Wednesday, June 5, 2013

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း

Ever November | 6/05/2013 09:34:00 AM | Best Blogger Tips
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright ကို ဗွီအိုအေက သီးသန့်တွေ့ဆုံမေးမြန်းနေစဉ် (ဓာတ်ပုံ - ဗွီအိုအေ မြန်မာပိုင်း)

ဒီကနေ့ ရန်ကုန်မြို့ ပြည်လမ်းမှာ ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်ခန်းမကြီးထဲမှာ လာရောက်ပြီးတော့ မိန့်ခွန်းပြောကြားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ National Democratic Institute NDI ရဲ့ ဥက္ကဌ မက်ဒလင်း အောဘရိုက် (Madeleine Albright) ကို ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း က သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
 
မေး ။ ။ ပထမဆုံးအနေနဲ့ ၁၈ နှစ်ကြာပြီးတဲ့နောက် မြန်မာနိုင်ငံဆီ ပြန်လာရတာ ဘယ်လိုများ ထူးခြားမှုရှိပါသလဲခင်ဗျာ။
 
ဖြေ ။  ။ “တကယ့်ကို ကောင်းမွန်ပြည့်စုံတဲ့ ပြုစု စောင့်ရှောက်မှုလို့ ကျမပြောရပါမယ်။ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို တချိန်လုံး ကျမ စောင့်ကြည့်ခဲ့ပါတယ်။ ခက်ခဲတဲ့အပိုင်းတွေကို ကြည့်ခဲ့ရပြီးတဲ့နောက် အခုအခါမှာတော့ အပြောင်းအလဲတချို့ ဖြစ်လာခဲ့တာကို ကျေနပ် ပျော်ရွှင်စွာ တွေ့ရပါတယ်။ ဒါကြောင့် အခုလို ပြန်လာရတာကို ကျမ သိပ်ဝမ်းသာသလို၊ ကျယ်ပြန့်တဲ့ ကဏ္ဍပေါင်းစုံက လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ပြောဆိုခွင့်ရတာကိုလည်း ၀မ်းသာပါတယ်။ ပထမအကြိမ် ကျမ ဒီကိုလာတုန်းက အစိုးရတာဝန်ရှိသူတွေရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေနဲ့သာမက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက လူတွေ၊ အမျိုးသမီးရေးအဖွဲ့တွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘာသာရေးအဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရပါတယ်။ ဒါကြောင့် ကျမအတွက် ပိုပြီး ပြည့်စုံကောင်းမွန်တဲ့ အခြေအနေ ပုံရိပ်ကို သိရပြီး ကောင်းမွန်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။”
 

ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မေး ။          ။ အခုဆိုရင် အစိုးရအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကဏ္ဍပေါင်းစုံက လူတွေနဲ့ တွေ့ဆုံခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် လူတွေ အသိချင်ကြဆုံး ကိစ္စတစ်ခုကတော့ အပြောင်းအလဲတွေဟာ နောက်ကြောင်း ပြန်လှည့်သွားနိုင်သေးလား ဆိုတာပါ။ အဲ့ဒါနဲ့ပတ်သက်ပြီး ဘယ်လိုများ လေ့လာသုံးသပ်မိပါလဲ။

