Friday, May 24, 2013

ပြည် န၀ဒေးတံတားအောက် လူသတ်မှု တစ်လပြည့်သော်လည်း တရားခံဟု စွပ်စွဲခံရသော တပ်မတော်သား သုံးဦးက ငြင်းဆန်၍ အမှုမှာ ပိုမိုရှုပ်ထွေးလာ

Ever November | 5/24/2013 04:41:00 PM | Best Blogger Tips
အခင်းဖြစ်ပွားခဲ့သည့် ပြည်မြို့ရှိ န၀ဒေးတံတားဝန်းကျင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုနေ(ပြည်)

ပြည် န၀ဒေးတံတားအောက် လူသတ်မှု တစ်လပြည့်သော်လည်း တရားခံဟု စွပ်စွဲခံရသော တပ်မတော်သား သုံးဦးက ငြင်းဆန်၍ အမှုမှာ ပိုမိုရှုပ်ထွေးလာ

ပြီးခဲ့သည့် ဧပြီ ၂၃ ရက် ညက ပြည် န၀ဒေး တံတားအောက် သောင်ပြင်သို့ လာရောက်သည့် သမီးရည်းစား စုံတွဲအား ပစ္စည်းလုယက် တိုက်ခိုက်၍ အမျိုးသားဖြစ်သူ သေဆုံးသွားသည့် လူသတ်မှု ဖြစ်စဉ်မှာ မေ ၂၃ ရက်တွင် တစ်လပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း တရားခံဟု စွပ်စွဲခံရသော တပ်မတော်သား သုံးဦးက ငြင်းဆန်၍ အမှုမှာ ပိုမိုရှုပ်ထွေးလာကြောင်း သိရှိရပါသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများဟု သံသယရှိသည့် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသောညက ဆင်စုရပ်ကွက်နေ ပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့သော တပ်မတော်သား သုံးဦးကို ပြည်မြို့၊ မြို့မရဲစခန်းတွင် (ပ)၂၉၄/၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၂၅ အရ အမှုဖွင့်လှစ်ထားကြောင်း သိရပြီး ၄င်းတပ်မတော်သား သုံးဦးအား မိခင်တပ်ရင်းဖြစ်သည့် ခရလ (၇၅)၊ တပ်တွင်းအချုပ်၌ ဖမ်းဆီး ထိန်းသိမ်းထားကာ အဆိုပါ တပ်မတော်သားများမှ ပြစ်မှုကျူးလွန်သူများ မဟုတ်ဟု ငြင်းဆိုမှုများ ရှိခဲ့သည့်အတွက် အမှုမှာ ပိုမိုရှုပ်ထွေးလာခဲ့ရာ ယင်းအမှုကို ဧပြီ ၃၀ ရက်မှစကာ စီအိုင်ဒီမှ လွှဲပြောင်းယူခဲ့ပြီး ယနေ့တိုင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးနေစဉ်အတွင်း အရပ်သားများကို စစ်တပ်သို့ မကြာခဏ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့် အနီးဆုံးအနေဖြင့် မေ ၂၁ ရက်ည၌ ပြည်မြို့၊ ရွှေလက်လှရပ်ကွက်မှ လူငယ်ခြောက်ဦးအား စရဖအဖွဲ့မှ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါအမှုနှင့် ပတ်သက်၍ ပြည်မြို့ (Southern Star) စားသောက်ဆိုင်မှ ၀န်ထမ်းများအားလည်း ခေါ်ယူစစ်ဆေးခဲ့ကာ ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုတင်မိုးဇော်(၃၇)နှစ်မှာ ယင်း၏ ဆွေမျိုးများရှိရာ ကျောက်ပန်းတောင်း၊ ကန်လွန်တောင်ရွာသို့ သွားရောက်နေစဉ် မေ ၁၆ ရက်၌ ကျောက်ပန်းတောင်း ရဲစခန်းမှ ပြည်မြို့၊ ခလရ (၇၅)တပ် နယ်မြေအား ကျူးကျော်ဝင်ရောက်မှုဖြင့် ပြည်ရဲစခန်းမှ အမှုလွှဲလိုက်သည်ဆိုကာ လာရောက်ခေါ်ဆောင် သွားခဲ့ကြောင်းနှင့် ခေါ်ဆောင်သွားသည့် မေ ၁၆ ရက်မှစကာ ယနေ့အထိ ၎င်းမှာ မိသားစုနှင့် အဆက်အသွယ် မရရှိကြောင်း သိရသည်။

