Tuesday, December 25, 2012

တိုက်စစ်မှူး တစ်ဦး ဝယ်ဖြစ်ပါက တောရက်စ်အတွက် ပိုမို အကျိုးရှိမည်ဟု ဘင်နီတက်ဇ် သုံးသပ်

Ever November | 12/25/2012 06:48:00 PM | Best Blogger Tips

အကယ်၍ ဇန်နဝါရီ ဈေးကွက်တွင် ချယ်လ်ဆီး အနေဖြင့် တိုက်စစ်သမား နေရာအတွက် လူသစ် ဝယ်ယူခဲ့လျှင်လည်း ဖာနန်ဒို တောရက်စ်၏ ကြိုးစား အားထုတ်မှုကို ထိခိုက်မည် မဟုတ်ဘဲ ပိုမို အားကောင်းလာစေနိုင်ကြောင်း မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။
ချယ်လ်ဆီးသည် တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျကို လီဗာပူးလ်ထံ ရောင်းထုတ် ဖြစ်ချိန်တွင် ရှေ့တန်းလူ တစ်ဦးကို ခေါ်ယူရန် လုံးပမ်းနေသည်။ အက်သလက်တီကို မက်ဒရစ်က ၎င်းတို့၏ ဂိုးသွင်းစက် ရာဒါမယ်လ် ဖယ်လ်ကာအိုကို ဇန်နဝါရီ ဈေးကွက် ကာလတွင် လက်လွှတ်မည် မဟုတ်ဟု ပြောဆိုထားရာ ချယ်လ်ဆီး၏ အာရုံသည် ရှက်တာဒိုးနက်ခ် အသင်းမှ ဝီလျံထံသို့ ပြောင်းလဲလာခဲ့သည်။ ချယ်လ်ဆီးသည် အဆိုပါ ဘရာဇီးလ်သားကို ပေါင်စတာလင် သန်း(၂၀)မျှဖြင့် ဝယ်ယူဖွယ် ရှိနေသည်။
ဘင်နီတက်ဇ်က "တောရက်စ်ဟာ ထိပ်တန်း ကလပ်တစ်ခုအတွက် ကစားပေးနေရမှန်း ကိုယ့်ဖာသာ နားလည်ပါတယ်။ ဒီလို အခြေအနေမှာ ပြိုင်ဆိုင်မှုတွေက အမြဲတမ်း ရှိနေမှာပါ။ သူ့ဘက်ကလည်း ပြိုင်ဆိုင်လိုစိတ်နဲ့ စိန်ခေါ်လိုစိတ်တို့ ရှိနေရပါမယ်။ အသင်းအတွက်ကျတော့ ခြားနားတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ခွင့် ရှိနေတာဟာ အရေးကြီးပါတယ်။ ကျွန်တော်ကတော့ ဇန်နဝါရီမှာ တိုက်စစ်အင်အား ဖြည့်ဖြစ်ရင် တောရက်စ်အတွက်ရော အသင်းအတွက်ပါ ကောင်းမွန်လိမ့်မယ်လို့ ယူဆမိပါတယ်"ဟု ပြောကြားခဲ့သည်။
၎င်းက "ပြဿနာ တစ်ခုက ဇန်နဝါရီမှာ ဈေးကွက် အခြေအနေကို လေ့လာရမယ် ဆိုတာပါ။ ဘယ်လို ကစားသမားတွေကို ဝယ်ဖို့ ဖြစ်နိုင်မလဲ။ ဘယ်သူက ထိပ်တန်းကလပ် တစ်ခုအတွက် ကိုက်ညီတဲ့ အရည်အသွေး ရှိမလဲ ဆိုတာကို ကြည့်သင့်ပါတယ်။ တောရက်စ်ကို ယှဉ်ပြိုင်နိုင်မယ့် ကစားသမားမျိုး ဖြစ်ဖို့ကလည်း ခက်ခဲမှာပါ။ တောရက်စ် ကိုယ်တိုင်ကလည်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေဆဲပါ။ သူ့ရဲ့ မှန်ကန် ကောင်းမွန်တဲ့ အခြေအနေကို ပြန်ရဖို့ နေ့တိုင်းလည်း တိုးတက်လာပါတယ်။ လီဗာပူးလ်မှာတုန်းက ကျွန်တော် ကိုင်တွယ်ခဲ့ဖူးတဲ့ တောရက်စ်လို ပြန်ဖြစ်လာဖို့ နီးစပ်လာပြီလို့လည်း ခံစားမိပါတယ်"ဟု ဆက်လက် ပြောဆိုသွားသည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1