Wednesday, June 5, 2013

တေးရေးကေအေတီ သို့မဟုတ် ကဗျာဆရာ ကျော်အောင်သစ်၏ နောက်ဆုံးခရီး

Ever November | 6/05/2013 10:57:00 AM | Best Blogger Tips

ဂီတလောကမှာ အောင်မြင် ကျော်ကြားခဲ့တဲ့အချစ်သီချင်းကောင်းများစွာကို ရေးစပ်ခဲ့တဲ့ တေးရေး ကေအေတီရဲ့ ရုပ်ကလာပ်ကို ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီမှာ ရေဝေး သုသာန်မှာ မီးသင်္ဂြိုဟ် ခဲ့ပါတယ်။
တေးရေး ကေအေတီဟာ ဇွန်လ ၁ ရက်နေ့ ညနေ ၃ နာရီကျော်မှာ ရန်ကုန်မြို့ သျှင်ပါကူ အထူး ကုဆေးရုံမှာ နှလုံးရောဂါနဲ့ အသက် ၄၈ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ တေးရေးသူ တစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ဈာပနကို သူနဲ့ လက်တွဲ ညီခဲ့ကြတဲ့ အနုပညာရှင် အတော်များများ လာရောက် ခဲ့ကြပါတယ်။
၁၉၉၀ ပြည့်နှစ်ကျော် ကာလများက သူ ရေးသားခဲ့တဲ့ သီချင်း အများစုကို သီဆိုပြီး အောင်မြင်ခဲ့တဲ့ တေးသံရှင် လေးဖြူ အပါအ၀င် Iron Cross အဖွဲ့သားတွေ ဖြစ်တဲ့ အငဲ၊ ဝိုင်ဝိုင်း၊ ချစ်စမ်းမောင်၊ ခင်မောင်သန့် တို့ကို တွေ့ရသလို R.ဇာနည်၊ သအို၊ ဂျီလတ်၊ ရန်ရန်ချန်း၊ အရိုး၊ ဂျေမောင်မောင်၊ ဟန်ထွန်း၊ လင်းလင်း စတဲ့ ဂီတလောက သားတွေကို စုံစုံညီညီ တွေ့ရပါတယ်။
Melody World သီချင်းဆို ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင် တစ်ယောက်အဖြစ် ဆောင်ရွက်နေတဲ့ အတွက် အဆိုပြိုင်ပွဲမှာ ဆုရ သွားခဲ့ကြတဲ့ နီနီခင်ဇော်၊ ဖြိုးပြည့်စုံ၊ ခင်စုစုနိုင်၊ သူရ၊ အိစက်ညက်ညော တို့ကိုလည်း တွေ့ရပါတယ်။ ၁၉၉၀ ကျော် ကာလများ ဆီက ကေအေတီရယ်လို့ နာမည်ရ တေးရေးဆရာ တစ်ယောက် မဖြစ်ခင်မှာ သူနဲ့ လက်တွဲ အညီဆုံး အဆိုတော် ကတော့ လေးဖြူပါ။
လေးဖြူရဲ့ ပထမဆုံး တစ်ကိုယ်တော် စီးရီး မသွင်းခင် လေးဖြူရဲ့ကိုယ်စား သူက ရန်ကုန်ကို ဆင်းလာပြီး လင်းစတူဒီယို မှာ သီချင်းသွင်းဖို့ လာရောက် စီစဉ်ခဲ့ ပါတယ်။ ထိုစဉ်က အကြောင်းနဲ့ ပတ်သက်ပြီး Iron Cross တေးဂီတအဖွဲ့က ချစ်စမ်းမောင်က “အဲဒီအချိန်က ၁၉၉၃ ခုနှစ်လောက်ပေါ့။ သူက လေးဖြူ ကိုယ်စား ရန်ကုန်ကို ဆင်းလာပြီး လင်းစတူဒီယိုမှာ သီချင်းသွင်းဖို့ လာရောက် စီစဉ်တာပါ။ အဲဒီအချိန်တုန်းက မိုးတွေကလည်း အရမ်း ရွာနေတယ်။ မိုးရေတွေ စိုရွှဲနေတဲ့ သူ့မျက်နှာလေးကို အခုထက်ထိ မြင်ယောင် နေပါသေးတယ်” လို့ အမှတ်တရ ပြန်ပြောင်း ပြောပြပါတယ်။
ကေအေတီရေးသားခဲ့တဲ့ သီချင်းတွေထဲမှာ ချစ်သူများနေ့ အမှတ်တရအဖြစ် သူကိုယ်တိုင် စီစဉ် ထုတ်ဝေခဲ့တဲ့ ‘တို့ရဲ့ ချစ်သူများနေ့အမှတ်တရ’ စီးရီးထဲက သီချင်းတွေကိုတော့ ပရိသတ်တွေ အမြဲ အမှတ်ရ နေကြဦးမှာပါ။ အဆိုပါ တေးစီးရီး ထဲက ‘ရင်ခွင်ပျောက်သူ’ သီချင်းနဲ့ ပရိသတ် လက်ခံ တဲ့ တေးသံရှင်တစ်ယောက် ဖြစ်ခဲ့တဲ့ ဟန်ထွန်းကလည်း “သူနဲ့ကျွန်တော်က Morning Star လက်ဖက်ရည်ဆိုင်မှာ အတူတူ ထိုင်နေကျပါ။ သူဒီလိုမျိုး ဖြစ် သွားတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းနည်း ရပါတယ်။
