Tuesday, February 4, 2014

ချန်ပီယံ လုပွဲတွင် မန်စီးတီးကို အစ်တီဟတ်၌ အလဲ ထိုးလိုက်သည့် ချယ်လ်ဆီး

Ever November | 2/04/2014 11:59:00 AM | Best Blogger Tips
မန်ချက်စတာ စီးတီး အသင်း အနေဖြင့် ချယ်လ်ဆီးကို အရေး နိမ့်လိုက်သည့်နောက် ယခုရာသီ အိမ်ကွင်းပွဲစဉ် အားလုံး အနိုင် ရရှိထားသည့် စံချိန်ကောင်း ကျိုးပျက်သွားပြီ ဖြစ်သည်။
အမှတ်ပေး ချန်ပီယံဆု လုပွဲအတွက် အဓိက အရေးအပါဆုံး ပွဲစဉ် တစ်ခုဖြစ်သည့် အစ်တီဟတ် တိုက်ပွဲတွင် မန်စီးတီး အနေဖြင့် အယ်လ်ဗာရိုနီဂရီဒို၊ အီဒင်ဂျက်ကို၊ ဒေးဗစ်ဆေးလ်ဗား၊ ယာယာတိုရေး၊ ဂျီးဆက်စ်နာဗက်စ်၊ မာတင်ဒီမစ်ချယ်လစ်၊ အလက်ဇန္ဒားကို လာရော့ဗ်၊ မာတီယာ နက်စ်တာဆစ်၊ ဗင်းဆင့်ကွမ်ပနီ၊ ပက်ဘလို ဇာဘလက်တာတို့ဖြင့် ပွဲထွက်ခဲ့သည်။ ချယ်လ်ဆီးကမူ ခံစစ်ကို အားပြုခဲ့ပြီး အီဒင်ဟာဇက်၊ ဆမ်မြူရယ်လ်အီတူး၊ ဝီလျံ၊ နီမန်ယာမာတစ်၊ ဒေးဗစ်လုဇ်၊ ရာမီရက်စ်၊ ဆီဇာအက်ဇ်ပီကွိုင်တာ၊ ဂျွန်တယ်ရီ၊ ဂယ်ရီကာဟေးလ်၊ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့ကို အသုံးပြု ခင်းကျင်းခဲ့သည်။
ပွဲအစ (၂)မိနစ်တွင် ချယ်လ်ဆီးအသင်း အထနှေးနေမှုမှ တစ်ဆင့် တိုရေးက ခင်းပေးလိုက်သော ဘောလုံးကို နီဂရီဒို ဧရိယာထဲ ဆွဲပြေးပြီး ကန်သွင်းသော်လည်း ဂိုးပေါက် လွဲသွားသည်။ (၉)မိနစ်တွင် ကိုလာရော့ဗ် အကောင်းဆုံး ဖြတ်တင်ပေးသည့် ဘောလုံးကို တိုရေး အနည်းငယ် နောက်ကျသဖြင့် အပိုင်အခွင့်အရေးတစ်ရပ် လွဲချော်သွားပြန်သည်။ ပထမပိုင်းတွင် မန်စီးတီးက တိုက်စစ်ကို ပိုမိုပုံဖော် ကစားနိုင်ပြီး (၁၅)မိနစ်တွင် ဇာဘလက်တာ ချပေးသော ဘောလုံးအား တိုရေး ဧရိယာ အပြင်ဘက်မှ ကန်သွင်းမှု ဂိုးဘားတန်းပေါ် ကျော်သွားသည်။ (၁၈)မိနစ်တွင် တိုရေးက ချယ်လ်ဆီး ခံစစ်မှူးများကြား အနာခံဝင်တိုးကာ ဂိုးရှေ့ ချိုးပေးလိုက်သည်ကို ဆေးလ်ဗား အပိုင်ကန်ခွင့်ရသော်လည်း ဂိုးတိုင်ဘေး ထွက်သွားခဲ့သည်။ (၂၆)မိနစ်တွင် ချယ်လ်ဆီး၏ တန်ပြန်တိုက်စစ်မှတစ်ဆင့် ဝီလျံ ဆွဲပြေးလာပြီး ဘယ်ဖက်မှ ကပ်ပါလာသည့် ရာမီရက်စ်ကို ချပေးရာ ရာမီရက်စ် အလိုက်သင့် ကန်သွင်းသော်လည်း မန်စီးတီးဂိုးသမား ဂျိုးဟတ် ပုတ်ထုတ် ကာကွယ်သွားခဲ့သည်။ (၃၁)မိနစ်တွင် ဟာဇက် ချိုးပေးသည်ကို ရာမီရက်စ် ကန်သွင်းမှု လျှံထွက်လာသော်လည်း