Wednesday, August 22, 2012

Core i7 ချင်းအတူတူ ဘယ်သူမြတ်သလဲ

Ever November | 8/22/2012 02:21:00 PM | | Best Blogger Tips

Intel ရဲ့ Core i တတိယမျိုးဆက် ဖြစ်တဲ့ Ivy Bridge တွေ ထွက်လာ ပါပြီ။  နောက်မျိုးဆက် ထွက်လာရင် နိုင်ငံတကာမှာ ထုံးစံအတိုင်း ရှေ့မျိုးဆက်ကို ဈေးချ တယ်။ မြန်မာပြည်မှာ ရှေ့မျိုးဆက် ကို ဈေးမချဘူး။ နောက်မျိုးဆက်ကို ဈေးတင်ရောင်းတယ်။ သြဂုတ်လ ICT ပြပွဲမှာ Ivy Bridge တချို့ကို စပြီး တွေ့ရဖို့ ရှိပါတယ်။ ဒါပေမဲ့ ရွေးချယ် ပိုင်ခွင့် များများစားစားက ၂၀၁၂ နှစ်ကုန်ပိုင်းလောက်မှ ရပါလိမ့်မယ်။
Ivy Bridge ပါတဲ့ ကွန်ပျူတာတွေဟာ Sandy Bridge ပါတဲ့ Processor တွေထက်တော့ ဈေးပိုပြီးပေးရမှာ သေချာတယ်။ ဈေးပိုပေးဖို့ ထိုက်တန်ရဲ့လား ဆန်းစစ်ကြည့်ရအောင်။ Intel ရဲ့Tick နဲ့ Tock ပေါ်လစီရဆိုရင် ဒါဟာ Sandy Bridge ကနေ လုံးလုံးလျားလျား ပြောင်းလဲလာတဲ့ Tick ဖြစ်ပါတယ်။
Ivy Bridge ဟာ 22 nm Processor ဖြစ်ပြီး Sandy Bridge က 32 nm Processor ပါ။ Tick ရဲ့ သဘာဝအတိုင်း Processor ဟာ Efficiency တက်လာမယ်။ အသစ်မထွက်မီ Architexture ပိုင်း အသေးစားပြောင်းလဲမှု (Tock) တွေ လုပ်ပါမယ်။ Tock က မျိုးဆက်သစ် Processor ထွက်ပြီး တစ်နှစ်ဝန်းကျင်မှာ ထွက်လာလေ့ ရှိပါတယ်။
Ivy Bridge တွေမှာ Trigate Transistor နည်းပညာ ပါလာပါပြီ။ ဒါကြောင့် Core-i7 ချင်း တူရင်တောင် သူ့မှာ Low voltage performance ပိုကောင်းပါမယ်။ ပါဝါစားသုံးမှုကို ပိုပြီး ချွေတာနိုင်ပါမယ်။ Core-i Series အသစ်တွေမှာ ပါလာမယ့် Graphic Processor ဟာ HD 4000 ပါ။ ဒါကြောင့် Direct XII နဲ့ HDPI Graphic ကို အထောက်အပံ့ ပေးပါမယ်။
Performance အပိုင်း ဘယ်လောက် တက်လာသလဲ သိရအောင် Base Clock Speed 3.5GHz ရှိပြီး Turbo boost (Over Clock) လုပ်ရင် 3.9 GHz ထိ ရနိုင်တဲ့ Core i7-2000 K (Sandy Bridge) နဲ့ Core i7-3770K (Ivy Bridge) တို့ကို နှိုင်းယှဉ်ပြီး စမ်းသပ်ပါတယ်။ နောက်ဆုံးပေါ် DZ 77 GA 70K Motherboard တွေပေါ်တင်ပြီး စမ်းတာပါ။ RAM DDR3 1600 MHz 16Gb နဲ့ Win 7 Home Premium 64 bit version ကို သုံးပါတယ်။ Hard Disk ပေါ်မှာ စမ်းသပ်တာ မဟုတ်ဘဲ 256 Gb ရှိတဲ့ SSD (Intel) ပေါ်မှာတင်ပြီး စမ်းတာလည်း ဖြစ်ပါတယ်။
MotherBoard က Graphic card စိုက်လို့ရတာမို့ AMD Radeon HD 6850 Card ကိုလည်း စိုက်ထားပါတယ်။ Core i7 မျိုးဆက်နှစ်ခုကို နှိုင်းယှဉ်ပြီး စမ်းသပ်တဲ့ ပထမဆုံး စမ်းသပ်ချက်က Application Performance ဖြစ်ပါတယ်။ World bench 6 ဆော့ဖ်ဝဲသုံးပြီး ကွန်ပျူတာပေါ်မှာ အမှန်တကယ် သုံးရတဲ့ နေ့စဉ် လုပ်ငန်းဆောင်တာသုံး Application တွေအပေါ်မှာ Processor ရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာပါတယ်။
