Monday, February 6, 2012

"မြန်မာသို့ ဟီလာရီ လာရောက်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင်စားခြင်းကြောင့် အမေရိကန် ဧည့်အ၀င် များလာ"

November | 2/06/2012 10:51:00 AM | Best Blogger Tips

မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက် ခဲ့ခြင်းနှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင် စားခြင်းကြောင့် အမေရိကန်ခရီးသွားဧည့်ဝင်ရောက်မှု ၄ဝ ရာခိုင်နှုန်း တိုးလာကြောင်း ခရီးသွား လုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန်များထံမှ သိရသည်။
”သူတို့အတွက် ကတော့ အစိုး ရက မိဘပဲလေ။ ကလင်တန် ကိုယ်တိုင် လာတဲ့အခါကျတော့ မြန်မာပြည်လမ်းက ပွင့်သွားတယ်။ ပြီးတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့အပေါ် တော်တော်လွှမ်းမိုးမှုရှိတယ်။ ဒေါ်စုကိုလည်း သူတို့စိတ်ဝင်စားကြတယ်”ဟု ဧည့်လမ်းညွှန် ကိုထွန်းမြတ်က ပြောသည်။
ယခင်က အမေရိကန်နိုင်ငံသား ဝင်ရောက်မှုသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၁ဝဝ လျှင် တစ်ယောက်နှုန်းခန့်သာရှိခဲ့ပြီး နိုင်ငံရေး အခြေအနေအရ လာရောက်မှု နည်းပါးခဲ့ခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။
ယခင်က မြန်မာနိုင်ငံသို့ လာရောက်မှုသည် အမေရိကန်တို့အတွက် ရှက်ဖွယ်ကိစ္စတစ်ခုလို ဖြစ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင်မူ ပေါ်ပေါ်ထင်ထင် လာရောက်လည် ပတ်ကြပြီး မြန်မာနိုင်ငံအောက်ပိုင်း မော်လမြိုင်၊ သံဖြူဇရပ် စသည့် ဒေသများအထိ သွားရောက်လည်ပတ် လာကြကြောင်း ၄င်းကပြောသည်။
ထို့ကြောင့် အမေရိကန်နိုင်ငံမှ အေးဂျင့်များလည်း မြန်မာခရီးသွားအေးဂျင့်များနှင့် ချိတ်ဆက်မှုများရှိလာပြီး အမေရိကန်ဈေးကွက် ပိုမိုရရှိလာကြောင်း Golden Express ခရီးသွားလုပ်ငန်းမှ ဦးတင့်နောင်ကပြောသည်။
”အခုနောက်ပိုင်း အေးဂျင့်တွေ ချိတ်ဆက်မှု စိပ်လာတယ်။ ဒီကိုလာဖို့ မေးမြန်းတာတွေလည်း များလာတယ်”ဟု ၄င်းက ပြောသည်။
မြန်မာ့ခရီးသွား လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း လက် ရှိအနေအထားအရ အမေရိကန် ဈေးကွက်သည် ဥရောပဈေးကွက် ကို မမီသေးသော်လည်း အမေရိ ကန်ဝင်ရောက်မှု ယခင်ကထက်များ လာကြောင်းသုံးသပ်ပြောကြားသည်။
အမေရိကန်နိုင်ငံသည် ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး ၄င်းတို့ နိုင်ငံသားများ မြန်မာနိုင်ငံသို့ မသွားကြရန်လည်းတိုက်တွန်းခဲ့သည်။ သို့ သော် အစိုးရသစ်တက်လာပြီး ၂ဝ၁၁ ခုနှစ်တွင် အမေရိကန်အ ထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်တို့ လာရောက်ကာ မြန်မာအစိုးရခေါင်း ဆောင်များ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့နှင့် တွေ့ ဆုံခဲ့ပြီးနောက် အမေရိကန်နိုင်ငံသား များ မြန်မာနိုင်ငံသို့ အများအပြား ဝင်ရောက်လာကြခြင်းဖြစ်သည်ဟု ခရီးသွားအသိုင်းအဝိုင်းက ဆိုသည်။
ယခင်က မြန်မာနိုင်ငံခရီးစဉ် များကို အမေရိကန်တွင် ရောင်းချ ခွင့်ပိတ်ပင်ထားသော်လည်း ယခုအခါ ရောင်းချခွင့်ပြုလျက်ရှိကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရသည်။
၂ဝ၁၁ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ အမေရိကန်နိုင်ငံသား ၁၈၇၇၅ ဦး ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်လေဆိပ်ဝင်ပေါက် မှတ်တမ်းများအရ သိရသည်။
From ပေါ်ပြူလာဂျာနယ်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1