တိုက်စစ်ထိ လိုက်ပါလာသည့် ညာနောက်ခံလူ အိုင်ဗန်နိုဗစ်က ဧရိယာ အပြင်ဘက်နားမှတစ်ဆင့် ဘယ်ခြေဖြင့် အပြင်းကန်သွင်းပြီး ချယ်လ်ဆီးတို့ ဦးဆောင်ဂိုး ရခဲ့သည်။ (၄၃)မိနစ်တွင် ဟာဇက်ချိုးပေးသော ဘောလုံးကို ဂိုးသမား မရှိတော့သည့် ဂိုးပေါက်ထဲ အီတူးကန်သွင်းခွင့် ရသော်လည်း ဂိုးဘားတန်း ထိထွက်သွားသဖြင့် မန်စီးတီးတို့ သက်သာရာ ရခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် ချယ်လ်ဆီးအနေဖြင့် ဟာဇက်၊ ရာမီရက်စ်တို့၏ မြန်နှုန်းကို အားပြုပြီး တန်ပြန်တိုက်စစ် ပိုကစားလာကာ (၄၈)မိနစ်တွင် အိုင်ဗန်နိုဗစ် ဖြတ်ပို့သော ဘောလုံး လျှံထွက်လာသည်ကို ဟာဇက်က ကိုယ်တိုင်မကန်ဘဲ နောက်မှ အသင်းဖော်တစ်ဦး ပါလာသည်အမှတ်ဖြင့် ပြန်ချပေးလိုက်သဖြင့် အခွင့်အလမ်းတစ်ကြိမ် လက်လွတ်သွားသည်။ မိနစ်(၅၀)တွင် ဧရိယာထဲမှ တိုရေး ချိုးကန်သောဘောလုံး တိုင်ဘေးမှ ကပ်ထွက်သွားသဖြင့် မန်စီးတီးတို့ ချေပဂိုးနှင့် လွဲခဲ့ပြန်သည်။ (၅၂)မိနစ်တွင် ဝီလျံချပေးသည်ကို မာတစ် အဝေးမှ အလစ်လှမ်းကန်ရာ ဂိုးဘားတန်းထောင့်နှင့် ထိထွက်သွားသဖြင့် ချယ်လ်ဆီးတို့ ဒုတိယအကြိမ်မြောက် တိုင်ထိပြီး စိတ်ပျက်စရာ ဖြစ်ခဲ့သည်။ (၆၇)မိနစ်တွင် ဝီလျံ၏ ထောင့်ကန်ဘောကို ကာဟေးလ် အပိုင်ခေါင်းတိုက်သော်လည်း ချယ်လ်ဆီးအတွက် နစ်နာမှုအဖြစ် ယခုပွဲတွင် တတိယအကြိမ်မြောက် တိုင်ထိသွားခဲ့ပြန်သည်။ (၆၆)မိနစ်တွင် မန်စီးတီး ညာခြမ်းမှ တိုက်စစ်အစပြုလာပြီး ချယ်လ်ဆီးဂိုးရှေ့၌ ရှုပ်ထွေးသွားသော်လည်း ချယ်လ်ဆီးခံစစ်က လုံးဝ အမှားမခံဘဲ အကောင်းဆုံး ဖျက်ထုတ်ကာကွယ်သွားသည်။ (၇၂)မိနစ်တွင် ဆေးလ်ဗား၏ ပြစ်ဒဏ်ဘောကန်ချက် ကောင်းမွန်သော်လည်း ချယ်လ်ဆီးဂိုးသမား ပီတာဆက်ခ်ျက လက်စွမ်းပြပြီး ပုတ်ထုတ်သွားခဲ့သည်။ နာကျင်အပိုဆောင်းချိန်တွင် မန်စီးတီး လူစားဝင် တိုက်စစ်သမား စတီဗန်ယိုဗီတစ်က အလစ်အငိုက်ဖမ်း ကန်သွင်းသော်လည်း ဆက်ခ်ျက စူးစိုက်မှု အပြည့်ဖြင့် လျင်လျင်မြန်မြန် တုံ့ပြန်ပုတ်ထုတ်သွားပြီး ချယ်လ်ဆီးတို့ ယခုရာသီ မန်စီးတီးကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရဖူးသည့် ပထမဆုံး အသင်းအဖြစ် ဂုဏ်ယူစွာ ရပ်တည်ခွင့်ရရှိခဲ့သည်။
Soccer Myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1