Wednesday, August 8, 2012

နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှု တင်ပြရန် ညွှန်ကြားချက် ဆိုင်းငံ့ထား

Ever November | 8/08/2012 03:37:00 PM | Best Blogger Tips

 နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို နိုင်ငံတော်သမ္မတထံ သြဂုတ် ၁ ရက် နောက်ဆုံးထား ပေးပို့တင်ပြရန် သမ္မတရုံးမှ ညွှန်ကြားစာပို့ခဲ့သော်လည်း ယခုအခါ အဆိုပါညွှန်ကြားချက်အား ဆိုင်းငံ့ထားကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ၀န်ကြီးများကပြောသည်။

“ပိုင်ဆိုင်မှုတွေ တင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက စာလာတယ်ဆိုတာလည်း မှန်ပါတယ်။ အခုအဲဒီကိစ္စကို ဆိုင်းငံ့ထားဖို့လည်း စာဝင်ပါတယ်။ နောက်မှ ညွှန်ကြားမှုတွေ ထပ်လာနိုင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးကပြောသည်။ အဆိုပါ ညွှန်ကြားချက်များသည် မိမိထံသို့လည်း ရောက်ရှိကြောင်း ၎င်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲက 7Day News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

“ဒီလိုပိုင်ဆိုင်မှုတွေ တင်ပြဖို့ဆိုတာ ကောင်းပါတယ်။ ပိုင်ဆိုင်မှုတွေ တင်ပြလို့ရှိသင့် ရှိထိုက်တာထက် များနေရင်တော့ မဟုတ်ဘူးပေါ့။ သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်လာဖို့အတွက် ဒါကအရေးကြီးပါတယ်”ဟု တိုင်းဒေသကြီး ၀န်ကြီးတစ်ဦးက ပြောသည်။

ဇူလိုင် ၂၅ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုတင်သွင်းပြီး ဇူလိုင် ၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံးမှ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ စာရင်းပြုစုတင်ပြရန် အကြောင်းကြားစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အကြောင်းကြားစာတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများသည် စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို သတ်မှတ်ထားသည့် ပုံစံများတွင် လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတထံ သြဂုတ် ၁ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

7Day News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1