World Bench 6 ရဲ့ တိုင်းတာချက် အရဆိုရင် Core i7 (Ivy Bridge) Processor ဟာ Core i7 (Sandy Bridge) Processor ထက် စွမ်းဆောင်ရည်ပိုင်းမှာ နည်းနည်းပဲ သာတယ်ဆိုတာ တွေ့ရပါတယ်။ Processor အမြင့်ကို တက်သုံးတဲ့အတွက် အလုံးစုံ စွမ်းဆောင်ရည် တိုးတက်မှုဟာ ၂.၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ Application တစ်ခုချင်းအလိုက် ပြောရရင် တချို့ Application တွေမှာ စွမ်းဆောင်ရည် ၆ ရာခိုင်နှုန်းအထိ တိုးတက် လုပ်ဆောင်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။
စွမ်းဆောင်ရည် တိုးတက်မှုက အထင်ကြီးစရာ မရှိဘူးဆိုပေမယ့် World Bench 6 ဆော့ဖ်ဝဲ ရဲ့ Ageing test application ဟာ Processor အသစ်ရဲ့ အားသာချက်တွေကို အကဲဖြတ်ရာမှာ ထည့်မတွက်ဘဲ Processor နှစ်ခုလုံးမှာ တူညီစွာရှိတဲ့ စွမ်းဆောင်ချက်တွေပေါ်မှာ မူတည်ပြီး အကဲဖြတ်သွားတယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ ဒုတိယစမ်းသပ်တဲ့ နေရာက Video transcoding ဖြစ်ပါတယ်။ Video code ကို အသစ်ပြောင်းရေးတဲ့ လုပ်ငန်းစဉ်ပါ။ အရပ်အခေါ်ကတော့ Format ပြောင်းတာပေါ့။
အဲဒီစမ်းသပ်ချက်မှာ Cyber Link ကထုတ်တဲ့ Media Espresso ဆော့ဖ်ဝဲသုံးပြီး 1080p အဆင့်ရှိတဲ့ Bluray Video Clip အပိုင်းတို ၁၆ ခုကို iPad ပေါ်မှာ ကြည့်နိုင်မယ့် Format အဖြစ် ပြောင်းကြည့်ပါတယ်။ Media Espresso ဟာ Intel processor ရဲ့ Quick Sync Video technology ရဲ့ အားသာချက်ကို ယူပြီးသုံးပါတယ်။
Processor မှာတွဲထားတဲ့ Graphic processor ရဲ့စွမ်းဆောင်ရည်ကို မြှင့်ယူနိုင်တဲ့ နည်းပညာပါ။ ဒီနေရာမှာတော့ Core i7-3770k ဟာ Sandy Bridge Core i7 ထက် စွမ်းဆောင်ရည် ၄၅ ရာခိုင်နှုန်း သာလွန်တယ်ဆိုတာ တွေ့ရပါတယ်။ Processor အသစ်ဟာ အဲဒီလုပ်ငန်းစဉ်အတွက် ၁ မိနစ်နဲ့ ၃၇ စက္ကန့်သာ အချိန်ယူပြီး Processor အဟောင်းကတော့ ၂ မိနစ်နဲ့ ၂၁ စက္ကန့် အချိန်ယူပါတယ်။
Ivy Bridge မှာ ပါလာတဲ့ Graphic Engine ဟာ Sandy Bridge ထက် အများကြီး ပိုကောင်းတယ်ဆိုတာ ပြလိုက်သလိုပါပဲ။ ဗီဒီယို ရိုက်ကူးတည်းဖြတ် ထုတ်လုပ်ရေးသမားအတွက် ဝမ်းသာစရာ သတင်းဖြစ်ပါတယ်။နောက်ထပ် စမ်းသပ်တဲ့ နေရာတစ်ခုကတော့ ဂိမ်းကစားတဲ့ နေရာပါ။ ကွန်ပျူတာ သုံးစွဲသူ အတော်များများဟာ ဂိမ်းကစားတာနဲ့ မကင်းဘူး မဟုတ်လား။ ဂိမ်းဝါသနာရှင်တွေအတွက် Intel processor မှာ တွဲထည့်ပေးလိုက်တဲ့ Integrated graphic ဟာ အလုံးစုံသော ဂိမ်းတွေ ကစားဖို့အတွက် စွမ်းဆောင်ရည် မကောင်းပါဘူး။
ဒါပေမဲ့ HD 4000 Graphic ဟာ အဟောင်းထက်စာရင် စွမ်းဆောင်ရည် သိသိသာသာ တိုးတက်မှုတော့ ရှိပါတယ်။ Processor အဟောင်းနဲ့ မနိုင့်တနိုင် ဝန်ထမ်းပြီး ကစားခဲ့ရတဲ့ ဂိမ်းတွေဟာ Processor အသစ်ရဲ့ Graphic processor အသစ်မှာ ချောချောမွေ့မွေ့ ကစားနိုင်ပြီး ရုပ်ထွက်လည်း ပိုကောင်းလာပါတယ်။
