ပေါ်တူဂီသား မန်နေဂျာသည် ယခုရာသီ 
ပရီးမီးယားလိဂ် အိမ်ကွင်းရလဒ် (၁၀၀)ရာခိုင်နှုန်း အနိုင်ဖြင့် 
ဖြတ်သန်းနေသည့် မန်စီးတီးကို အစ်တီဟတ်တွင် (၁-၀)ဖြင့် အနိုင် ရရှိအောင် 
အသင်းကို ဦးဆောင်မှု ပေးခဲ့သည်။ ချယ်လ်ဆီး၏ နိုင်ပွဲကြောင့် ယခုအခါ 
အာဆင်နယ်၊ ချယ်လ်ဆီးနှင့် မန်စီးတီး (၃)သင်းတို့တွင် ချန်ပီယံ ဆုအတွက် 
လန်ဒန်သားတို့ အဓိက ရေပန်းစား လာပြီဟု ခန့်မှန်းမှုများ ထွက်ပေါ် လာသည့်တိုင်
 ယင်းအဆိုကို မော်ရင်ဟိုက ပယ်ချခဲ့သည်။ ယခုအခါ ချယ်လ်ဆီးသည် မန်စီးတီးနှင့်
 အမှတ်တူပြီး ဦးဆောင်သူ အာဆင်နယ်နောက် (၂)မှတ် အကွာတွင် ရှိနေပြီ ဖြစ်သည်။
မော်ရင်ဟိုက "ကျွန်တော်တို့အသင်း အကောင်းဆုံး ကစားနိုင်ခဲ့တယ် ထင်ပါတယ်။ 
ပြိုင်ဘက်ကလည်း တကယ့်ကို အကောင်းဆုံး အသင်းတစ်ခုပါ။ ကျွန်တော့်ချာတိတ်တွေဟာ
 အသင်းကို အကောင်းဆုံး စုဖွဲ့ပြီး ကစားနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်။ 
ဒါပေမဲ့ ကျွန်တော်တို့ အသင်းဟာ နောက်ရာသီလောက်မှ ရေပန်း အစားဆုံး 
အဆင့်မျိုး ဖြစ်လာမှာပါ" ဟု ဆိုသည်။ ၎င်းက "မန်စီးတီးကို အနိုင်ရခဲ့တာဟာ 
သိပ်ကို အရေးကြီးတဲ့ ခြေတစ်လှမ်းပါ။ သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ 
အကောင်းဆုံးအသင်း ဖြစ်ပါတယ်။ သူတို့ကို ကျွန်တော်တို့ နှစ်ကျော့စလုံး 
အနိုင်ရခဲ့တယ်။ မန်စီးတီးဟာ ဂိုးသွင်းခွင့်တွေ ရခဲ့တယ် ဆိုပေမယ့် တကယ်တမ်း 
ပွဲရလဒ် ပြတ်သား သွားလောက်တဲ့ အခွင့်အရေးကောင်းတွေ ကိုတော့ ကျွန်တော်တို့က 
ပိုပြီး ရရှိခဲ့တယ်။ ကစားသမားတွေဟာ အံ့ဩစရာ စိတ်ဓာတ်မာကျောမှုမျိုးနဲ့ 
ကစားခဲ့တယ်။ ဒါဟာ ကျွန်တော် လိုချင်ပါတယ်လို့ ရှင်းပြဖို့ ကြိုးစားနေတဲ့ 
ပုံစံအစစ်ပါပဲ"ဟုလည်း ပြောကြားခဲ့သည်။မော်ရင်ဟိုက "ပွဲမစခင်မှာ ပွဲရလဒ်ဘာဖြစ်မယ် ဆိုတာကို ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။ အထူးသဖြင့် မန်စီးတီး ခြေထဲမှာ ဘောလုံးရှိနေတဲ့ အနေအထားမှာပေါ့။ ဒါပေမဲ့ ချယ်လ်ဆီးတစ်သင်းလုံးဟာ အောက်သက်ကျေကျေ နှိမ့်နှိမ့်ချချပဲ ပွဲကို ချဉ်းကပ်ခဲ့တယ်။ ခံစစ်မှာ အားလုံး စုပေါင်းပြီး အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။ ကိုယ့်ခြေထဲ ဘောလုံးရောက်လာပြီ ဆိုတာနဲ့ ကိုယ့်ကစားကွက်ကို ချက်ချင်းအစပြုတယ်။ ပြီးတော့ ကျွန်တော်တို့ ကစားသွားတာ သိပ်ကောင်းပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။
Ref:skysports
Soccer Myanmar


No comments:
Post a Comment