Sunday, November 4, 2012

ဦးသန်းရွှေရဲ့ တပည့်မွေးဗျူဟာ - အပိုင်း (၂)

Ever November | 11/04/2012 08:30:00 PM | Best Blogger Tips
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်ဖက်လက်ထောက် ဗိုလ်မှူးချုပ် စိုးရှိန်

ဒီတစ်ကြိမ်တော့ လုံခြုံရေးအရ မေးမြန်း ဆွေးနွေးခန်း ပုံစံထက် သတင်းဆောင်းပါး အနေအထားဖြင့် အငြိမ်းစား တပ်ရင်းမှူးဟောင်းဒုဗိုလ်မှူးကြီးတစ်ဦးရဲ့ကိုယ်တွေ့ ပေးပို့လာချက်ကို ဖေါ်ပြ ပေးလိုက်ပါတယ်။

ဦးသန်းရွှေရဲ့ တပည့်ရင်းတစ်ဦးဖြစ်တဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်နေဝင်းဟာ အလုပ်သင်ဗိုလ်၊ ဗိုလ်လောင်းအပတ်စဉ် (၁) တေဇကျောင်းဆင်း ဖြစ်ပါတယ်။ ဦးသန်းရွှေ ခလရ (၁) တပ်ရင်းမှူး ဖြစ်ကတည်းက ဒုဗိုလ်၊ ဗိုလ်အဆင့်နဲ့ အနီးကပ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် နဝတ တက်ခါစက ခလရ (၉၁) မှော်ဘီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးနေဝင်းကို စမ်းချောင်းမြို့နယ် မဝတဥက္ကဌအဖြစ် ပူးတွဲတာဝန်ယူစဉ် ကျွန်တော် ဦးစွာဆုံတွေ့ခဲ့ပါတယ်။ သူ့ကို ကျွန်တော် အလုပ်ကိစ္စတစ်ခုနဲ့ သွားရောက် အကူအညီ တောင်းခံခဲ့ရာ ကိုနေဝင်းဟာ လျောလျောလျူလျူ လုပ်ပေးခဲ့ပါတယ်။ ထိုစဉ်က ကျွန်တော်ဟာ အထက်ဌာန (စစ်ဌာနချုပ်) ရုံးတစ်ခုမှာ တာဝန်ထမ်းဆောင်နေလို့ အကိုကြီး လိုအပ်တာရှိရင် ဖုန်းဆက်ပါလို့ ကွန်တော်ပြောခဲ့ရာ ကိုနေဝင်းက ရီကြဲကြဲနဲ့ မောင်ရင်တို့ အထက်ဌာနဆိုရင် ကြောက်နေရတယ်။ မတောင်းဝံ့ဘူးကွာ လို့ ပြန်ပြောပါတယ်။ ထိုစဉ်က ကျွန်တော်လည်း သူ့ကို ဦးသန်းရွှေ တပည့်ရင်းမှန်း မသိသေးလို့ လျှော့တွက်မိပါတယ်။
ဒါနဲ့ ကျွန်တော်လည်း အလုပ်ကိစ္စတစ်ခုနဲ့ နောင် ၃ နှစ်ခန့်အကြာ စစ်ရုံးကိုရောက်ရာ သူ့ကို ဗိုလ်ချုပ်နေဝင်းအဖြစ် တပ်ချုပ် ဦးသန်းရွှေရဲ့ ရုံးခန်းဘေးမှာ ခန့်ခန့်ကြီးထိုင်နေတာကို အံ့သြဖွယ်ရာ တွေ့ရပါတော့တယ်။ ရာထူးတက်ပေးထားတာက “အပ်ချလောင်း” ဆိုပြီး မျက်လှည့်ပြသလို ဖြစ်နေတာမို့ပါ။ ကျွန်တော်က “အကိုကြီး မှတ်မိသေးလား! အကိုကြီး စမ်းချောင်း မဝတဥက္ကဌ လုပ်တုန်းက ကျွန်တော် လာခဲ့တာလေ။ အကိုကြီးက လျှိုတယ်ဗျာ၊ ကျွန်တော်က အကိုကြီးကို လိုအပ်တာရှိရင် မှာပါလို့ ပြောခဲ့တာတောင် ရှက်တောင် ရှက်မိသေးတယ်” လို့ပြောလိုက်ပါတယ်။ သူက “ငါ့ညီရာ ကိစ္စမရှိပါဘူး။ အခု ဘာလုပ်ပေးရအုံးမလဲ” လို့ ဆိုပါသေးတယ်။ ဗိုလ်ချုပ်နေဝင်းဟာ တပ်ချုပ်ဦးသန်းရွှေ တပည့်ရင်း ဖြစ်တာနဲ့အညီ အစွမ်းပြပါတယ်။
ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်နေတဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ D.S.A ကျောင်းဆင်းတစ်ဦးပီပီ D.S.A ကျောင်းဆင်းတွေကိုသာ ရွေးချယ် နေရာပေးပါတယ်။ သူဟာ ၁၉၉၆ ခုနှစ်ခန့်က D.S.A ကျောင်းဆင်း တပ်မမှူးတွေကိုသာ ရာထူးတိုး အပေါ်သို့ ဆွဲတင်ခဲ့ရာ O.T.S (43) ကျောင်းဆင်း တပ်မ (၈၈) တပ်မမှူး တစ်ဦးသာ ရာထူးတိုး ပါရှိခဲ့တာကြောင့် အရာရှိလောကအတွင်း ဂယက်ရိုက်ခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်းဟာ အဲ့ဒီရာထူးတိုးမှု အစီရင်ခံစာကို ရုံးတွင်းစာ အကျဉ်းချုပ်ပုံစံနဲ့ ဖိုင်တင်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့မှတ်ချက် ရေးသားရမှု ခေါင်းစဉ်အောက်မှာတော့ အချွန်နဲ့ “မ” တာမျိုး မရေးသားခဲ့ပေမယ့် ဦးသန်းရွှေ အလုပ်ရှုပ်နေချိန်မှာ ဖိုင်ကို ထိုးတင်ခဲ့တယ်လို့ သိရှိရပါတယ်။
အာဏာရှင်ထိုင်ခုံတည်မြဲရေးအတွက် တပည့်များမွေးကာ လိုသလိုအသုံးချခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ဦးသန်းရွှေဟာ စိတ်ရှုပ်အလုပ်ရှုပ်ချိန်ဆိုတော့ အဲဒီရာထူးတိုး အစီရင်ခံစာကို မင်နီဖြင့် ခြစ်ချပြီး အစီရင်ခံစာပါ D.S.A (8, 13, 14) ကျောင်းဆင်း ဗိုလ်မှူးချုပ်တွေကို တိုင်းမှူးမပေးတော့ဘဲ နယ်ဘက်ဝန်ကြီး၊ ဒုဝန်ကြီးများအဖြစ် ရွှေ့ပစ်လိုက်ပါတယ်။ အဲ့ဒီ ဖြစ်စဉ်တွေအရ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ ဗိုလ်ချုပ်နေဝင်းကို လျော့မတွက်ရဲတော့ဘဲ ကျောသပ်ကာ ကိုနေဝင်းလေး အဘိုးကြီး အဆင်ပြေတဲ့ အချိန်ပြောနော်လို့ ညှိယူရတဲ့ အခြေအနေ ရောက်လာတယ်လို့ သိရှိရပါတယ်။ ဗိုလ်ချုပ်နေဝင်းဟာ အဘိုးကြီး အရှိန်အဝါနဲ့ ဗိုလ်ချုပ်အဆင့်ဖြင့် ပုခုံးပေါ် အပွင့်တင်လိုက်တာမို့ ထောက်လှမ်းရေးက D.S.A (13) ကျောင်းဆင်း ဗိုလ်ချုပ်တစ်ဦးမှ တပ်မမှူးမဖြစ်ဘဲနဲ့ ဗိုလ်ချုပ်ရာထူး အဆင့်ဖြစ်တာကို မကျေမနပ် ပြောဆို ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုနေဝင်းဟာ အေးအေးဆေးဆေး နေတတ်သူဖြစ်ပြီး မာန်မာနမရှိသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးကလည်း ပုသိမ်သူ ကျောင်းဆရာမဖြစ်ပြီး အဘိုးကြီး ဦးသန်းရွှေ နတခတိုင်းမှူး ဖြစ်စဉ်တုန်းက ဒေါ်ကြိုင်ကြိုင်အား အနီးကပ် ပြုစုလုပ်ကိုင်ပေးခဲ့သူ ဖြစ်ပါတယ်။
