Saturday, April 27, 2013

ဗန်ပါစီကို လေးစားမှု ထားကာ လှောင်ပြောင်ခြင်း မပြုရန် အာဆင်နယ် ပရိသတ်ကို ဝင်းဂါးတောင်းဆို

Ever November | 4/27/2013 10:54:00 AM | Best Blogger Tips

ရော်ဘင်ဗန်ပါစီသည် အာဆင်နယ် ပရိသတ်များ၏ လှောင်ပြောင်မှုနှင့် ထိုက်တန်သူ မဟုတ်သဖြင့် ယင်းသို့ မပြုမူသင့်ကြောင်း အသင်း မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။
ပြီးခဲ့သည့် နွေရာသီက အာဆင်နယ်ကို စွန့်ခွာကာ ခါးသီးလှသည့် သမိုင်းကြောင်း ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့သွားသည့် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် တနင်္ဂနွေနေ့ ညတွင် အမ်းမရိတ်စ် ကွင်းကြီးသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။ ဗန်ပါစီသည် ယခုရာသီ မကုန်ဆုံးမီ ကတည်းက မန်ယူနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ရနှင့်ထားပြီး ဖြစ်ရာ အာဆင်နယ် ကစားသမားဟောင်းများက ဗန်ပါစီ အပါအဝင် မန်ယူ အသင်းသားများကို ကွင်းထဲ အဝင်တွင် ခြံရံ လက်ခုပ်တီး ဂုဏ်ပြုရန် စီစဉ်ထားသည်။
အာဆင်နယ်က ပေါင်စတာလင် (၂၂)သန်းဖြင့် ရောင်းထုတ်ခဲ့သည့် အသက်(၂၉)နှစ်ရှိ ကစားသမားကို အသင်းဟောင်း ပရိသတ်များက အညှိုးထား လှောင်ပြောင်ဖွယ် ရှိနေရာ ယင်းကို ဝင်းဂါးက ဖြစ်သင့်သည့် အခြေအနေ မဟုတ်ဟု ဝေဖန်ခဲ့သည်။ "ကျွန်တော်တို့ အသင်းအတွက် တစ်ချိန်က ကစားပေးခဲ့သူ အားလုံးလိုပဲ အမ်းမရိတ်စ်ကို ပြန်လာချိန်မှာ ဗန်ပါစီကို ကျွန်တော်တို့ လေးစား ရပါမယ်။ သူ့ကို အားလုံးလိုပဲ ပရိသတ်က လေးစားမှု ပြသတာမျိုး ကျွန်တော် ဖြစ်စေချင်တယ်။ ကျွန်တော် ရည်စူးတာ အသင်းက ကစားသမားဟောင်း အားလုံးအတွက်ပါ။ တချို့တွေ အသင်းက ထွက်သွားတဲ့ အခြေအနေတွေဟာ ဗန်ပါစီထက်တောင် ပိုရှုပ်ထွေးပါသေးတယ်" ဟု ဝင်းဂါးက ပြောကြားခဲ့သည်။
ဝင်းဂါးက မန်ယူ အသင်းသားများကို အာဆင်နယ် အသင်းသားများက ကွင်းထဲအဝင်တွင် ခြံရံ ဂုဏ်ပြုမည့် အစီအစဉ်ကိုလည်း အတည်ပြုခဲ့သည်။ "ကိုယ်က နိုင်ငံခြား တိုင်းပြည် တစ်ခုမှာ အလုပ် လာလုပ်နေတယ် ဆိုရင်တော့ အဲဒီနိုင်ငံရဲ့ ဓလေ့ထုံးစံကို လိုက်နာဖို့ လိုပါတယ်။ ဒီဂုဏ်ပြုမှုဟာ အင်္ဂလန် ဘောလုံးလောကရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေပါတယ်။ ဒါကို ကျွန်တော်ကလည်း လေးစား တန်ဖိုးထားရမယ်လေ" ဟု ဝင်းဂါးက မှတ်ချက်ပြုသွားသည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1