ဖြေ။            ။ “သူတို့ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရောက်နေပြီလို့ ကျမထင်ပါတယ်။ ကျမကိုယ်တိုင်ရဲ့ အတွေးခံစားချက်ကတော့ ဒါဟာ နောက်ကြောင်းပြန် ပြောင်းပြန်လှန်လို့ မရနိုင်တော့ပါဘူး။ ဒါပေမဲ့ ဒါကို ဘယ်သူမှ ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဖြစ်ရပ်တွေမှာက အားအင်တွေ ပါနေလို့ပါ။ ဒါပေမဲ့ ကျမ မျှော်လင့်ချက်အပြည့်နဲ့ ယုံကြည်မှုရှိပါတယ်။ ကျမစကားပြောခဲ့တဲ့ အဖွဲ့အစည်း အားလုံးကနေ ရတဲ့ အတွေးခံစားချက်ကတော့ သူတို့တွေဟာ ပြဿနာတွေကို မြင်နေတဲ့ တချိန်ထဲမှာပဲ အဖြေကိုလည်း ရှာနေကြတယ်ဆိုတာပါ။ သူတို့ကိုယ်တိုင်ရဲ့ အမှားတွေကနေသာမက တခြားနိုင်ငံတွေဆီကပါ နမူနာယူပြီး သင်ယူနိုင်မယ့် နည်းလမ်းတွေကို ရှာနေကြတာပါ။ ဒါကြောင့် သူတို့ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ကျမထင်ပါတယ်။ သူတို့ဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံအားပေးမှု လိုအပ်ပါတယ်။ သင်တန်းတွေပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ် အကူအညီ မျိုးစုံကို သူတို့လိုအပ်ပါတယ်။ တချို့ကိစ္စကတော့ သိသာ ထင်ရှားစွာပဲ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး အထောက်အပံ့တွေ လိုအပ်ပါတယ်။ သူတို့မှာ ဆင်းရဲ ချမ်းသာ ကွာဟမှု သိပ်ကို ကြီးမားပြီးတော့ လူတွေမှာ မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။ ဒါကြောင့် အဲဒီ မျှော်လင့်ချက်တွေကို ပြည့်မီအောင် ဘယ်လိုလုပ်မယ်ဆိုတာ နည်းလမ်းရှာဖို့လိုပါတယ်။”

မေး။           ။ မြန်မာနိုင်ငံ နောက်ကြောင်း ပြန်မလှည့်အောင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဘာတွေ ပိုပြီး လုပ်သင့်ပါသလဲ။

ဖြေ။            ။ “အမေရိကန် ပြည်ထောင်စု တစ်ခုထဲ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ပေါ့ပေးခဲ့ပါတယ်၊ သံတမန်တွေ အပြန်အလှန် ဖလှယ်ခဲ့ကြပါတယ်၊ သမ္မတ အိုဘားမား ဒီကိုလာခဲ့ပါတယ်၊ သမ္မတ ဦးသိန်းစိန် က အမေရိကန် ပြည်ထောင်စုကို သွားခဲ့ပါတယ်၊ အမျိုးစုံသော ထောက်ခံ အားပေးမှုတွေကို ကျမတို့ပေးနေတယ်လို့ ထင်ပါတယ်။ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID ဒီမှာ ရှိနေပြီဖြစ်သလို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလည်း ရောက်လာကြပါပြီ။ ကျမဟာ National Democratic Institute ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌပါ။ ကျမတို့အနေနဲ့ ဒီက အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေကို သင်တန်းတွေ ပေးပြီးတော့ ကူညီနေပါတယ်။ ဒါ့အပြင် အပြန်အလှန် ဖလှယ်ရေး အစီအစဉ်နဲ့ မြန်မာနိုင်ငံက လူတွေကို အမေရိကန် ပြည်ထောင်စုမှာ လာပြီး လေ့လာဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် ကျမတို့ အများကြီး လုပ်နေတယ်လို့ ကျမထင်ပါတယ်။”


မေး။           ။ အရင်တုန်းက မျှော်လင့်မထားခဲ့တဲ့ အပြောင်းအလဲ တစ်ခုခုကိုများ တွေ့ကြုံခဲ့ရပါသလား၊ သတိထားမိခဲ့ပါသလား။

ဖြေ။            ။ “စိတ်ဝင်စားစရာကောင်းတာအဖြစ် အရင်က ကျမ မတွေ့ခဲ့ဖူးဘဲ အခုတွေ့ရတာကတော့ အတူတကွ လုပ်ဆောင်ကြဖို့ ဆန္ဒရှိနေတာကိုပါ။ လူအများအပြားနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျမ မတွေ့ရသေးဘဲ အခုလိုပြောရတာ သိပ်မျှတတယ်လို့တော့ ကျမ မထင်ပါဘူး။ အခြေအနေတွေဟာ မှားယွင်းခဲ့ပြီး မတူကွဲပြားတဲ့ တစ်ခုခုတော့ လုပ်ရမယ်၊ လွန်ခဲ့တဲ့ ၁၈ နှစ်က လုပ်ခဲ့သလိုမျိုး လူတွေကို ဖိနှိပ်လို့ မဖြစ်နိုင်ဘူးဆိုတာကို အသိအမှတ်ပြု လက်ခံတာမျိုး ရှိတယ်လို့လည်း ကျမထင်ပါတယ်။ တိုင်းပြည်ရဲ့ ကွဲပြား ခြားနားမှုတွေကို အသိအမှတ်ပြုပြီး အဲဒီပေါ်မှာ တည်ဆောက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တိုးတက်ထွန်းကားလာမယ်ဆိုတာကို အသိအမှတ်ပြုလာတယ်လို့ ကျမထင်ပါတယ်။”

