NLD အမျိုးသား ကျန်းမာရေးကွန်ရက်၏  ရန်ပုံငွေရှာဖွေပွဲကို လာမည့် ဧပြီ ၆
 ရက်တွင် ရန်ကုန်မြို့၊ Park Royal ဟိုတယ်၌ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် 
ဦးဆောင်ကာ  ပြုလုပ်သွားမည်ဖြစ်ကြောင်းအဆိုပါကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ 
တင်မျိုးဝင်းက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြုလုပ်သော မီဒီယာ မိတ်ဆက်ပွဲ၌ 
ပြောသည်။ ''ပညာရေး ရန်ပုံငွေပွဲလိုတော့ အနုပညာရှင်တွေနဲ့ 
လုပ်သွားဖို့မရှိဘူး။ ဖိတ်ထားတဲ့ သူတွေနဲ့ပဲ လုပ်သွားမယ်'' ဟု ၎င်းက ပြောသည်။
ကျန်းမာရေးကွန်ရက် အနေဖြင့် ၎င်းတို့ လက်ရှိ ဖွင့်လှစ်ထားသည့် 
ဆေးခန်းများအပြင် ဒေသန္တရဆေးခန်းများ၊ လူမှုရေး အခမဲ့ဆေးခန်းများ၏ လိုအပ်သော 
အကူအညီများပေးခြင်း စသည့် ကျန်းမာရေးလုပ်ငန်းများ   
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
''NLD ရဲ့ လက်ရှိဖွင့်ထားပြီး အခမဲ့ ဆေးခန်းတွေမှာ လုပ်ငန်းအရင်စမယ်၊ 
ကျန်ဒေသတွေမှာတော့ ဆေးခန်းဖွင့်ချင်မှ ဖွင့်နိုင်မယ်။ ဒါပေမယ့် 
မြို့နယ်အတွင်း ရှိပြီးသားဆေးခန်းတွေမှာ သူတို့ရဲ့ လိုအပ်ချက်တွေကို 
ဖြည့်ဆည်းပေးမယ်။ တတ်နိုင်သလောက် စဉ်ဆက်မပြတ် ပညာပေးရေးလည်းပါမယ်''ဟု 
ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
နိုင်ငံရေးပါတီကြီး တစ်ခုအနေဖြင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ 
ပညာရေး၊ ကျန်းမာရေးစသည့် မူဝါဒများ ထားရှိရမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ 
ကျန်းမာရေးကွန်ရက်ကို ဖြန့်ကြက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
NLD အမျိုးသား ကျန်းမာရေး ကွန်ရက်ကို မြန်မာနိုင်ငံ အမျိုးသား 
ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားလာအောင် ကူညီပေးနိုင်ရန် ဟူသော 
ရည်ရွယ်ချက်ဖြင့် ဖေဖော်ဝါရီ ၉ ရက်က အငြိမ်းစား ဆေးရုံအုပ်ကြီးများ အပါအ၀င်
 အဖွဲ့ဝင် ၁၄ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
အဖွဲ့၏ ရည်မှန်းချက်များအဖြစ် ပြည်သူလူထုအကြား အခြေခံ 
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တိုးတက်လာစေရေး ကူညီဆောင်ရွက်ရန်၊ 
ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ရှိသူများကို ထိခိုက်ဒဏ်ရာနှင့် အရေးပေါ် 
အသက်ကယ်သင်တန်းများပေးရန်၊ ပြည်တွင်းပြည်ပမှ ပညာရှင်များဖြင့် စဉ်ဆက်မပြတ် 
ဆေးပညာသင်ကြားရေး အစီအစဉ် များ ဆောင်ရွက်ရန်ဟူသော အချက်များ ပါဝင်သည်။
ထို့ပြင် နိုင်ငံတော်အတွင်း အဖြစ်များသော ရောဂါများကို ရောဂါဖြစ်စ 
ကြိုတင်သိရှိနိုင်ရေး လိုအပ်သော စစ်ဆေးချက်များ ဆောင်ရွက်နိုင်ရန်၊ အရေးပေါ်
 အခြေအနေနှင့် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားရာ နေရာသို့ အရေးပေါ် 
ဆေးကုသမှုအဖွဲ့များ စေလွှတ်ကူညီရန်၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် 
ချိတ်ဆက်၍ နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍအတွက် အကျိုးရှိအောင် 
ဆောင်ရွက်ရန်ဟူသော အချက်များလည်း အဆိုပါ ရည်မှန်းချက် တွင် 
ထည့်သွင်းထားသည်။
လက်ရှိတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်မြို့၊ 
မန္တလေးမြို့နှင့် ပဲခူးမြို့ရှိ မြို့နယ်အချို့တွင် အခမဲ့ ဆေးခန်းများ 
ဖွင့်လှစ်ထားပြီး ကျန်ရှိသည့် မြို့နယ်များတွင်လည်း ဆက်လက် 
ဖွင့်လှစ်သွားရန် အစီအစဉ် ရှိကြောင်း ကွန်ရက်အတွင်းရေးမှူး ဒေါက်တာ 
ကျော်စွာဦးက ပြောသည်။
EMG 


No comments:
Post a Comment