Wednesday, August 22, 2012

အိမ်ခြေယာမဲ့ ဆင်းရဲနွမ်းပါးသူများအား မြေယာများ အခမဲ့ ချထားပေးလျက်ရှိ

Ever November | 8/22/2012 01:52:00 PM | Best Blogger Tips

အိမ်ခြေယာ ခြေမဲ့ ဆင်းရဲ နွမ်းပါးသူများ ဘဝကို သာယာ စိုပြေစေရန် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး အဖွဲ့မှ ဦးဆောင်၍ မြေယာများ အခမဲ့ ချထားပေးလျက် ရှိကြောင်း သိရသည်။
မြရည်နန္ဒာမြို့သစ်၊ ၄၅ လမ်း၊ ၄၈လမ်း ထွန်တုံးရပ်ကွက် အနောက်ဘက်မှာရှိသည့် ပလပ် မြေယာများနှင့် ရွှေပေါက်ပင် သင်္ချိုင်းနေရောဟောင်းတို့တွင် အကွက်များ စနစ်တကျရိုက်၍ ချထားပေးနေသည်ဟု ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအဖွဲ့ထံမှ သိရှိရသည်။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအဖွဲ့မှ ဦးဆောင်၍ June 18 ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ခဲ့ကြသည်။ သတင်းကြား၍ လာရောက်နေထိုင်ကြမည့် နွမ်းပါးသူများကို (၇) ရက်တိုင်တိုင် ထမင်းဟင်းများ ကျွေးခဲ့ကြောင်း ထိုအဖွဲ့မှ ပြောပြသည်။ တစ်စထက်တစ်စ ပျံ့နှံ့သွားပြီး မြို့နယ်ပေါင်းစုံမှ နွမ်းပါးသူများ လာရောက်လျှောက်ထားတောင်းကြရာ တိုးမပေါက်အောင် ဖြစ်ခဲ့ကြောင်း သိရသည်။
“မန္တလေးမှာ ရွှေ့ပြောင်း အလုပ်သမားတွေနှင့် အိမ်မဲ့ယာမဲ့ ဒီလောက်များမှန်း မသိခဲ့ဘူး။ အခုမှ တွေ့လိုက်ရတော့ ရင်ထဲစို့သွားတယ်။ မျက်ရည်လည်း ကျမိတယ်။ မျှော်လင့်ချက်တွေနဲ့ အားကိုးတကြီး လာကြတာကိုမြင်တော့ ကျွန်တော်တို့မှာ ဝမ်းသာပြီး တာဝန်ကြီးတွေလည်း ကြီးလာရပါတယ်” ဟု ကူညီလုပ်ကိုင်ပေးနေသူ တစ်ဦးက ဆိုသည်။
“အခုပေးနေတဲ့ မြေတွေက ပလပ်မြေလွတ်တွေပါ။ အရင်ကတော့ လယ်မြေတွေပါ။အခုကျတော့ လယ်သမားတွေကက ဒီနေရာကို မစိုက်ပျိုးကြတော့ဘဲ စီးပွားရေးသမားတွေကို ရောင်းချနေကြပါတယ်။ သူတို့ ရောင်းချထားတဲ့ဘေးမှာ မြေလွတ် မြေရိုင်းတွေ ကျန်နေပါတယ်။ အဲဒီမြေလွတ်တွေကို နေစရာမရှိတဲ့ နွမ်းပါးသူတွေကို နေစရာအဖြစ် ဖန်တီးပေးလိုက်ရင် နေစရာအတွက် ဒုက္ခရောက်နေတဲ့ အခက်အခဲလေးတော့ ပြေလည်လိမ့်မယ်ထင်လို့ စီစဉ်ဆောင်ရွက်လိုက်တာပါ။
ဒီခေတ်ကြီးထဲမှာ အိမ်ငှားနေဖို့လည်း မလွယ်ဘူး။ ကျူးဆောက်ပြီး နေကြပြန်တော့လည်း သက်ဆိုင်ရာ ဖယ်ရှားခိုင်းရင် ပျက်ပြီး ရွှေ့ပေးရတော့ တစ်ချို့မိသားစုတွေ အတော်ဒုက္ခရောက်ခဲ့ကြရတယ်။ ကြားသိနေရတော့ စိတ်မကောင်းဖြစ်ပြီး ဒီအစီအစဉ်လေး လုပ်ဖြစ်တာပါ။