မေး။           ။ မစ္စ အော ဘရိုက်ဟာ မြောက်ကိုရီးယားနိုင်ငံဆီ သွားရောက်ခဲ့တဲ့ အမေရိကန် အစိုးရအဖွဲ့ဝင် အဆင့် အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အရင်တုန်းက မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ အဆက်အဆံတွေရှိခဲ့ပါတယ်။ အခု အချိန်မှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ လျှို့ဝှက် စစ်ရေးဆက်ဆံမှု ရှိနေသလား ဆိုတာအပေါ် ဘယ်လောက်ထိ စိုးရိမ်သင့်ပါသလဲ။

ဖြေ။            ။ “အဲဒါကို ကျမ မသိနိုင်ပါဘူး။ ဒါပေမဲ့ သမ္မတ အိုဘားမားပြောခဲ့သလိုပဲ မြောက်ကိုရီးယားဟာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘူးဆိုတာ သေချာအောင် လုပ်ရမယ်လို့တော့ ကျမတကယ့်ကို ထင်ပါတယ်။ နျူကလီးယားလက်နက် ကင်းမဲ့တဲ့ ကိုရီးယား ကျွန်းဆွယ်ကို ကျမတို့ မြင်ချင်ပါတယ်။ မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့တဲ့ နည်းလမ်းနဲ့ အရေးယူထား တာတွေလည်းရှိနေပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာမှာ နာမည်ကောင်းနဲ့ ရပ်တည်တဲ့ နိုင်ငံတစ်ခုဖြစ်ချင်တယ်ဆိုရင်ဖြင့် ချမှတ် ထားတဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။”

မေး။           ။ မစ္စ အော ဘရိုက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးပါ။ မြန်မာနိုင်ငံမှာ အခုဆိုရင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေ၊ မျိုးဆက်သစ် အမျိုးသမီးခေါင်းဆောင်တွေ ရှိနေပါပြီ။ သူတို့တွေအတွက် ဘယ်လို အကြံပြုချက်များ ပေးချင်ပါသလဲခင်ဗျာ။

ဖြေ။            ။ “အမျိုးသမီးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ တွေ့ဆုံပွဲတွေ ကျမရခဲ့ပါတယ်။ မြန်မာနိုင်ငံ တကယ်တမ်း တိုးတက်ထွန်းကားဖို့ဆိုရင် နိုင်ငံရေးမှာရော စီးပွားရေးမှာပါ အမျိုးသမီးတွေရဲ့ ကြီးမားတဲ့ပါဝင်မှု ရှိရမယ်လို့ ကျမထင်ပါတယ်။ ကျမဟာ အမျိုးသမီးတစ်ယောက်ဖြစ်လို့၊ အမျိုးသမီးဝါဒီတစ်ယောက်ဖြစ်လို့ ဒါကို ပြောတာမဟုတ်ပါ ဘူး။ ဒါပေမဲ့ လူဦးရေရဲ့ ထက်ဝက်က အမျိုးသမီးတွေဖြစ်နေပြီး သူတို့ရဲ့အစွမ်းအစကို အသုံးမပြုဘူးဆိုရင်တော့ ဒါဟာ အရင်းအမြစ် တွေကို အလဟဿလုပ်ပစ်တာပါပဲ။ ဒါကြောင့် အမျိုးသမီးတွေ နိုင်ငံရေးထဲမှာ ရှိရပါမယ်၊ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ပြီး စီးပွားရေးမှာ ကူညီရပါမယ်။ အမျိုးသားတွေအနေနဲ့ ဒါဟာ တိုင်းပြည်အတွက် ပိုကောင်းစေတယ်ဆိုတာကို နားလည်ရပါမယ်။ ဒါပေမဲ့ အခွင့်အလန်းတွေကို ဖန်တီးပေးရမှာဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့ အဲဒီအခွင့်အလန်းတွေကို ရယူနိုင်စေရပါမယ်။ ဒါကြောင့် အမျိုးသမီးအဖွဲ့တွေနဲ့ တွေ့ရတာ ကျမတော့ သိပ်ကိုဝမ်းသာပါတယ်။” 
VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1