Friday, April 5, 2013

မြန်မာ-စင်ကာပူ ရှေ့ခရီး

Ever November | 4/05/2013 11:31:00 PM | Best Blogger Tips
ခေတ်ပြောင်းစနစ်ပြောင်း မြန်မာနိုင်ငံကို တစ်ကမ္ဘာလုံးက ဂရုတစိုက်စောင့်ကြည့်လျှက်ရှိကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရခေါင်းဆောင်များနှ င့် ဥရောပ၊ အမေရိကနှင့် အာရှနိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင် များ ချစ်ကြည်ရေးခရီးနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး လာရောက်လည်ပတ် ဆွေးနွေးကြသည်။ အစိုးရခေါင်းဆောင်များလာလျှင်လည်း နှစ်နိုင်ငံ အပြန်အလှန် စီးပွားရေးကိစ္စများအတွက် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါလာကြသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်လည်း နိုင်ငံတကာသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးများ သွားရောက်သည့်အခါတိုင်း နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဖွံ့ဖြိုးရေး ထောက်ပံ့ကူညီမှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျှက်ရှိသည်။

စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတမ် ကန်ယမ်သည် ဧပြီလ တစ်ရက်နေ့က မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၄၇နှစ်အတွင်း ပထမဦးဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်အဖြစ် တရားဝင်အလည်အပတ် လာရောက်ခဲ့သည်။ ၁၉၆၆ခုနှစ် နှစ်နိုင်ငံ သံတမန်အဆက်အသွယ် စတင်ထူထောင်သည့်အချိန်မှ ယနေ့အချိန်အထိ စင်ကာပူသမ္မတနိုင်ငံ၏ ဦးသျှောင်အကြီးအကဲတစ်ဦးအနေနှင့် ပထမဦးဆုံး လာရောက်လည်ပတ်ခြင်းလည်းဖြစ်သည်။ ယင်းခရီးစဉ်၏ ထူးခြားချက်မှာ ဒေါက်တာ တိုနီတမ်နှင့်အတူ စင်ကာပူနိုင်ငံ၏ စတုတ္တမြောက်ဝန်ကြီးချုပ် အလောင်းအလျာအဖြစ် ထင်ကြေးပေးခံထားရသူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ ခေါ်ဘွန်ဝမ် Khaw Boon Wan နှင့် စင်ကာပူအစိုးရပိုင် နာမည်ကျော် မိုဘိုင်းဆက်သွယ်ရေးကုမ္မဏီ SingTel ၏ အမှုဆောင်အရာရှိချုပ် မစ္စ ချွာဆော့ကွန်း Chua Sock Koong လိုက်ပါလာခြင်းဖြစ်သည်။ ထိုထက်ထူးခြားသည်မှာ ဒေါက်တာတိုနီတမ်အနေနှင့် ကုန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း မည်သည့် စင်ကာပူအစိုးရအကြီးအကဲမျှ မတွေ့ဆုံဖူးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံသည် စင်စစ်အားဖြင့် ကုန်ခဲ့သည့် နှစ်၂၀ခန့်အတွင်း မြန်မာအစိုးရနှင့် အနီးကပ်ဆုံး ဆက်ဆံခဲ့သည့် နိုင်ငံအနည်းငယ်အနက် တစ်နိုင်ငံဖြစ်သည်။ အထူးသဖြင့် အမေရိကနှင့် ဥရောပတို့၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အကြောင်းကြောင်းဖြင့် မြန်မာနိုင်ငံသို့ စီးဝင်သမျှ နိုင်ငံခြားငွေအားလုံး စင်ကာပူနိုင်ငံရှိ ဘဏ်များကိုဖြတ်သန်းခဲ့ခြင်းဖြင့် နီးကပ်သော ဆက်ဆံရေး အလိုအလျောက် ထူထောင်လိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ ထိုသို့ဖြတ်သန်းခဲ့သောကြောင့် စင်ကာပူဘဏ်များ နှစ်စဉ် ဒေါ်လာသန်းနှင့်ချီ အမြတ်အစွန်းရရှိခဲ့သည်။ စီးပွားရေးပိတ်ဆို့စဉ်ကာလအတွင်း နိုင်ငံတကာဈေးကွက်မှ မြန်မာနိုင်ငံက ဝယ်ယူလိုသော ကုန်စည်၊ ပစ္စည်းမှန်သမျှ စင်ကာပူက ကြားခံအဖြစ် ဆက်သွယ်ဝယ်ယူပေးခြင်းဖြင့်လည်း ဝန်ဆောင်ခများစွာ ရရှိခဲ့သည်။