ဒီနေရာတွေက မဟုတ်လည်း ဘယ်သူမှ လယ်မစိုက်ကြတော့ဘူး။ ကြာပြီ။ ဗုဒ္ဓဘာသာဝင်တွေဆိုတော့ ကိုယ်ချင်းစာတရား အပြည့်ရှိပါတယ်။ ကျွန်တော်တို့လည်း ဗုဒ္ဓဘာသာဝင်တွေဆိုတော့ ကိုယ်ချင်းစာတရား အပြည့်ရှိပါတယ်။ ရွှေပေါက်ကန် သင်္ချိုင်းမြေနေရာလည်း ပါပါတယ်။ ဒီနေရာတွေက အတော်များများ မနေထိုင်ကြပါဘူး။ အခုဟာက အတော်ဒုက္ခရောက်နေကြလို့သာ လာရောက်ပြီး နေထိုင်ကြတယ်လို့ မြင်တယ်။ ကျွန်တော်တို့ ကိုယ်ကျိုး လုံးဝမပါဘူး။ တကယ် ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီတာပါ” ဟု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ အခုဆောင်ရွက်နေတဲ့ အရှေ့ဘက်နှင့် တောင်ဘက်ပိုင်းများရှိ လယ်ယာမြေများကို လယ်သမားများဆီမှ စီးပွားရေးသမားများက ဧကပြတ်နဲ့ ဝယ်ယူထားကြတယ်။ အဲဒီဝယ်ထားတဲ့ မြေတွေကို ပေ ၃၀ ပတ်လည်၊ ပေ ၂၀ ပတ်လည် အကွက်တွေရိုက်ပြီး အရောင်းအဝယ် ပြုလုပ်နေကြတယ်။ စည်ပင်သာယာမှ အရောင်းအဝယ် မပြုလုပ်ရန် တားမြစ်ထားပေမယ့် လိုက်နာမှုမရှိဘဲ ဆက်လက် အရောင်းအဝယ် ပြုလုပ်နေကြတယ်။ သူတို့တွေက အတ္တလောဘတွေနဲ့ အရောင်းအဝယ်တွေ ဇွတ်လုပ်နေကြတော့ ကျွန်တော်တို့ အစီအစဉ်လေးတွေပါ ထိခိုက်သွားမှာ စိုးရိမ်နေရတယ်” ဟု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အခုဟာက လယ်တွေမှာ အသီးအနှံ မစိုက်ပျိုးကြတော့ဘဲ စီးပွားရေးသမားတွေကို အပြတ်ရောင်းလိုက်ကြတယ်။ ရောင်းနေတာ ၁၅ ဧက ကျော်နေပြီ။ ဒီနေရာက နှမ်းအများဆုံး စိုက်ခဲ့ကြတယ်။ တဆင့်ပြီးတဆင့် ရောင်းချပြီး ချမ်းသာကုန်ကြတယ်။ သူတို့ချမ်းသာသွားတာ မနာလိုလို့ မဟုတ်ပါဘူး။ လယ်ယာကို မစိုက်ဘဲ ရောင်းလိုက်တော့ နိုင်ငံတော်အတွက် စားနပ်ရိက္ခာ ထိခိုက်ကုန်တယ်။ အဲဒါကြောင့်မို့ ဝင်ရောက်နေထိုင်ကြတာပါ” ဟုလည်း ပြောင်းရွှေ့လာသူတစ်ဦးက ဆိုသည်။“အရင်က တစ်ဧက သိန်း ၁၀၀ ကျော်နဲ့ လယ်ပိုင်ရှင်တွေက ရောင်းချခဲ့ပါတယ်။ အခုတော့ လယ်ယာမြေ ပြဿနာတွေ ကြားလာတဲ့အခါ ဝယ်ထားတဲ့ ပွဲစားတွေက အကွက်တွေရိုက်ပြီး ရောင်းကြတယ်။ အစားစားပဲ။ ၈ သိန်း၊ ၁၂ သိန်း၊ ၁၅ သိန်းနဲ့ ရောင်းချနေကြတယ်” ဟု မြရည်နန္ဒာ မြို့သစ်မှ လာရောက်ဈေးရောင်းသူ တစ်ဦးက ဆိုသည်။
