Tuesday, December 25, 2012
အာဂျင်တီးနားနိုင်ငံ၌ လုယက်မှုဖြစ်ပွား
Ever November | 12/25/2012 07:51:00 PM |
နိုင်ငံတကာသတင်း
အာဂျင်တီးနားနိုင်ငံ မြို့တော် ဗြူနို့စ်အေရီ၏ အစွန်အဖျား ရပ်ကွက်မှ ကုန်တိုက်ကြီး တစ်ခုအား လုယက်နေကြသည့် ရာပေါင်းများစွာသော လူများကို ရပ်တန့်သွားစေရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၂ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ချာကိုပြည်နယ် မြောက်ပိုင်းနှင့် ဂိုစာရီယိုမြို့လယ်ပိုင်းတွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။ လုယက်မှုများကို ကြာသပတေးနေ့ တွင် နိုင်ငံတောင်ပိုင်းမှ စတင်ခဲ့သည်။ အစိုးရက အတိုက်အခံများနှင့် ဆက်သွယ်မှုရှိသည့် အလုပ်သမား သမဂ္ဂများကို အပြစ်တင်သည်။ ကုန်တိုက်ကြီးများနှင့် ဈေးဆိုင်များအား ဖောက်ထွင်းရန် ကြိုးစားနေကြသော၊ ရဲတပ်ဖွဲ့အား ခဲများဖြင့် ပစ်ပေါက်နေကြသော လူများကို အာဂျင်တီးနား ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့ရာ အဆိုပါ လူအုပ်ကြီးမှ အများစုသည် ၄င်းတို့၏ မျက်နှာကို လက်ဝါးဖြင့် အုပ်ထားကြသည်။ ယခု လုယက်သူများသည် ခေတ်မီ ရုပ်မြင်သံကြားစက်များ၊ အီလက်ထရွန်နစ် ပစ္စည်းများကို ယူငင်ကြကြောင်း၊ စားသောက်ကုန်များကို မယူကြကြောင်း၊ သို့ဖြစ်၍ ဆင်းရဲမွဲတေမှုကြောင့် လုယက်မှု ဖြစ်ပွားခြင်း မဟုတ်ကြောင်း အမျိုးသား လုံခြုံရေးဌာနမှ အတွင်းရေးမှူး ဆာဂျီယိုဘာနီက ပြောကြားခဲ့သည်။ ကနဦးအစ လုယက်မှု ဖြစ်ပွားခဲ့သည်ဆိုသော ဘာရီလိုချီ၏ ပါတာဂိုနီယန် အပန်းဖြေစခန်းတွင် အစိုးရက ရဲတပ်ဖွဲ့ဝင် ၄၀၀ ကို တာဝန်ချပေးခဲ့သည်။ စက်မှုမြို့တော်များဖြစ်သည့် ကမ်ပါနာ၊ ဇာရာတီ၊ ဗြူးနို့စ်အေရီ၊ ရီဆစ်တင်းစီးယားနှင့် စန်ဖာနန်ဒိုမြို့များမှ ကုန်တိုက်ကြီးများတွင်လည်း လုယက်မှုများ ဖြစ်ပွားခဲ့သည်။
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment