Wednesday, March 27, 2013

ဆုန်သင်းပါရ်နှင့် တွေ့ဆုံခြင်း

Ever November | 3/27/2013 11:08:00 AM | Best Blogger Tips

တစ်ကိုယ်တော်ခွေ သုံးခွေထွက်ပြီးနောက်ပိုင်း စင်မြင့်ဖျော်ဖြေပွဲအချို့မှာ သီဆိုဖျော်ဖြေသည်ကလွဲလို့ ခွေအသစ်လည်းမထွက်ဘဲ ခုနစ်နှစ်နီးပါးကြာမှ "အသစ်" ဆိုတဲ့စီးရီးနဲ့ တစ်ဖန်အောင်ပွဲခံခဲ့သူက အဆိုတော်ဆုန်သင်းပါရ်ဖြစ်ပါတယ်။ ရော့ခ်နဲ့ ကန်းထရီး ဂီတအမျိုးအစားတွေကို တစိုက်မတ်မတ်သီဆိုခဲ့ပြီး တစ်ခါတစ်ရံ Slow Rock လေး တွေဆိုတတ်တဲ့၊ ရော့ခ်ခေါင်းစဉ်အောက်က သီချင်းတွေနဲ့ ဆုန်သင်းပါရ်ဟာ အသစ်စီးရီးမှာတော့ နာမည်နဲ့လိုက်အောင် သီချင်းပုံစံတွေရော သီချင်းဆိုပုံဆိုဟန်တွေကိုပါ မျက်လှည့်ပြသလို အသစ်ပြောင်းပစ်လိုက်နိုင်သူပါ။

ရော့ခ်နဲ့ ခေါက်ရိုးကျိုးနေတဲ့ သူ့ကို တစိုက်မတ်မတ်အားပေးတဲ့ ပရိသတ်တွေကလည်း ဒီအပြောင်းအလဲကို နှစ်ခြိုက်လက်ခံနေပါတယ်။ "အသစ်" စီးရီးကြောင့် ခုနစ်နှစ်စောင့်လာရတဲ့ ပရိသတ်လည်း စောင့်ရကျိုးနပ်တယ်လို့ မှတ်ချက်ပြုခံရတဲ့ ဆုန်သင်းပါရ်နဲ့ သူမရဲ့ ဂီတလမ်းကြောင်း၊ မကြာမီမွေးဖွားတော့မယ့် သူမရဲ့ သားဦးလေးအကြောင်းတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

'အသစ်' စီးရီးထွက်ပြီးချိန်မှာ ပရိသတ်ဆီက မထင်မှတ်ထားတဲ့ ဝေဖန်သံတွေ ကြားလိုက်ရလား။

ကိုယ်ပိုင်သံစဉ်ခွေ တစ်ခွေကို တော်တော်များများ ကြိုက်ကြတယ်လို့ ပြန်ကြားရတယ်။ အထူးသဖြင့် မိန်းကလေးပရိသတ် ပိုကြိုက်တာပေါ့နော်။ ကိုယ်လုပ်လိုက်တဲ့ အရာရဲ့ စေတနာက ရောင်ပြန်ဟပ်တယ်ထင်တယ်။ ဒီခွေကို ကိုယ်ပိုင်သံစဉ်အဖြစ် တစ်နှစ်ခွဲလောက် လုပ်ခဲ့တာ။ တစ်ခွေလုံး ကိုယ်ပိုင်သံစဉ်ထွက်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့် အခုလို အသိအမှတ်ပြုခံရတာ ၀မ်းသာတယ်။

ဒီအခွေက အစ်မကို ပရိသတ်အသစ်တွေ တိုးပွားစေတယ်လို့ ပြောလို့ရမလား။

အသစ်ထပ်မတိုးရင်တောင်မှ ရှိပြီးသား ကိုယ့်ကို တစိုက်မတ်မတ် အားပေးလာကြတဲ့သူတွေက ကိုယ်ပိုင်သံစဉ်နဲ့ အသိအမှတ်ပြုတဲ့အတွက်ကို ၀မ်းသာပါတယ်။

ခုနစ်နှစ်လောက် ခွေသစ်မထွက်နိုင်ခဲ့ပေမယ့် အခု 'အသစ်' စီးရီးက ပရိသတ် စောင့်ရကျိုးနပ်တဲ့ စီးရီးလို့ ပြောကြတယ်။ ဒီခုနစ်နှစ်တွင်း သီချင်းတွေ စိမ်ပြေနပြေ ရွေးနေခဲ့တာလား။

