Friday, March 15, 2013

ကော်တင်ဟိုသည် ပဉ္စလက်ဆန်ဆန် ကစားသမားဟု ဂျရတ် အမွှမ်းတင်

Ever November | 3/15/2013 09:10:00 AM | Best Blogger Tips

လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က အသင်း၏ ကစားသမားသစ် ဖိလစ်ပီ ကော်တင်ဟိုသည် အန်းဖီးလ်သို့ ရောက်လာကတည်းက ပဉ္စလက်ဆန်ဆန် စွမ်းရည်များကို ဖန်တီးပြသူဟု ချီးကျူးလိုက်သည်။ ဇန်နဝါရီ ဈေးကွက် ကာလ အတွင်းက လီဗာပူးလ်သည် အင်တာမီလန် အသင်းမှ အသက်(၂၀)အရွယ်သာ ရှိသေးသည့် ဘရာဇီးလ် ကွင်းလယ် ကစားသမားလေးကို ဝယ်ယူခဲ့သည်။ ကော်တင်ဟိုသည် လီဗာပူးလ် ပွဲဦးထွက်တွင် ဆွမ်ဆီးဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့သလို လီဗာပူးလ် ဂျာစီကို ဝတ်ဆင် ကစားမှု (၂၀၂)မိနစ်သာ ရှိသေးသော်လည်း ထူးချွန် ထက်မြက်သူ တစ်ဦးဖြစ်ကြောင်း လက်တွေ့ ပြသထားနိုင်ခဲ့သည်။ ၎င်းသည် ပရီးမီးယားလိဂ်တွင် အပြည့်အဝ အံမဝင်သေးသဖြင့် မိနစ်(၉၀)ပြည့် ကစားခွင့် မရသေးသည့်တိုင် ဂျရတ်ကမူ ကော်တင်ဟို၏ အနာဂတ် အလားအလာကို အလွန် မျှော်လင့်လျှက် ရှိသည်။
"သူဟာ ပဉ္စလက်ဆန်ဆန် ထိုးထွင်း သိမြင်မှုမျိုးကို ပိုင်ဆိုင် ဖန်တီးနိုင်သူပါ"ဟု ဂျရတ်က ဆိုသည်။ ကော်တင်ဟိုသည် အသက်(၂၀)သာ ရှိသေးသော်လည်း လီဗာပူးလ်သို့ ရောက်ရှိလာမှုသည် ၎င်း၏ (၄)ခုမြောက် ပါဝင် ကစားသည့် ပရော်ဖက်ရှင်နယ် ကလပ်အသင်းလည်း ဖြစ်သည်။ ကော်တင်ဟိုသည် ဗာစကို ဒဂါးမားတွင် ကစားသမားဘဝ စတင်ခဲ့သလို စပိန်ကလပ် အက်စ်ပန်ညိုတွင်လည်း အငှားကစားခဲ့ဖူးသည်။ ဂျရတ်က "ကော်တင်ဟိုရဲ့ အကောင်းဆုံး အချိန်တွေက လာမယ့် ဘောလုံးရာသီမှာ စတင်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ခန်း အပြည့်အဝ ဆင်းဖြစ်ရင် ပရီးမီးယားလိဂ်ရဲ့ မြန်နှုန်းကို သူလိုက်နိုင်လာမှာပါ။ ခုချိန်မှာတော့ သူဟာ (၅၅)မိနစ်၊ မိနစ်(၆၀)လောက်ပဲ ကစားရသေးပေမယ့် တကယ် ထူးချွန်မှန်း လက်တွေ့ ပြသနေသူ ဖြစ်ပါတယ်"ဟု မှတ်ချက် ပြုခဲ့သည်။

၎င်းက "တကယ်လို့သာ ကော်တင်ဟိုကို မိနစ်(၉၀)လုံး အသုံးပြုခွင့် ရမယ်ဆိုရင် လာမယ့်ရာသီမှာ သူဟာ အသင်းအတွက် ကြီးကြီးမားမား အထောက်အကူတွေ ဖြစ်စေမှာပါ"ဟုလည်း ချီးကျူးခဲ့သည်။ လီဗာပူးလ် ဘယ်နောက်ခံလူ ဟိုဆေး အန်ရီကေးကလည်း "ကော်တင်ဟိုဟာ တွဲလုံးကစားလို့ သိပ်ကောင်းတဲ့ ကစားသမားပါ။ သူဟာ လုံးဝ ဖြစ်မြောက်စရာ မရှိတဲ့ အခြေအနေ တစ်ခုကနေ ကိုယ့်တိုက်စစ်သမားက ဂိုးသမားနဲ့ တစ်ယောက်ချင်း ကန်ခွင့်ရအောင် ဖန်တီးမှုမျိုး လုပ်ပြနိုင်ပါတယ်။ ခုချိန်မှာ သူ့ကစားပုံ အရမ်းကောင်းနေသလို ကျွန်တော်တို့ လိုအပ်တဲ့ ကစားသမားမျိုးလည်း ဖြစ်ပါတယ်။ အသင်းမှာ ခံစစ်သမားတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါတယ် ဆိုပေမယ့် ကျွန်တော်တို့အတွက် ဂိုးတွေ ပိုသွင်းဖို့ လိုအပ်သလို ခုချိန်မှာလည်း လက်တွေ့လုပ်ဆောင်နေနိုင်ပြီ ဖြစ်ပါတယ်"ဟု ပြောကြားသွားသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1