Wednesday, January 30, 2013

“ပွဲဦးထွက်အယ်လ်ဘမ်ဖြင့် ကမ္ဘာ့ဂီတ Top Ten ၀င်နိုင်ချေရှိနေသူ နိုင်ငံ့ဂုဏ်ဆောင် ချင်းတိုင်းရင်းသူလေး Milla Hniang နှင့် ပေါ်ပြူလာ အင်တာဗျူး”

Ever November | 1/30/2013 04:24:00 PM | | Best Blogger Tips

သူ၏နာမည် အပြည့်အစုံက Milla Dawt Hniang ဖြစ်ပြီး အသက် ၂၂ နှစ်ရှိ ချင်းတိုင်းရင်းသူတစ်ဦးဖြစ်ရာ ယခုအခါ အမေရိကန် ပြည်ထောင်စု ကိုလံဘီယာစီမံကိန်းမြို့၊ မေရီလန်းပြည်နယ် (Maryland)တွင် နေထိုင်သူဖြစ်သည်။ အဆိုတော်တစ်ဦးဖြစ်သလို သီချင်းလည်းရေးပါသည်။ တစ်ကိုယ်တည်းသီဆိုထားသည့် ပထမဆုံး တေး အယ်လ်ဘမ် (GONE)ကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့တွင် ထုတ်လုပ်ဖြန့်ချိခဲ့ပြီး ယင်းအယ်လ်ဘမ်ကို အမေရိကန်နိုင်ငံရှိ နာမည်ကြီး Tate Music Group (TMG) က ထုတ်ဝေသည်။ မြန်မာနိုင်ငံ၊ချင်းပြည်နယ်၊ ဟားခါးတွင် မွေးဖွားခဲ့ပြီး ၈ နှစ်သမီး အရွယ်ကတည်းက အမေရိကန်သို့ရောက်ရှိ နေခဲ့သည်။ မွေးချင်း ၄ ယောက်အနက် အငယ်ဆုံးဖြစ်ပြီး ပိုလီယို ရောဂါခံစားနေရသူတစ်ဦးလည်းဖြစ်သည်။ ၁၆ နှစ် သမီးအရွယ်ကတည်းက ဂစ်တာကိုင်ပြီး တေးသီချင်းများရေးဖွဲ့ခဲ့သည်။ သူ့ကိုအလွှမ်း မိုးနိုင်ဆုံးအဆိုတော်များမှာ Shania Twainနှင့် Taylor Swift (တေလာဆွစ်ဖ်) ဖြစ်သည်။ ယခုလို တေးစီးရီးဖြင့် ကမ္ဘာ့ဂီတလောကကို အနုပညာ ချပြခွင့် ရရှိခဲ့သူ မီလာနျမ်းက ဂီတကို စတင်စိတ်ဝင်စားဖြစ်ခဲ့ပုံနှင့် ဂီတအနုပညာအပေါ်သက်ဝင်ယုံကြည်ခဲ့ပုံအကြောင်းကို…
”ကျွန်မရဲ့ အယ်လ်ဘမ်နာမည်ကို Milla Hniang လို့ပေးထားတာက ကိုယ့်ဘာသာကိုယ် ပေးထားတာပါ။ ကျွန်မအတွက် ဂုဏ်ယူစကား ပြောပေးလို့ ကျေးဇူးတင် ပါတယ်။ ငယ်ငယ်ကတည်းက သီချင်းကို စဆိုခဲ့တာပါ။ ကျွန်မ အဖေက ခရီးသွားပြီး ပြန်လာတိုင်းမှာ ကျွန်မအတွက်အိမ်ပြန် လက်ဆောင်အဖြစ် သံစုံသီချင်းခွေနဲ့ Mizo ကွာယာသီချင်းခွေတွေ ဝယ်လာပေးတတ်တယ်။ ၂ နှစ်သမီးအရွယ်ကတည်းက ဖေဖေ့ရဲ့လက်ဆောင်သီချင်းတွေကို လိုက်ဆိုဖြစ်တယ်။ သီချင်းရဲ့အဓိပ္ပာယ်ကိုတော့ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ စာသားအားလုံးကိုတော့ မှတ်မိတယ်။ ၄ နှစ် အရွယ်မှာ လူတွေ ရှေ့မှာသီချင်းစဆိုခဲ့တယ်။ အရင်က ကျွန်မတို့အိမ်မှာ တီဗီမရှိဘူးလေ။ တီဗီကြည့်ချင်ရင် အိမ်နီးနားချင်းအိမ်ကို သီချင်းဆိုပြတယ်။ တီဗီကြည့်ရဖို့ ကျွန်မကအမြဲ သီချင်းဆိုပြရတယ်လေ။ ၉ နှစ်သမီး၊ ၁၄နှစ်သမီးအရွယ်တုန်းကတော့ ကျွန်မ တို့ ချင်းအသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ ဘုရားကျောင်းတွေ၊ မင်္ဂလာဆောင်တွေ၊ တခြားအခမ်းအနားတွေမှာ သီချင်းလိုက်ဆိုဖြစ်ခဲ့တယ်။ ကျွန်မယုံကြည်တယ်။ ဘုရားက ကျွန်မဘဝအတွက် ဂီတကို ရည်ရွယ်ချက်ရှိရှိနဲ့ ပေးတယ်ဆိုတာ။ ကလေးဘဝကတည်းက ဂီတထဲမှာ ငြိမ်းချမ်းမှုအရသာကို ရှာတွေ့ခဲ့တယ်။ ကလေးဘဝတစ်ဝက် နီးပါးလောက်ကို ဆေးရုံတွေမှာ ကုန်ဆုံးခဲ့ရတယ်။ တကယ်ကြမ်းတမ်းတဲ့ အခြေအနေတွေပါပဲ။ ဒီနောက်ပိုင်း ဂီတဟာကျွန်မအတွက် အစဉ်အမြဲ ဖြစ်သွားခဲ့ပါတယ်” ဟု ပြောပြခဲ့သည်။ လူငယ်တစ်ဦးအနေဖြင့် ဘဝကို အိပ်မက်တစ်ခုဖြင့် ပုံဖော်ထုဆစ်နေမည်က မလွဲပေ။ မီလာဆိုသည့် မြန်မာပြည်ဖွား တိုင်းရင်းသူအမျိုးသမီးငယ် တစ်ဦး အနေနှင့် ပထမဆုံးမမျှော်လင့်သည့် အောင်မြင်မှုပန်းတိုင်တစ်ခုပမာ ဂီတမှတ်တိုင် ကမ္ဘာကိုစိုက်ထူခွင့်ရခဲ့သည့်အပေါ် စိတ်ခံစားမှုနှင့် ပီတိဖြစ်ရပုံကို ”အိပ်မက်စိမ်းတစ်ခု မက်နေရသလိုပဲ ကျွန်မခံစားရတယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့ မတွေးခဲ့ဘူး။ ဖြစ်လာတဲ့ အခု အခြေအနေကိုလည်း မယုံကြည်နိုင်သေးဘူးဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်မ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဘဝလမ်းတစ်လျှောက် အခွင့်အရေးတစ်ခု ဖြစ်လာတဲ့အပေါ်မှာတော့ ကျွန်မ တအားကျေးဇူးတင်တယ်။ ကျွန်မရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ကို တစ်နိုင်ငံလုံး ဖြန့်ချိနေတဲ့အချိန်မှာတောင် ကျွန်မ မယုံကြည် နိုင်အောင်ဖြစ်နေတုန်းပဲ။ ဟုတ်မှဟုတ်ပါ့မလားပေါ့။ ဒီအယ်လ်ဘမ်အတွက် သီချင်းတွေရေး ရမယ်လို့ ဆုံးဖြတ်ရတဲ့အချိန်မှာတော့ တအားခံစားရတယ်။ သီချင်း အားလုံးကို ကျွန်မစိတ်ကြိုက် ရွေးချယ်ခဲ့တာပါ။ ဒါကြောင့် ပိုခံစားရတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်သီချင်း ဖန်တီးမှုတွေ၊ မူရင်းသီချင်းတွေကို အယ်လ်ဘမ်ထဲမှာထည့်ပြီး ထုတ်ခွင့်ရလို့ တအားပဲပျော်ရွှင်ကျေးဇူးတင်မိပါတယ်” ဟု ပြောပါသည်။
ဂီတနှင့်ပတ်သက်၍ မီလာနျမ်း သည် တစ်မူထူးခြားသော သံစဉ်များ ကို စိတ်ကူးပုံဖော်ကြည့်ခဲ့သည်။ မီလာနျမ်းသည် ဘင်ဂျိုသံ၊ တယောသံ၊ ဒိုသရို ဂီတာသံ၊ဟာမိုနီ သံများကို နှစ်သက်မြတ်နိုးသည်။ မီလာ၏ အကြိုက်နှစ်သက်ဆုံးသော ဂီတသံမှာ Zitherဟူသော ဒုံမင်းသံပင်ဖြစ်သည်။ ထိုကဲ့သို့ ဂီတအနုပညာအပေါ် သက်ဝင် ယုံကြည်မှု အားကြီးသူတစ်ယောက် ဖြစ်သည့် မီလာကကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့်သီချင်း သီကုံးရေးစပ်ခဲ့ပုံ၊ အင်္ဂလိပ်စာနှင့်ပတ်သက်ပြီး ကြိုးစား အားထုတ်လေ့ လာဖြစ်ခဲ့ပုံများကို “အရိုးသား ဆုံးပြောရရင် အင်္ဂလိပ်စာ(သို့မဟုတ်)သီချင်းရေးတာကို ကျွန်မအနေနဲ့ ကြိုးစားပမ်းစားလုပ်တာ၊ လေ့လာတာတော့ မရှိပါဘူး။ ဘဝပေးဖြစ် သွားတာပါ။ အစကတည်းက ကျွန်မကိုယ်ကျွန်မသီချင်းရေးဆရာမလို့ ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး။ သီချင်းရေးတတ်မယ်လို့လည်း ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ကျွန်မ ဘာသာကျွန်မ သီချင်းကို တစ်ယောက် တည်းညည်းခဲ့တာပါ။ တစ်ယောက် တည်းညည်းလာရင်းကနေ ကိုယ်ပိုင် သံစဉ်သီချင်းတွေရေးဖို့ ဘဝက တောင်းဆို လာခဲ့တယ်လေ။ ကျွန်မက ကဗျာတွေရေးတာ၊ ဖတ်တာသိပ်မြတ်နိုးတာ။ ဒီအလေ့အကျင့်ကပဲ ကျွန်မကို အင်္ဂလိပ်စာတော်စေပြီး ပိုင်နိုင်စွာရေးဖို့၊ ပြောဖို့ ဖြစ်လာတယ်။ သီချင်းရေးဖြစ်တာ၊ ဘဝကတောင်းဆိုတယ်ဆိုတာ အထက်တန်း ကျောင်းသူဘဝမှာ ကိုယ်ပိုင်သီချင်းရေးသားခြင်းရဲ့လွတ်လပ်မှုကို ကျွန်မရှာတွေ့ခဲ့တယ်။ အထက် တန်း ကျောင်းသူဘဝနဲ့ပတ်သက်တဲ့ ဆက်ဆံရေး အကြောင်း၊ ကျွန်မချစ်ကြိုက်ခဲ့ရတဲ့ ကောင်လေး အကြောင်းကနေ ကဗျာတွေ၊ သီချင်းစာသားတွေကို စရေးခဲ့တာပါ။ ဘယ်လို ပြောရမလဲဆိုတော့ အခြေခံအားဖြင့် အဲဒီအချိန်က ကျွန်မတွေ့ကြုံခံစားခဲ့ရတဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေကြောင့် ပါပဲ။အခု ကျွန်မ ရေးသားတဲ့သီချင်းတွေ က ကိုယ်ပိုင်ခံစားချက်တွေ၊ စိတ်ဆန္ဒတွေနဲ့ ငယ်ဘဝတကယ့်အတွေ့အကြုံကို