ဆုန်သင်းကတော့ သီချင်းကောင်းဖို့ပဲ နံပါတ်တစ် ကြည့်တယ်။ သီချင်းပုံစံကို သူများ မမျှော်လင့်တဲ့ ပုံစံကြီး လုပ်ပြမယ်ဆိုတာမျိုး မရှိဘူး။ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ကိုယ့်ရဲ့ မျှော်လင့်ချက်အသစ်ဆိုတဲ့ ပုံစံနဲ့ ချပြလိုက်တာ။ ကိုယ်ပိုင်သံစဉ်က သီချင်းရွေးရတာ တော်တော်မလွယ်ဘူး။ တစ်ခါတလေ မယ်လိုဒီပိုင်းမှာ အရမ်းကောင်းပေမယ့် စာသားမကြိုက်တာ ရှိတယ်။ စာသားအားကောင်းပေမယ့် မယ်လိုဒီ သိပ်မပြေပြစ်တာရှိတယ်။ ဒီခွေမှာ တည်တည်ငြိမ်ငြိမ် သီချင်းတွေ ပိုများတယ်။ ရော့ခ်ချည်းပဲ သီးသန့်ခေါင်းစဉ်အောက်ကနေ သွားတာမဟုတ်ဘူး။

ဒီစီးရီးက အမ်တီဗီ ရိုက်မယ်ဆိုရင် တော်တော်လေး ရုပ်လုံးဖော်လို့ကောင်းမယ့် သီချင်းလေးတွေ ဖြစ်နေတယ်နော်။

ဒီဗီဒီထွက်လာရင် ပရိသတ်လိုက်ဆိုနိုင်မယ့် သီချင်းကို ရွေးထားတာ။ အရင်ခွေထက်စာရင် ဒီခွေကတော့ ဆိုလို့လွယ်မယ့် သီချင်းလေးတွေ ပိုများတယ်။ ဦးလူမင်းခေါင်က လေးပုဒ်လောက် စိတ်ကြိုက်တည်ပြီး ရိုက်ချင်တာ။ တစ်ပုဒ်ကတော့ ရိုက်လို့မီလောက်တယ်။ အခု ကိုယ်ဝန်ရှိနေလို့ နောက်အပုဒ်တွေတော့ အပေါ်ပိုင်းပဲ ရိုက်ရမလား။ စောင့်ရမလား မသိဘူး (ရယ်လျက်) တခြား ဗီစီဒီနဲ့မတူဘဲ အသစ်ကတော့ ဆုန်သင်းအရမ်းအားရမယ့် အမ်တီဗီပဲ။

အစ်မရဲ့အသံကို ပိုကောင်းလာတယ်လို့ မှတ်ချက်ပြုကြတယ်။ သီချင်းတွေကလည်း အပျော့လေးတွေ ဖြစ်သွားတယ်ဆိုတော့ ရော့ခ်မုဒ်ကနေ ဒီလိုမုဒ်ရအောင် ဘယ်လိုဖန်တီးယူလဲ။

အသက်အရွယ်ပါပဲ။ တချို့အပုဒ်တွေကျတော့ အလွတ်နီးပါး ရပြီး ပိုင်ပြီးသားဖြစ်နေတော့ အဲဒါတစ်ချက် အားသာတယ်။ ဒီနေ့ တစ်ပုဒ်သွင်းမယ်ဆို အဲဒီတစ်ပုဒ်ကိုပဲ စိတ်ထဲမှာထားတယ်။ 'မခေါ်ရက်ဘူး' သီချင်းဆိုရင် အရမ်းဝမ်းနည်းတဲ့ မုဒ်ရအောင်လို့ အသံမသွင်းခင် တစ်ညလုံး ဘာမှမစားမသောက်ဘူး။ တစ်ခွေလုံး ခြုံကြည့်ရင် မယ်လိုဒီပိုင်းကို အားရတယ်။ စာသားတွေကတော့ တချို့နေရာလေးတွေ တိုနေတာရှိတယ်။ ရှည်ရင်ကောင်းမယ်လို့ အတွေးဝင်မိတယ်။ ဒါပေမဲ့ တေးရေးတွေကိုတော့ ကိုယ်က အထွန့်မတက်တော့ဘူးလေ။

