမကို ပြောပါတယ်။
ပြောင်းလဲမှုတွေ လိုချင်နေခဲ့တဲ့ လူငယ်တွေနဲ့၊ အလွှာထပ်တိုးဖို့ မလိုဘူးလို့ ထင်တဲ့ လူကြီးတွေအကြား သဘောကွဲမှုဖြစ်ခဲ့သေးတာကြောင့် လွှတ်တော်ထဲတောင် ရောက်ခဲ့တဲ့ ကိစ္စပါ။

ဂီတအနုပညာရှင် ၁၆၀ ကျော် လက်မှတ်ထိုးပြီး ဇူလိုင် ၅ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကို တင်ပြခဲ့တော့ အားကစား ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ညှိနှိုင်းပေးခဲ့ပါတယ်။

ဒီလိုနဲ့ ခေတ်သစ်အလွှာ ရေး၊ ဆို၊ တီးအတွက် စုစုပေါင်း ကိုးဦး ထားရှိဖို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) က သတ်မှတ်ပေးခဲ့တာပါ။

“ခေတ်သစ်အလွှာတောင်းတာဟာ ဂီတ အစည်းအရုံးကို ပြိုကွဲစေဖို့ ပြုလုပ်တာ မဟုတ်ဘဲ အလုံးစုံ ပျက်စီးပြိုကွဲနေတဲ့ ဂီတ စီးပွားရေးဈေးကွက် ပြန်လည် ကောင်းမွန်လာစေဖို့ ဂီတအကျိုး သယ်ပိုးထမ်းရွက်ခြင်းသာ ဖြစ်ပါတယ်” လို့ သားစိုး က သူ့ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

အနုပညာရှင်တွေရဲ့ မူပိုင်ခွင့်ဆိုင်ရာ ရပိုင်ခွင့်တွေ၊ ခိုးကူးကိစ္စ၊ FM နဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်မှု၊ တယ်လီဖုန်း Ring Tune ကုမ္ပဏီ၊ ကာရာအိုကေဆိုင်၊ စင်တင်တေးဂီတ၊ ဖုန်းဆိုင်၊ MP3 MP4 ကူးတဲ့ ဆိုင်တွေအားလုံးက ဂီတထုတ်ကုန်တွေကို ဥပဒေနဲ့အညီ ရောင်းချနိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဂီတ အစည်းအရုံးက ဦးစီးပြီး မြန်မာနိုင်ငံ ဂီတဆုပေးပွဲ ကျင်းပနိုင်ဖို့လည်း ပါဝင်ပါသေးတယ်။

အလွှာအသစ် ရွေးကောက်ပွဲအတွက် မဲ လာထည့်တဲ့ အဆိုတော် နေသော်က “ခေတ်သစ်အလွှာ ဆိုတာ ကျနော်တို့ လူငယ်တွေ ရူးသွပ်နေတာ ကြာပါပြီ။ အခုလို ဖြစ်လာတဲ့အတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာသလို ခံစားရတယ်။ ကျနော်တို့ ဂီတသမားတွေအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်ပေးမယ့် သူမျိုးကို ပိုပြီး လိုအပ်ပါတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင် ကတော့ “အရင်တုန်းက ဒီလို အလွှာဆိုတာ မရှိဘူး။ လူရာ မဝင်တဲ့ သဘောပေါ့။ အလွှာကိုယ်စီမှာ ရွေးကောက်ပွဲ အသစ် ပြန်လုပ်တာ ပိုပြီး ကောင်းသွားမယ်။ ဝင်အရွေးခံတဲ့ သူတွေကလည်း လူငယ်တွေပဲဆိုတော့ ယုံကြည်မှု ရှိတဲ့လူတွေ အချင်းချင်း မဲပေးရတဲ့အတွက် ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်” တဲ့။

ဟစ်ပ်ဟော့ အဆိုတော် ကြက်ဖ ကလည်း “အရေးပိုင်းဆိုလည်း အရေးပိုင်းက FM တွေမှာ လွှင့်တဲ့ အနုပညာကြေးတွေ ကအစ၊ အရုပ်ပိုင်းဆိုလည်း တီးတဲ့သူကအစ အနုပညာ ကြေးတွေကို အရင်ကထက် ပိုပြီး တိတိကျကျ ဖြစ်စေချင် တယ်” လို့ ခေတ်သစ်အလွှာနဲ့ ပတ်သက်လို့ သူ့ဆန္ဒကို ပြောပြခဲ့ပါတယ်။

လက်ရှိ အမှုဆောင်အဖွဲ့ရဲ့ စတီရီယို အလွှာမှာ ပါဝင် ဆောင်ရွက်နေတဲ့ အဆိုတော် နွဲ့ယဉ်ဝင်းက “လူငယ်ဆိုတာနောင်အနာဂတ်ရဲ့ လူကြီးတွေ ဖြစ်မှာလေ။ သူတို့တွေ ပါဝင်လာတဲ့ အတွက် ကောင်းပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်” လို့ အားပေးခဲ့ပါတယ်။

ခေတ်သစ်အလွှာရဲ့ အဆိုအတွက် တွတ်ပီ၊အရေးအတွက်ကျားပေါက်၊အတီးအတွက် ကျော်လင်းထိန်တို့ကို ဆန္ဒမဲနဲ့ ရွေးကောက်ခံရပါတယ်။

တွတ်ပီက “ကျနော် ခေါင်းနည်းနည်း ကြီးနေပါတယ်။ အဓိက ကတော့ တာဝန် ယူရမှာပေါ့။ အကုန်လုံးကလည်းဒီအလွှာကိုအဆိုပြုပြီးတင်သွင်းထားတာကြောင့်တာဝန်ပိုကြီးသွားပါတယ်။ နိုင်ငံတကာက Music Copy Right (ဂီတ မူပိုင်ခွင့်)တွေ၊ ဖြန့်ချိရေးကအစ အကုန် လေ့လာရမှာပါ” လို့ ပြောသွားပါတယ်။

မကြာခင် ဖွဲ့စည်းတော့မယ့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) အမှုဆောင်သစ် လက်ထက်မှာ ဂီတလောက အတွက် ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာမယ်ဆိုတာ စိတ်ဝင်စားစရာ ကောင်းမှာ အမှန်ပါပဲ။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1