ရေးဖွဲ့ထားတာပါ။ ၂ နှစ်လောက် တွဲခဲ့တဲ့ကောင်လေးက ဖုန်းပေါ်မှာ လမ်းခွဲစကားပြော တာကစပြီး ကျွန်မ အသည်းကွဲသလို ခံစားခဲ့ရပါတယ်။ ကျွန်မ ကျိတ်ငိုပြီး ပထမဆုံးသီချင်းကို ရေးဖြစ်သွားတယ်။ ‘စိတ်ပျက်ဖွယ် နွေရာသီ (Summer Romance)  လို့ ခေါင်းစဉ်ပေးထားခဲ့တယ်။ ဒီသီချင်းကို ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်ကို ဆိုပြပြီး အမှတ်မထင် သူက ပြောတယ် ဒီသီချင်းကို ငါကြိုက်တယ်၊ မင်း ဒီသီချင်းကို တခြား လူတွေအတွက် တီးခတ် သီဆိုပေးပါလို့ တိုက်တွန်းခဲ့တယ်။ အဲဒါနဲ့ ဘာသာရေးကျောင်း၊ Bars နဲ့ ကော်ဖီဆိုင်တွေမှာ သီဆိုဖြစ်ပါတယ်။ အံ့သြစရာကောင်းလောက် အောင် လူတွေက ကျွန်မ သီချင်းကို ကျွန်မ မျှော်လင့်ထားတာထက် ပိုမိုတုံ့ပြန်ခဲ့ကြတယ်။ ကျွန်မသီချင်းကို ကြိုက်ကြတဲ့အပြင် သူတို့ရဲ့အသည်းကွဲ ဇာတ်လမ်းတွေကို ဝေမျှဖို့ ကျွန်မ ဆီရောက်လာကြတယ်။ အဲဒီ နောက်ပိုင်း ကျွန်မတွေးမိတာက ငါ ကိုယ်ပိုင်သီချင်းတွေ ရေးစပ်သီကုံး နိုင်နေပြီလားလို့ပေါ့။ ဒါနဲ့ သီချင်းကို ကိုယ်တိုင်ရေး၊ကိုယ်တိုင်ဆိုဖို့ ဆုံး ဖြတ်ချက်ချခဲ့ပြီး စရေးဖြစ်သွား တာပါ” ဟု ကိုယ်တိုင်ကြိုးစား အားထုတ်ပုံဖြင့် ရှင်းလင်းပြောပြခဲ့သည်။
ဆက်လက်ပြီး သီချင်းများ ရေးသည့်အခါ စိတ်ဆုံးဖြတ်ချက်ချပုံ နှင့် လူအများ၏ရင်ထဲသို့ အနုပညာ ခံစားမှုများ ပို့ဆောင်သူတစ်ဦးအနေ ဖြင့် အနုပညာကလွဲ၍ မည်သည့် အရာကိုမှ မမျှော်လင့်သည့် အကြောင်းကို ”ကျွန်မအတွက်တော့ ဒီအယ်လ် ဘမ်အတွက် သီချင်းတချို့ရေးတဲ့ အခါမှာ ကျွန်မ အများကြီးမမျှော် လင့်ခဲ့ပါဘူး။ ကျွန်မအနေ နဲ့ ဒီလိုလုပ်ခွင့်ရတာကိုပဲ ကျေးဇူးတင်ပါတယ်။ ဒီလိုစွန့်စားရတာကို နှစ်ခြိုက်ခဲ့တယ်။ ဒီအယ်လ်ဘမ်ဟာ ကျွန်မကို အနုပညာသမား တစ်ယောက်အနေနဲ့ ရောင်ပြန်ဟပ် သလောက်ပဲ မျှော်လင့်ခဲ့တာပါ။ တခြားဘာမှ မမျှော်လင့်ပါဘူး။ ဒီအယ်လ်ဘမ်လုပ်နေစဉ် အတွင်းမှာလည်း အခြားထွေထွေထူးထူး ဘာမှမရည်ရွယ်ခဲ့ပါဘူး” ဟု ပြောပြခဲ့ပါသည်။
နားဆင်စေချင်သည့် သီချင်းတစ်ပုဒ်နှင့်မျှော်လင့်ရင်ခုန်စိတ်လှုပ်ရှားမှု
