Friday, February 24, 2012

ဒေါ်စုကို ကချင်ပြည်နယ် လူထုကြိုဆို

November | 2/24/2012 09:44:00 AM | Best Blogger Tips
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကျော်လွတ်တော်ပြင်ပ  နိုင်ငံရေးနဲ့  ပြည်သူ့အကျိုးကို သယ်ပိုးခဲ့ပြီး အခုတော့ လွတ်တော်နိုင်ငံရေးနဲ့   ပြည်သူ့တာဝန်တွေကို ဆက်ထမ်းဆောင်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးခရီးအဖြစ် ဒီကနေ့ ကချင်ပြည်နယ်ကို ရောက်နေတာလည်း ဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အကြောင်းနဲ့အတူ လူထုအပေါ် တိုက်တွန်းချက်တွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။


NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ဒီကနေ့ ဖေဖော်ဝါရီ  ၂၃ နဲ့ ၂၄  အထိ ( ၂)ရက်ကြာ ကချင်ပြည်နယ်ကို ပါတီစည်းရုံးရေးအဖြစ် သွားနေ တာပါ၊ ဒီကနေ့ မြစ်ကြီးနားကနေ နမ္မတီးကို အရင်သွားခဲ့ပြီး နမ္မတီးလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ပါ တယ်။ နောက်တော့ နေ့လည်ပိုင်းမှာမိုးကောင်းမြို့ကို ရောက်လာခဲ့ပြီးမိုးကောင်းမြို့ခံတွေကို  ဒေါ်အောင်ဆန်းစုကြည်က မိန်ခွန်း ပြောပါတယ်၊NLD ဟာ  ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ပါတီ ဖြစ်ပေမယ့် ပြည်သူတာဝန်တွေကို လွှတ်တော် အတွင်းက ထမ်းဆောင်ခွင့် မရခဲ့ပေမယ့် ပါတီရဲ့ ရပ်တည်ချက် တွေကို ခိုင်ခိုင်မာမာနဲ့ ဆက်လုပ် ခဲ့တာတွေ ရှင်းပြခဲ့သလို အခုတော့ မြန်မာနိုင်ငံမှာ လွတ်တော် တရပ်ရှိလာပြီမို့ လွတ်တော်နိုင်ငံရေးနဲ့  ပြည်သူ့အကျိုးကို ဆက်လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  မိုးကောင်း မြို့ခံတွေ ကို ပြောခဲ့ပါတယ်၊
“လွှတ်တော်ပြင်ပ ကနေပြီးတော့ ကျမတို့ အနှစ် နှစ်ဆယ်ကျော် လုပ်ခဲ့တဲ့ နိုင်ငံရေး လမ်းစဉ်ဟာ စဉ်းစား ကြည့်တော့ ၁၉၉၀ ဆိုတာ ခုနေ ရွေးကောက်ပွဲ ဘာအရေးကြီးသလဲ ဆိုတော့ အဲဒီ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ရမယ် ဆိုတဲ့ မျှော်မှန်းချက်နဲ့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၈၈ ခုနှစ်မှာ ဖွဲ့စည်း ပြီးတော့ ပထမဦးဆုံး ဝင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ဒီ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ပါတယ်။ လွှတ်တော်ထဲက နေရာဆိုလို့ရှိရင် ၈၀ ရာခိုင်နှုန်းကျော်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြည်သူတွေရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ခွင့် အဲဒီတုန်းက မရခဲ့ပါဘူး။ အဲဒီတော့ အဲဒီလို လွှတ်တော် အတွင်းက မရခဲ့ဘူးဆိုတော့ လွှတ်တော် မပေါ်ခင်တော့ လွှတ်တော် မရှိတော့ လွှတ်တော် အတွင်းက မလုပ်နိုင်ဘူးပေါ့နော်။ ဒါပေမဲ့ အဲဒီလို မရခဲ့ဘူး ဆိုပေမဲ့လည်း အဖွဲ့ချုပ်က ဘယ်တုန်းကမှ ဇွဲမလျှော့ခဲ့ပါဘူး။ ကျမတို့ မူဝါဒတွေကိုလည်း ကျမတို့ လက်မလွှတ်ခဲ့ဘူး။ ဒီလို ကျမတို့ ရွေးကောက်ပွဲတွေ၊ ကြားဖြတ် ရွေးကောက်ပွဲတွေကို ဝင်ပြီးတော့ ပြည်သူတွေရဲ့ တာဝန်တွေကို ပိုပြီး တော့ ထိထိရောက်ရောက် ထမ်းဆောင်နိုင်ဖို့အတွက် ကြိုးစားမယ်ဆိုပြီးတော့ ကျမတို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။”
အမျိးသားဒီမိုကရေစီအဖွဲချုပ်ဟာ လက်ရှိမှာ နိုင်ငံရေးတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်နေတာ မဟုတ်သေးပေဘူး ဆိုတာကို ရှင်းပြခဲ့သလို လူထုရဲ့ ထောက်ခံမှုနဲ့ ရပ်တည်နေတာဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။