Processor တွေရဲ့ Graphic စွမ်းရည်ပိုင်းကို စမ်းသပ်ရာမှာ အမြဲသုံးနေကျဖြစ်တဲ့ Crysis ကို 1280 x 720 (HD) နဲ့ Benchmark လုပ်ပြီး တိုင်းတာကြည့်တော့ Low quality mode မှာProcessor အသစ်ဟာ အဟောင်းထက် စွမ်းဆောင်ရည် ၁၅.၂ ရာခိုင်နှုန်း ပိုပြီး ကောင်းတယ်ဆိုတာ တွေ့ရပါတယ်။ Medium quality ကိုတင်ပြီး စမ်းလိုက်တဲ့အခါမှာ စွမ်းဆောင်ရည် တိုးတက်မှုဟာ ၃၆ ရာခိုင်နှုန်းအထိ ရှိတာမို့ Core i7 (Ivy Bridge) ရဲ့ Graphic စွမ်းဆောင်ရည်ဟာ အထင်ကြီးစရာ ကောင်းပါတယ်။ ကွန်ပျူတာ သုံးစွဲတဲ့အခါမှာ စွမ်းဆောင်ရည် မြင့်တာတွေချည်း ကြည့်လို့မရပါဘူး။ စွမ်းဆောင်ရည်နဲ့ ပါဝါစားသုံးမှုဟာ မျှမျှတတ ရှိရဲ့လားဆိုတာ ကြည့်ရပါတယ်။
ပါဝါစားသုံးမှု နည်းနည်းနဲ့ အလုပ်ပြီးမြောက်အောင် ချောချောမွေ့မွေ့ ဆောင်ရွက်သွားနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့။ Laptop ကွန်ပျူတာကိုင်ပြီး အပြင်မှာ တစ်နေကုန် အလုပ်လုပ်ရသူတွေအတွက် ဘက်ထရီအသုံးခံချိန် ပိုမြင့်လာမယ်ဆိုရင် ဝမ်းသာစရာပဲ မဟုတ်လား။ အပေါ်မှာပြောခဲ့တဲ့ Motherboard ပေါ်မှာ Processor တွေကို တစ်လှည့်စီတင်ပြီး System power consumption ကို နှိုင်းယှဉ် စမ်းသပ်ပါတယ်။ စမ်းသပ်ချက်က နှစ်မျိုးပါ။
ပထမစမ်းသပ်ချက်က System ကို ဘာအလုပ်မှ မခိုင်းဘဲ Idle ဖြစ်နေတဲ့ အနေအထားမှာ ပြလုပ်တာဖြစ်ပြီး ဒုတိယစမ်းသပ်ချက်က Media Espresso အလုပ်လုပ်နေတဲ့ အချိန်မှာ စမ်းသပ်တာ ဖြစ်ပါတယ်။ System Idle ဖြစ်နေချိန် စမ်းသပ်တာကတော့ သိပ်ပြီး မထူးခြားလှပါဘူး။ Ivy Bridge မှာ 55 Wat သုံးစွဲပြီး SandyBridge မှာ 58 Wat သုံးစွဲပါတယ်။ Media Espresso ကသုံးပြီး Load မောင်းတင် လိုက်ချိန်မှာတော့ ကွာခြားချက်က သိသာလာပြီ။ 22nm Processor နဲ့ သူ့ရဲ့ Tri Gate နည်းပညာရဲ့ အစွမ်းပြမှုကို တွေ့လာရပါပြီ။
အဲဒီအချိန်မှာ Sandy Bridge Core i7 က 142 Watt စားသုံးပြီး Ivy Bridge Core i7 က 113 Wat ပဲစားသုံးပါတယ်။ ပါဝါစားသုံးမှု နိမ့်တဲ့အချိန်မှာပဲ Ivy Bridge Core i7 ဟာ စွမ်းဆောင်ရည် ၄၅ ရာခိုင်နှုန်း ပိုပြီးကောင်းနေတယ် ဆိုတာကလည်း သတိပြုဖို့ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ အလုံးစုံခြုံပြီး ပြောရမယ်ဆိုရင် ကွန်ပျူတာအသစ် ဝယ်မယ့်လူတွေဟာ Ivy Bridge ကို ပိုပြီးရွေးသင့်တယ်။
သူ့ရဲ့ အားသာချက်ဟာ Core i series အားလုံးမှာ အလားတူ ဖြစ်လိမ့်မယ်။ Sandy Bridge သမားတွေကလည်း အားငယ်စရာ အကြောင်းမရှိပါဘူး။ Socket အတူတူမို့ Processor အသစ် ပြောင်းဝယ်ပြီး MotherBoard အဟောင်းပေါ်မှာ တပ်ရုံပါပဲ။ Ivy Bridge processor တွေဟာ Laptop ကိုင်ဆောင်သူတွေကို ပိုပြီး အကျိုးရှိစေပါလိမ့်မယ်။ Graphic ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ပိုကောင်းလာပြီး ဘက်ထရီ အသုံးခံချိန် ၂၀ ရာခိုင်နှုန်းကနေအထက် တက်လာနိုင်လို့ ဖြစ်ပါတယ်။

ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်)
Net Guide Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1