“အခုမြင်တဲ့အတိုင်းပဲ မနေ့က ပိုစည်တယ်။ နေဖို့လာသူတွေ တအားများတယ်။ တစ်ချို့က ဘယ်သူ့ပြောပြီး နေရမှန်း မသိဘူး။ ကျွန်မတို့ ရောက်နေတာ သုံးရက်ရှိပြီ။ အရင်က ရထားလမ်းဘေးမှာ ကျူးနေပါတယ်။ အခု မြေပေးတယ်ကြားလို့ ဝမ်းသာပြီး လာခဲ့ကြတာပါ။ ပေးလို့ရခဲ့ရင်တော့ ကောင်းပါတယ်။ ကိုယ့်နေရာလေးနှင့် ကိုယ်ဆိုတော့ ပိုပြီး အဆင်ပြေတာပေါ့” ဟု ပြောင်းရွှေ့နေထိုင်မည့်သူ တစ်ဦးက ဆိုသည်။ “တစ်ချို့က အုပ်စုဖွဲ့ပြီး လာနေကြတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပေါ့။ တစ်ချို့ကလည်း ပစ္စည်းတွေ စုပုံထားပြီး အခြေအနေကြည့်နေကြတယ်။ ဘာဆက်လုပ်ပေးမယ်ဆိုတာ မသိရသေးဘူး။  စကားတွေကတော့ အမျိုးမျိုး ကြားနေရတယ်။ ကျွန်တော်တို့ကတော့ နေရလည်းနေမယ်။ မနေရဘူးဆိုလည်း တခြားနေရာပြောင်း၊ အဆင်ပြေသလို ကြည့်နေရမှာပဲ။ ဘာမှအတိုက်အခံ မလုပ်ရဲပါဘူး။ သက်ဆိုင်ရာ စီစဉ်ဆောင်ရွက်ပေးတာကိုပဲ စောင့်မယ်” ဟုလည်း ကျဘမ်းလုပ်သားတစ်ဦးက ဆိုသည်။
“လောလောဆယ်တော့ ကျွန်မတို့ ဈေးသည်တွေ အဆင်ပြေနေတာပေါ့။ ရပ်ကွက်ထဲ ခြေတိုအောင်လျှောက်စရာ မလိုတော့ဘူး။ တောင်ပြုန်းပွဲတော်ကျနေတာပဲ၊ တိုးမပေါက်ဘူး။ ပွဲစားတွေလည်း ခြေချင်းလိမ်နေတာပဲ။ အရောင်းအဝယ်ကလည်း ကပ်ဖြစ်နေကြတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ ပြီးမှ ဘာပြဿနာတက်မယ်ဆိုတာ မသိဘူး။ ဝယ်တဲ့သူလည်း ဝယ်တယ်။ ရောင်းတဲ့သူတွေကလည်း ရောင်းတယ်။ လက်ညှိုးထိုးရောင်းနေကြတာပဲ” ဟုလည်း ထိုနေရာတွင် အအေးနှင့် အသုပ်ရောင်းသူ တစ်ဦးက ဆိုသည်။
“ကျွန်တော်ကတော့ ဘယ်သူတွေ ဘာပြောပြော အဆင်ပြေသွားပြီ။ ကျွန်တော်တို့ အလုပ်က အေးနေတာကြာပြီ။ ဗြုန်းဆိုပြီး ဒီကိစ္စဝင်လာတော့ ညီအစ်ကိုခြောက်ယောက် လုပ်တာကို မနိုင်တော့ဘူး။ အလုပ်သမားသုံးယောက် မှာထားရသေးတယ်။ ဝါးကလည်း ဝယ်ထားသလောက် မလောက်ဘူး။ ကပ်ထရံတွေ တအားရောင်းရတယ်။ တစ်ချို့ မစောင့်နိုင်လို့ မြို့ထဲထိ သွားဝယ်တွေလည်း ရှိတယ်” ဟု ဝါးကပ်ထရံ လုပ်ရောင်းသူ မိသားစုက ဆိုသည်
“နေမယ့်သူတွေက ကျွန်တော်တို့ဆီကို လာပြီးတော့ ဧည့်စာရင်းစာရွက်နဲ့လာပြီး စာရင်းပေးရပါတယ်။ အဲဒီတင်ထားတဲ့သူတွေကိုပဲ မဲနှိုက်ပြီး ပေါက်တဲ့သူတွေရဲ့ ဓာတ်ပုံကို ယူထားပါတယ်။ ပေါက်တဲ့သူပဲ နေရပါမယ်။ အခြားသူကို ကိုယ်စားထားလို့ မရပါဘူး။ အတော်တော့ ခေါင်းစားတဲ့ အလုပ်ပါ။ တစ်ချို့က လိမ်ပြီး နေရာရအောင် လုပ်ကြတယ်။ တစ်ချို့က ဟိုတုန်းက စရိုက်တွေ မပျောက်သေးဘူး။ ဘယ်သူနဲ့ သိတယ်။ ဘယ်ဝါနဲ့သိတယ်ဆိုပြီး လိုချင်သူတွေလည်း ရှိတယ်။ အတတ်နိုင်ဆုံး စိစစ်ပြီးမှ နေထိုင်ခွင့်ပေးပါတယ်” ဟု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အခုလက်ရှိ ရောက်နေတာကိုက အိမ်ထောင်စု ၅၀၀ ကျော်သွားပြီ။ အပြင်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောက်နေတဲ့သူတွေ မပါသေးဘူး။ သူတို့လည်း ပြစ်ထားလို့ မရဘူး။ အတတ်နိုင်ဆုံးကတော့ စနစ်တကျဖြစ်အောင် ဆောင်ရွက်နေပါတယ်။ အတတ်နိုင်ဆုံး ပြည့်စုံအောင် ဆောင်ရွက်နေပါတယ်။ အခုဆို ၂၈ ကောင်အင်ဂျင်၊ ၁၀ ကီလိုဒိုင်နမို၊ ဝါယာကြိုး ၉ သိန်းဖိုးနဲ့ မီးချောင်း အချောင်း ၅၀၀ နဲ့ အဲဒီပတ်ပတ်လည် မီးပေးထားပါတယ်။ ရေစုပ်စက်နဲ့ ရေဘုံဘိုင်လည်း ကျွန်တော်တို့အဖွဲ့က လှူဒါန်းထားပါတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပဲ။ ကျွန်တော်တို့ ပံ့ပိုးနေတဲ့ လုပ်ငန်းရှင်တွေလည်း ရှိပါတယ်။ နောက်ထပ် လှူဒါန်းမယ့်သူတွေလည်း ပေါ်ပေါက်ဦးမှာပါ” ဟု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဒီလိုဆောင်ရွက်ပေးနေတာကို သက်ဆိုင်ရာကတော့ သိပါတယ်။ ဘာမှဝင်စွက်ဖက်ခြင်းတော့ မရှိပါဘူး။ စည်ပင်သာယာ အဖွဲ့တွေလည်း လာရောက်ပြီး တစ်အိမ်တက်ဆင်း ကြည့်ရှုစစ်ဆေးပြီးသွားပါပြီ။ သူတို့ကလည်း တရားဝင်ဖြစ်အောင် သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြပေးပါ့မယ်လို့ ပြောပါတယ်” ဟု ဆင်းရဲသားလျှော့ချရေး အစီအစဉ်မှ အဖွဲ့ခေါင်းဆောင် ဦးဝင်းမြင့်ထွန်းမှ ပြောကြားသည်။
ယခုလို စီစဉ်ဆောင်ရွက်ပေးရာတွင် အချို့သူများသည် အုပ်စုဖွဲ့ကာ အနိုင်ကျင့်သူများလည်း ရှိကြောင်း သိရသည်။ နွမ်းပါးသူအချင်းချင်း စာနာမှုရှိစွာ နေထိုင်၍ ရိုင်းပင်းကူညီသင့်ကြောင်းလည်း လိုသည်။ ကြုံသလို စည်းမဲ့ကမ်းမဲ့ ခြံခတ်နေထိုင်သူများလည်း ရှိပြီး နေရာဦးပြီး ရောင်းချမည်ကိုလည်း စိုးရိမ်နေရကြောင်း နေထိုင်ရန် ပြောင်းရွှေ့လာသူများထဲမှ သိရသည်။
လာရောက်လျှောက်ထားသူများကိုလည်း သေချာစိစစ်ပြီး လက်ခံသင့်ကြောင်းနှင့် စနစ်တကျ စီစဉ်ဆောင်ရွက် ပေးရန်ကိုလည်း အိမ်မဲ့ယာမဲ့ နွမ်းပါးသူများက ပြောဆိုကြောင်း သိရသည်။
အောင်ကိုဦး
SHADE Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1