ဆိုဖော်ဆိုဖက်တွေက ဘယ်လို မှတ်ချက်ပြုကြလဲ။

သူတို့ အရမ်းသဘောကျကြတယ်။ အဆိုတော်အချင်းချင်းကျတော့ ကိုယ်ပိုင်သံစဉ်ကို တစ်ခွေလုံး လုပ်ထားတဲ့အပေါ် သူတို့ အားပေးကြတယ်။ အားနာလို့လား မသိဘူးပေါ့နော်။ (ရယ်လျက်)

အခုနောက်ပိုင်း အဆိုတော်အသစ်တွေကအစ ကိုယ်ပိုင်သံစဉ်တွေကို လုပ်လာကြသလိုပဲ။

နောက်ပိုင်းလည်း ကိုယ်ပိုင်သံစဉ်တွေပဲ များလာမှာပါ။ ကော်ပီကလည်း မပျောက်ပါဘူး။ ဒါပေမဲ့ အကုန်လုံးက ကြိုးစားလာကြတော့ ကိုယ်ပိုင်သံစဉ်ဖြစ်တယ်ဆိုရုံလေး စာသားထည့်ကြတယ်။ ဖြတ်ညှပ်ကပ်လေးတွေတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ နောက်ပိုင်းတော့ ဒီထက်ကောင်းတဲ့ သီချင်းတွေ ထွက်လာမယ်လို့ မျှော်လင့်တယ်။ ခိုးကူးခွေကလည်း တစ်ကြောင်းပေါ့။ ဂီတ အဆင့်အတန်းပိုင်းမှာတော့ ဒီထက် အများကြီး ပိုကောင်းလာလိမ့်မယ်။

ဒီမှာ ရှိုးပွဲကြည့်တဲ့ ပရိသတ်တွေနဲ့ အဆိုတော်အချို့ရဲ့ ပဋိပက္ခလေးတွေ ရှိကြတာ ဘာကြောင့်လို့ထင်လဲအစ်မ။

နိုင်ငံခြားမှာကျတော့ ကန်းထရီးမြူးဇစ်ကြိုက်တဲ့သူက ကန်းထရီးအဆိုတော်ထဲက ဘယ်သူဆိုဆို အားပေးတယ်။ မြန်မာပြည်မှာကျတော့ ပန့်ခ်ကြိုက်တဲ့သူက ပေါ့ပ်ရှိုးလာချင်လည်း လာမှာပဲ။ ဟစ်ဟော့ပ်သမားတွေလည်း ရော့ခ်ရှိုးကို သွားချင်သွားတာပဲလေ။ ဥပမာ ခုလာမယ့် မိုက်ကယ်လန်းကို မကြိုက်တဲ့သူကလည်း မိုက်ကယ်လန်းကို အပြင်မှာ မမြင်ဖူးတော့ သွားကြည့်မှာပဲ။ ဆုန်သင်းပါရ်ကို ကြိုက်တဲ့သူကလည်း တခြားအဆိုတော်ကို သွားကြည့်မှာပဲ။ သီးသန့်ကြီး ကိုယ့်တစ်ယောက်တည်းကို လာကြည့်ဖို့တော့ သိပ်မလွယ်ဘူးလေ။ တစ်ခါတလေကျ ကိုယ့်ကို အဆိုတော်မို့သာ ကြည့်နေတာ။ ကိုယ့်သီချင်းကို သိတောင် မသိကြတာရှိတယ်။

ဂီတသက်တမ်းလည်း ကြာနေပြီဆိုတော့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ စိတ်မကူးသေးဘူးလား။

ဒီနှစ်ထဲမဟုတ်ရင်တောင် နောင်နှစ်ထဲမှာ လုပ်ဖို့ရှိတယ်။ အဲဒီကျရင်လည်း ကိုယ်တစ်ယောက်တည်း အပုဒ်သုံးလေးဆယ် ဆိုချင်တယ်။

အစ်မက တစ်ယောက်တည်း အပုဒ်သုံးလေးဆယ် ဆိုချင်တာက တစ်ကိုယ်တော် ဖျော်ဖြေပွဲဆိုတဲ့ အရသာကို အပြည့်အ၀ ပေးချင်လို့လား။