“ အခွင့်အရေးကလည်း အခုထက်ထိ မကြီးမားသေးဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေး ပါတီ တစ်ခု အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှား ပိုင်ခွင့်ရလာတာ အခုမှ နှစ်လလောက်ဘဲ ရှိပါသေးတယ်။ အဲဒီ နှစ်လလောက် အတွင်းမှာ ကျမတို့ ရဲ့ ပါတီကို ပြန်ပြီးတော့ ဦးမတ်လာပြီးတော့ ဦးမော့လာပြီးတော့ ကျမတို့ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့အတွက် အလုပ်တွေ ထောင်ခဲ့ရတာ အင်မတန် ပင်ပန်းပါတယ်။ အင်မတန် ခက်ခဲပါတယ်။ ပြည်သူုရဲ့ ထောက်ခံမှုကြောင့် ကျမတို့ ဒီအခြေအနေကို ရောက်လာတာပါ။ အဲဒီတော့ ကျမက ပြည်သူတွေကို အခွင့်အရေးတောင်းတာပါ။ မဲပေးပါဆိုတာ ကျမတို့ကို အခွင့်အရေးပေးပါ။ ကျမတို့ အနေနဲ့ စပြီးတော့၊ ပြည်သူတွေရဲ့ တာဝန်တွေကို စပြီးတော့ ထမ်းဆောင်ဖို့ အတွက် ခြေလှမ်းနောက်တစ်လှမ်း လှမ်းပါရစေလို့ ကျမတို့ ပြောတယ်။ ”
ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ နေ့လည် မိုးကောင်းမှာ လူထုကိုပြောခဲ့တဲ့ မိန်ခွန်းထဲက အချက်တချို့ပါရှင်။ ဒါ့အပြင် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး  ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေ မြင်မားလာရေးအပြင် ဒေသတွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို NLD က ကြိုးစားလုပ်ဆောင်မယ်ဆိုတာနဲအတူ လူထုကလည်းကူညီဖို့ တိုက်တွန်းသွားပါတယ်၊
အခု ကချင်ပြည်နယ်အတွင်းမှာတော့ ဒီ မိုးကောင်းမြို့မှာ လူထုကိုစကားပြောဖို့ နေရာအခက်အခဲရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဦးခွန်သာမြင့်ကပြောပါတယ်၊
“ နေရာ အခက်အခဲ ကတော့ ကျနော်တို့ မြို့နယ် အားကစားကွင်းကတော့ မရပါဘူး။ အဲဒီတော့ ကျနော်တို့ အိုးတန်းရပ်ကွက် ဆိုတာ၊ ရပ်ကွက်က ပိုင်တဲ့ ဘောလုံးကွင်းလေး တကွင်းရှိပါတယ်။ အဲဒီမှာ လုပ်ထား ပါတယ်။ မနက်ကတုန်းကတော့ ပုံမှန် လေယာဉ်ပျံက ရန်ကုန်က ထွက်ဖို့ဟာ ၇ နာရီ ၁၉ ပါ။ ဒါပေမဲ့ နှင်းတွေ အရမ်းပိတ်နေလို့ ၉ နာရီမှာ ထွက်ဖြစ်ပါတယ်။ အဲဒီတော့ အချိန်တွေ အကုန်လုံးက ၊ စီစဉ်ထားတာ အကုန်လုံးက နောက်ကျကုန်တာပေါ့။ အဲဒီတော့ မြစ်ကြီးနားရောက်တော့လည်း ချက်ချင်းဘဲ ကားပေါ် တက်ပြီးတော့ မြစ်ကြီးနား လူထုကို သိပ်မနှုတ်ဆက် နိုင်ပါဘူး။ နမ္မတီး ကို ဆက်ခဲ့တယ်ပေါ့။  အာဏာပိုင်က အရင် တစ်ခေါက် ကျနော် မြစ်ကြီးနား တက်ကတည်းကို က ပြည်နယ်ရဲ မှူးကြီးနဲ့ သွားတွေ့ပါတယ်။ လုံခြုံရေးက သူတို့ တာဝန် အစွမ်းကုန် ပေါ့ လုံခြုံရေး အတွက်ကို သူတို့ လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်ပါ။ ဒီကနေ ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တဲ့ ကချင်ပြည်နယ် အတွင်းက လမ်းတလျောက်မှာတော့ ထောင်နဲ့ ချီတဲ့မြို့လူထုက  ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို နှုတ်ဆက် ခဲ့ကြပါတယ်၊
ဒီကနေ့ ညနေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိုးကောင်းကနေ မြစ်ကြီးနားကို ပြန်နေတာဖြစ်ပြီး မြစ်ကြီးနားမှာ တိုင်းရင်းသား ခေါင်းဆောင်တချိုနဲ့ ညစာ အတူစားဖို့ စီစဉ်ထားပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်ကို  သွားတာ ဒါ တတိယအကြိမ် ဖြစ်ပြီး  ၁၉၈၉ ခုနှစ်က တကြိမ် ၂၀၀၃ ခုနှစ်မှာတကြိမ်သွားခဲ့ဖူးပါတယ်။
From VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1