”ဒီအယ်လ်ဘမ်ထဲက သီချင်းအားလုံး မီလာကိုအားပေးသူတွေနဲ့ သူငယ်ချင်းတွေ နားဆင်စေချင်တယ်။ ကျွန်မအတွက်တော့ အကြိုက်ဆုံး၊ အနှစ်သက်ဆုံးသီချင်းတစ်ပုဒ် ရှိပါတယ်။ အဲဒါက တကယ့်ကို ကျွန်မအတွက် ခံစားရစေတယ်။ အဲဒါက ဒီအယ်လ်ဘမ်ရဲ့ ဒုတိယသီချင်းဖြစ်တဲ့ “ထွက်မသွားပါနဲ့”Don’t Let Go သီချင်းပဲဖြစ်တယ်။ အဲဒီသီချင်းလေးက ကျွန်မမိဘတွေအတွက် ရည်စူးပြီး ရေးခဲ့တာလေ။ ဒီသီချင်းလေးထဲက စာသားတွေက ကျွန်မမိဘတွေက ကျွန်မကို ဘယ်လို သဘောထားတာလဲ ဆိုတာနဲ့ ကျွန်မက သူတို့ကို ဘယ်လောက် ချစ်မြတ်နိုး တန်ဖိုးထားကြောင်း ဖော်ညွှန်းထားတဲ့သီချင်းလေးပါ။ ကျွန်မ မိဘတွေက ကျွန်မကြောင့် နေရာများစွာသွားခဲ့ရ တယ်။ ဘာလဲဆိုတော့ သူတို့အနေနဲ့ ကျွန်မဘဝကို ကူညီဖို့ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။ ဒီအဖေ၊ အမေတွေကြောင့် ဒီကမ္ဘာကြီးဟာ ကျွန်မ အတွက်ဖြစ်တယ် ဆိုတာကို အဓိပ္ပာယ် သက်ရောက်စေပါ တယ်။ အဲဒီသီချင်း ကိုတော့ သေသေ ချာချာ နားထောင် စေချင်တယ်” ဟု ထွက်ရှိပြီး သူမ၏တေးအယ်လ်ဘမ်ထဲက ပရိသတ်များ ကိုနားဆင်စေချင်သည့် သီချင်းတစ်ပုဒ် အကြောင်းကို သူကိုယ်တိုင် စိတ်အလှုပ်ရှားဆုံးဖြစ်ပြီး ညွှန်းဆိုခဲ့ပါသည်။ ထို့အပြင် တေးအယ်လ်ဘမ် မထွက်ခင်က သူကိုယ်တိုင် ရင်ခုန်မျှော်လင့်ကာစိတ်ထဲ၌ စိုးရိမ်ပူပန်မှုဖြစ်ခဲ့ပုံကို ”ကျွန်မအနေနဲ့ တစ်ချိန်တည်းမှာပဲ စိတ်ဖိအားတွေ၊ စိတ်လှုပ်ရှားစရာတွေ တအားဖြစ်ခဲ့ရပါတယ်။ ဒီအယ်လ်ဘမ် အတွက် ရေးတာရော၊ အသံသွင်းတာရော၊ တည်းဖြတ်တာရော စတာတွေ အတွက် တစ်နှစ်လောက်ကြာခဲ့တယ်။ ကျွန်မက တအားကြိုးစားခဲ့ရတာ ကြောင့် ပရိသတ်တွေ ဘယ်လိုတုံ့ပြန် မလဲတွေးပြီး စိတ်တအားလှုပ်ရှားခဲ့ ရပါတယ်။ စိတ်လှုပ်ရှားရင်ဖိုရတဲ့ အကြောင်းအရင်းနောက်တစ်ခုက တော့ တချို့သီချင်းတွေက တစ်စုံ တစ်ယောက်ကို ရည်စူးပြီးရေးထား၊ သီဆိုထားတာ သိသာလွန်းလို့လည်း ဖြစ်ပါတယ်။ ကျွန်မပရိသတ် တွေ၊ သူငယ်ချင်းတွေ ကျွန်မသီချင်းကို မကြိုက်မှာလည်း စိတ်ထဲမှာ အပျက် သဘောဆောင်တဲ့ စိုးရိမ်မှုရှိခဲ့တာတော့ အမှန်ပါပဲ”ဟု ဆိုပါ သည်။
ဆက်လက်ဖော်ပြပါမည်။
(ထူးထူး ဆက်သွယ်မေးမြန်း၍ အလင်းဆက်ဘာသာပြန်ဆိုသည်။)
http://popularmyanmar.com

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1