ဟုတ်တယ်။ ကိုယ့်သီချင်းတွေကို ကိုယ်ကိုယ်တိုင် ဆိုချင်တယ်။ တခြားသူကို ပေးမဆိုချင်ဘူး။ ဒီနိုင်ငံအနေအထားနဲ့ အဆင်ပြေပြေ မပြေပြေ မတတ်နိုင်ဘူး။ သူများအားကို ယူပြီးဆိုတာတော့ မလုပ်ချင်ဘူး။ ဆုန်သင်းပါရ်ရှိုးဆိုပြီး နာမည်တပ်ရင် ကိုယ်ပဲဆိုချင်တယ်။ ဆုန်သင်းပါရ်ကို ကြိုက်တဲ့သူလာကြည့်ပေါ့။

အခွေသစ် မထွက်သေးခင်မှာ ရှိုးပွဲလက်ခံတာတွေကို လျှော့ပစ်လိုက်တာ ဘာလို့လဲ။

ဘုရားကျောင်းပွဲနဲ့ ကိုယ့် ချင်းမိသားစုပွဲတွေတော့ ဆိုဖြစ်ပါတယ်။ တခြား ပါရုံပဲပါပြီး ပိုက်ဆံရရုံပွဲတွေတော့ မဆိုတော့ဘူး။ ကိုယ့်အင်းမေ့ခ်ျအတွက် ကောင်းမယ်ဆိုရင်တော့ ဆိုပါတယ်။ ခွေထွက်ပြီး အခုတော့ ကိုယ်ဝန်ရကတည်းက နားကိုမနားရသေးဘူး။ အရွဲ့တိုက်နေသလိုပဲ။ ပွဲတွေ ဆက်တိုက်သွားနေရတယ်။

သားဦးကိုယ်ဝန် လွယ်ထားရပေမယ့် သက်သောင့်သက်သာပဲနော်။ မီးဖွားဖို့ရော ဘယ်လိုအစီအစဉ် ဆွဲထားလဲ။

ကားလမ်းတွေကလည်း ကျပ်တော့ ကိုယ်ဗိုက်နာရင် နီးနီးနားနား ပြေးမွေးလို့ရအောင် ၀ိတိုရိယမှာမွေးဖို့ စဉ်းစားထားတယ်။ အိမ်ထောင်ကျပြီး သုံးနှစ်လောက်မှာ ကလေးရတော့ အရမ်းပျော်တယ်။ သားဦးဆိုတော့ စိတ်လှုပ်ရှားတယ်။ သူများတွေလို ကိုယ်ဝန်ရှိလို့ နေမကောင်းတာတို့၊ ချင်ခြင်းတက်တာတို့၊ အစားအသောက် မစားချင်တာတို့ လုံးဝမရှိဘူး။ ပေါ့ပေါ့ပါးပါးပဲ မွေးနိုင်မယ်လို့ ထင်တယ်။ ရိုးရိုးပဲမွေးဖို့ စိတ်ကူးထားတယ်။

ဘာလို့ရိုးရိုးမွေးဖို့ စီစဉ်တာလဲအစ်မ။

မနာအောင်တော့ ဆုမတောင်းဘူး။ ခံနိုင်ရည်ရှိအောင်ပဲ ကြိုးစားထားတယ်။ မိန်းမတစ်ယောက်လည်းဖြစ်တယ်။ ပြီးတော့ မိဘမေတ္တာကို ပိုလည်း နားလည်သိတတ်အောင်လို့၊ ကိုယ်ကိုယ်တိုင် ကလေးမွေးလာရင် ကိုယ့်စိတ်က ရင့်ကျက်မှုအဆင့်တစ်ခုကို ရောက်သွားမယ်လို့ ထင်တယ်။ အဲဒါကြောင့် ရိုးရိုးကိုမွေးချင်တာ။ မခံစားဖူးတဲ့ အတွေ့အကြုံကို သိချင်တာ။ ဘုရားက သဘာဝအတိုင်း မွေးဖို့ ပေးထားတာပါ။ ကလေးအနေအထားတို့ ကျန်းမာရေးမကောင်းတာတို့ဆို တစ်မျိုးပေါ့။ ကိုယ်ကိုယ်တိုင်က ကျန်းကျန်းမာမာပဲဆိုတော့ မတတ်နိုင်တဲ့အဆုံးကျမှ ခွဲမွေးမယ်။ ဒီတိုင်းပဲမွေးမယ်။ ကိုယ်လည်း ကိုယ့်အမေကျေးဇူးကို ပိုသိအောင်လို့ပါ။ မေလမှာ မွေးမယ်။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

Credit: အေးသူစံ (7Day News Journal)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1