ဆုံးပါးသွားပြီ ဆိုတာကို ကိုယ်တိုင် မြင်ရလို့သာ ယုံလိုက်ရတာ။ မယုံချင်ပါဘူး” ဟု ဝမ်းနည်းစကား ဆိုသည်။ ကေအေတီဟာ ကော်ပီသီချင်း အများစုကို ရေးခဲ့တဲ့ တေးရေးဆရာ တစ်ယောက်ဖြစ်ပေမယ့် သူရေးခဲ့တဲ့ စာသားတွေက သူ့အတွက် သင်ခန်းစာတွေပါပဲလို့ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို ရေးသား တဲ့ တေးရေး အရိုးက ဆိုပါတယ်။
“ဦးလေးက ကျွန်တော်လေးစား ရတဲ့ တေးရေးဆရာ တစ်ယောက်ဖြစ်သလို ကျွန်တော်က သူရေးခဲ့တဲ့ ကဗျာတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ် တစ်ယောက်ပါ။ သူနဲ့ပတ်သက်တဲ့ အမှတ်တရ ကတော့ သူ့သီချင်းတွေပေါ့ဗျာ။နောက်ပြီး Morning Star ရှေ့မှာ ခြင်းလုံး ခတ်နေတဲ့ သူ့ရဲ့ပုံလေးကို အခုထိ မြင်ယောင်နေပါသေးတယ်” လို့ အရိုးက ဆိုပါတယ်။ သီချင်းဆို ပြိုင်ပွဲတွေထဲမှာ အောင်မြင်တဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ သံစဉ်များနဲ့ကမ္ဘာ အစီအစဉ်စတဲ့ အချိန်ကနေ ယခု လက်ရှိအထိ အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ် ဆောင်ရွက်နေတဲ့ ကေအေတီ အတွက် အဆိုပါ အစီအစဉ်ရဲ့ တင်ဆက်သူ တစ်ယောက်ဖြစ် တဲ့ သရုပ်ဆောင် ရီဝေယံ ကလည်း “သူက နှလုံးသား နူးညံ့တယ်ဗျ။
သူ့သီချင်းတွေကို ကြည့်ရင် ဒီအချက်က သိသာပါတယ်။ Melody World အစီအစဉ်ကနေ အဆိုရှင် သစ်တွေ ပေါ်ပေါက်လာဖို့ မြေတောင်မြှောက် ပေးနေတဲ့သူ တစ်ယောက် ဖြစ် တဲ့အတွက် နောက်တက်လာတဲ့ လူငယ်တွေအဖို့တော့ ဆုံးရှုံးမှုကြီး တစ်ခု ပါပဲ” လို့ ဆိုပါတယ်။ သီချင်းတွေရေးတာအပြင် ကဗျာဆရာ ကျော်အောင်သစ် အဖြစ်နဲ့ ကဗျာတွေ လည်းရေးပြီး သူ့ရဲ့ ဇာတိကတော့ မုံရွာမြို့ပါ။ မုံရွာသားချင်းတူတဲ့ အတွက် ကေအေတီက သူ့ကို အကူအညီ အများကြီး ပေးခဲ့တဲ့အပြင် မုံရွာမြို့ အကြောင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို မကြာခဏ ပြောဖြစ်ကြတယ် လို့ တေးရေးဆရာ စံပီးက ဆိုပါတယ်။
အမှတ်တရ အဖြစ်အပျက်တွေ အကြောင်းကို “သူနဲ့ ကျွန်တော်က ဒီရက်ပိုင်း မှာ တော်တော်လေး အထိအတွေ့ရှိတယ်။ သူ့တပည့်တွေအတွက် သီချင်းတွေ လာအပ်တယ်။ ဒီလိုဖြစ်သွားတာ မယုံနိုင်အောင်ပါပဲ။ သူက မုံရွာ အလက (၃) မှာ တက်တယ်။ ကျွန်တော်က မုံရွာ အထက (၁) မှာတက်တဲ့ အတွက် မုံရွာမြို့အကြောင်း ပြောဖြစ်ခဲ့တာတွေကတော့ အမှတ်တရဖြစ်နေ မှာပါ” လို့ သူက ဆိုပါတယ်။
ကေအေတီရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်တဲ့သူတွေအားလုံး အမည်းရောင် တီရှပ် ကိုယ်စီ ဝတ်ထားကြပါတယ်။ အဲဒီ တီရှပ်တွေပေါ် မှာတော့ ‘ရာဇဝင်တွေကို အသေအချာပြန် ဆန်းစစ်ကြည့်ရင် ကျရှုံးခဲ့ သူတွေကလည်း အောင်နိုင်သူတွေအပေါ် နည်းနည်းတော့ သြဇာညောင်း မှာပါလို့ ရေးသားထားပါတယ်။ 

The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1