ကျွန်တော်လည်း ဗိုလ်ချုပ်နေဝင်းကို မှော်ဘီမှာတစ်ကြိမ် ထပ်မံတွေ့ဆုံစဉ် သူ့အနေနဲ့ တပ်မှာမလုပ်ချင်တော့ကြောင်း ငြီးတွားပြောရှာပါတယ်။ အဘိုးကြီးက ခွင့်မပြုသေးဘူး ဆိုတဲ့အကြောင်း၊ တပ်ကထွက်ရင် မှော်ဘီမှာ မြေကွက်ဝယ်ထားပြီး စိုက်ပျိုးရေးသာ လုပ်မယ်လို့ ဆိုပါတယ်။ သူဟာ မှော်ဘီတခွင်မှာ နေရာလွတ် မြေပိုတွေရှိနေလို့ မရှိဆင်းရဲသား ကလေးတွေအတွက် ကျောင်းဆောက်ပေးတဲ့အပြင် မြေကွက်ပါ လှူဒါန်းခဲ့ပါတယ်။ သူက အဘိုးကြီးကို ခေါ်ပြကြည့်ဦးမယ်လို့ ပြောတော့ ကျွန်တော်က ကျောင်းဆောက်လက်စ ဘာမှ မပြီးသေးတာမို့ ပြလို့ ဖြစ်ပါမလားလို့ ပြောလိုက်ပါတယ်။ သူဟာ အဘိုးကြီးဦးသန်းရွှေကို ဘယ်လောက် ပိုင်တယ်ဆိုတာ လက်တွေ့ဖြစ်စဉ် ကျွန်တော် ကြည့်လိုက်ပါတယ်။ သူက အဘိုးကြီးကိုပြရင်းနဲ့ နောက်မှာ ပါလာမဲ့ ဝန်ကြီး၊ ဝန်လေးတွေဆီက ဘိလပ်မြေ၊ အုတ်၊ သွပ်၊ မီတာ၊ အဝီစိရေတွင်း စတာတွေ တောင်းမလို့ကွလို့ ဆိုပါတယ်။ ငါက ကိုယ်ကျိုးအတွက် တောင်းတာ မဟုတ်ပေမယ့် စစ်ရုံးမှာ အလွတ်ပါးစပ်နဲ့ တောင်းရရင်သိက္ခာထိတယ်။အရှိအတိုင်းလက်တွေ့ပြပြီးမှ တောင်းလို့ ကောင်းတာပေါ့လို့
 ပြောပါတယ်။
များမကြာမီမှာပင် တပ်ချုပ်ဦးသန်းရွှေခမျာ တပည့်ကျော် ကိုနေဝင်း ပင့်ရာ မှော်ဘီ စာသင်ကျောင်းရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာရပါတော့တယ်။ အဘိုးကြီးလည်း ဗွက်တောထနေတဲ့ အုတ်ခဲကျိုး ခပ်ကျဲကျဲ စီထားသော ခြေနင်းစရာ နေရာလေးတွေကို ခွကျော် လိုက်ကြည့်ပြီး နောက်ကပါလာတဲ့ ဝန်ကြီးတွေကို မင်းတို့ နေဝင်းလိုတာ လုပ်ပေးလိုက်ဆိုပြီး မိန့်မှာကြောင်း သိရပါတော့တယ်။ နောက်ပိုင်းမှာ ကိုနေဝင်းဟာ အနားယူ တပ်က ထွက်ချင်လွန်းလို့ ခလရ (၉၁) မှာ အတူနေခဲ့တဲ့ သူ့ရဲ့တပ်စုမှူးဖြစ်သူ ဗိုလ်ကြီးစိုးရှိန် (ယခုဗိုလ်မှူးချုပ်) ကို လက်ထပ် သင်ကြားပေးခဲ့ကာ အဘိုးကြီးနားသို့ခေါ်ယူ လွှဲပြောင်းပေးခဲ့တယ်လို့ သိရှိပါတယ်။
photayokeking.org

ပြန်ဖတ်ရန်
ဦးသန်းရွှေရဲ့ တပည့်မွေးဗျူဟာ - အပိုင်း (၁)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1