ထို့အပြင် ကုန်ခဲ့သည့် နှစ်၂၀အတွင်း ဒေသတွင်းအဖွံ့ဖြိုးဆုံးနိုင်ငံတစ်ခုဖြစ်လာသော စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံမှ ကော်လာဖြူလုပ်သားအများဆုံး သွားရောက်အလုပ်လုပ်ကိုင်ရာ နိုင်ငံတစ်ခုလည်းဖြစ်သည်။ ယခုဆိုလျှင် ကော်လာပြာလုပ်သားများလည်း အရေအတွက်တိုးတက် ရောက်ရှိလျှက်ရှိသည်။ စင်ကာပူနှင့် ချိတ်ဆက်ထားသည့် ပြည်တွင်းမှ ပညာရေးအတိုင်ပင်ခံ အမည်ခံ အေးဂျင့်များ၏ ဈေးကွက်ထိုးဖောက်မှုဗျူဟာ ကောင်းမွန်မှုနှင့် စင်ကာပူနိုင်ငံကိုယ်နှိုက်ပင်လျှင် ပညာရေးကို စီးပွားရေးလုပ်ငန်းတစ်ခုအသွင် မြှင့်တင် ပြင်ဆင်တည်ဆောက်ထားမှုတို့ကြောင့် အရွယ်စုံ မြန်မာလူငယ်များ ပညာအများဆုံးသွားရောက် သင်ယူရာ နိုင်ငံလည်းဖြစ်သည်။

လက်ရှိအချိန်သည် ကုန်ခဲ့သည့် အနှစ်နှစ်ဆယ်က စင်ကာပူတို့ မျက်စိအောက်တွင် ၄င်းတို့နိုင်ငံမှတစ်ဆင့် ကမ္ဘာကို ကြည့်နေခဲ့ရသည့် မြန်မာနိုင်ငံမဟုတ်တော့ပဲ နိုင်ငံများစွာတို့က အရေးတယူ ဦးစားပေးဆက်ဆံလာသော နိုင်ငံအဖြစ်သို့ ပြောင်းလာပြီဖြစ်သည်။ အာရှ၏ ထွန်းသစ်စ၊ အလားအလာအကောင်းဆုံး ဈေးကွက်သစ်တစ်ခုဖြစ်လာပေပြီ။ ဥရောပနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကိုရီးယား၊ တရုတ်တို့နှင့် အပြိုင် ဈေးကွက်နေရာရရန် စင်ကာပူတို့ ယခင်အခြေအနေအတိုင်း ဆက်သွား၍မရတော့မှန်း ကောင်းစွာ ရိပ်စားမိလာသည့်အလျောက် ကုန်ခဲ့သည့် ၂နှစ်အတွင်း စီးပွားရေးမစ်ရှင်များစေလွှတ်ခြင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ခြင်းတို့ ဆထက်ထမ်းပိုး ကြိုးစားလုပ်ကိုင်လာကြသည်။ ယခု သမ္မတကိုယ်တိုင် လာရောက်လည်သည်ကိုကြည့်လျှင် မြန်မာဈေးကွက်အပေါ်တွင် မည်မျှအလေးအနက်ထားကြောင်း ပေါ်လွင်ထင်ရှားလှသည်။

မကြာမီ မိုဘိုင်းတယ်လီဖုန်း ရှစ်သန်း ချထားပေးမည့် စီမံကိန်းစတော့မည်ဖြစ်ရာ စင်ကာပူတွင် ဈေးကွက်တစ်ခုလုံးနီးပါး အုပ်စီးထားသည့် SingTel ကုမ္မဏီသည်လည်း ရှစ်သန်းအပြင် ထပ်မံတိုးလာဦးမည့် မြန်မာ တယ်လီဖုန်းဆက်သွယ်ရေးဈေးကွက်၏ အလားအလာကို ကောင်းစွာ တွက်ချက်ခန့်မှန်းမိသည်။ ထို့ကြောင့် အများနည်းတူ တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှု ဆင့်ပွားဖြန့်ချိသူ service provider အဖြစ် လုပ်ကိုင်ရန် လာရောက် ဆက်သွယ်ညှိနှိုင်းခြင်းဖြစ်ဖွယ်ရှိသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံ၏ လောလောဆယ် တတိယမြောက် အကြီးဆုံး ကုန်သွယ်ဖက်နှင့် ဆဋ္ဌမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံး စင်ကာပူနိုင်ငံအနေနှင့် ယခုကဲ့သို့ နိုင်ငံတော်ဦးသျှောင်အကြီးအကဲတစ်ဦးနှင့်အတူ အနဂါတ် ခေါင်းဆောင်ဖြစ်လာနိုင်ဖွယ်ရှိသူ၊ အရှေ့တောင်အာရှ၏ အကြီးဆုံး ဆယ်သွယ်ရေးကုမ္မဏီ အမှုဆောင်အရာရှိချုပ်တို့နှင့်အတူ တရားဝင်လာရောက်သော ချစ်ကြည်ရေးအလည်အပတ်ခရီးသည် နှစ်နိုင်ငံ အကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် ညှိနှိုင်းဆွေးနွေးနိုင်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။ ထို့အပြင် မြန်မာနိုင်ငံအပေါ်တွင် ယခင်ရှိခဲ့သည့် အမြင်မျိုးမှ အမြင်သစ်သို့ ပြောင်းလဲသွားတော့မည့်အပြင် စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပေါ်တွင်လည်း ကုန်ခဲ့သည့် နှစ်နှစ်ဆယ်က ရှုမြင်ပုံမျိုးမှ ပြောင်းလဲလာဖွယ်ရှိမည်ဟု ခန့်မှန်းသုံးသပ်ရပေသည်။

အယ်ဒီတာ(၃-၄-၂၀၁၃) 
The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1