''ကျွန်မအမျိုးသား ဖြစ်သူက မေ ၄ ရက် က အညာက ဆွေမျိုးတွေဆီကို နှမ်းကူစိုက်ပေးဖို့အတွက် သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်ကို ခွင့်တင်ပြီး သွားခဲ့ပါတယ်။ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ သူ့ဆီက ဖုန်းလာတယ်။ သူ့ကို ကျောက်ပန်းတောင်း ရဲစခန်းကနေ လာခေါ်တဲ့အကြောင်း၊ ခေါ်ရတဲ့အကြောင်းက ခလရ (၇၅) တပ်နယ်မြေကို ဧပြီ ၂၆ ရက်က ကျူးကျော်မှုနဲ့ ပြည်ရဲစခန်းမှာ တပ်ကနေ တရားလို ပြုလုပ်ပြီး ပုဒ်မ-၄၄၇ နဲ့အမှုဖွင့်ထားတဲ့ အတွက်လို့ ပြောတယ်။ အဲဒီနောက် သူ့ဆီက ဘာသတင်းမှ မကြားရတော့ဘူး။ ကျောက်ပန်းတောင်းက အမျိုးတွေ စခန်းကိုလိုက်သွားပြီး စုံစမ်းတော့လည်း စခန်းမှာ မရှိဘူးလို့ သိရတယ်။ ပြည်ရဲစခန်းကို စုံစမ်းပြန်တော့လည်း မရှိဘူးပြောတယ်။ ခေါ်သွားတဲ့နေ့ကနေ ဒီကနေ့ဆိုရင် တစ်ပတ်ပြည့်ပြီ။ ဘာသတင်း အစအနမှ မရဘူး။ ပြည်ရဲစခန်းကတော့ ပုဒ်မ-၄၄၇ နဲ့ဆိုရင် ၂၄ နာရီအတွင်း အာမခံပေးလို့ ရတယ်လို့ ပြောတယ်။ ကျွန်မ အမျိုးသားက အဲဒီ ၇၅ နားက ရွာတွေမှာ အမျိုးတွေ ရှိတဲ့အတွက် အရင်ကလည်း ဒီလိုပဲ သွားလာနေခဲ့တာပဲ။ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ အခု ကျွန်မအမျိုးသားအတွက် သောကရောက်နေရတယ်'' ဟု ကျောက်ပန်းတောင်း ရဲစခန်းမှ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသူ ကိုတင်မိုးဇော်၏ဇနီး မမဉ္ဇူအောင်က ပြောပါသည်။

အဆိုပါအမှုတွင် ပြစ်မှုကျူးလွန်ခြင်း ခံခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်လာခဲ့သူ မအိဇင်မိုကိုမှလည်း ''အခု မေ ၂၃ ရက်ဆိုရင် တစ်လပြည့်ပြီ။ တရားခံ အစစ်အမှန်ကို ပေါ်စေချင်လှပါပြီ။ ကျွန်မရဲ့အဖေ ဦးမြင့်ကိုကိုလည်း ၂၀ ရက်နေ့က နေပြည်တော်က ရောက်နေတဲ့ တာဝန်ရှိသူတွေက ခလရ (၇၅) ရိပ်သာမှာ ခေါ်ပြီးစစ်တယ်။ သူတို့ အပြောအရ နေပြည်တော်ကို တင်ရဖို့လို့ ပြောတယ်။ နောက်ပြီး ရပ်ကွက်ထဲက လူတွေကိုလည်း စရဖကနေ ခေါ်ခေါ်စစ်တယ်လို့ ကြားတယ်။ အဲဒီအတွက် ရပ်ကွက်ထဲက လူတချို့က ကျွန်မတို့အပေါ်ကို အမြင်မကြည်ကြဘူး။ အဲဒီအတွက် စိတ်မကောင်းဖြစ်ရတယ်။ အခု သူတို့တွေ ခေါ်စစ်နေတာကလည်း ကျွန်မတို့ အပြောကြောင့် မဟုတ်ဘူး။ သူတို့ဘာသာစစ်တာ။ ဘယ်လိုပဲဖြစ်ဖြစ် တရားခံ အစစ်အမှန် ကိုပေါ်စေချင်ပါပြီ'' ဟု ပြောပါသည်။

ယခုလို အရပ်ဘက် သက်သေများအား မကြာခဏ ခေါ်ယူစစ်ဆေးနေခြင်းနှင့် ပတ်သက်၍ ဒေသခံများမှလည်း စိုးရိမ်လျက် ရှိကြောင်းနှင့် တစ်လပြည့်သည့်တိုင် ၎င်းအမှုနှင့်စပ်လျဉ်း၍ တရားခံ အစစ်အမှန်အား ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့်အတွက် အချိန်ကြာမြင့်လာသည်နှင့်အမျှ အမှုမှေးမှိန် သွားမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။


EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1