Monday, February 6, 2012

 ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ချွင်းချက်မရှိ မဆိုင်းမတွ လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana တောင်းဆို

November | 2/06/2012 10:49:00 AM | Best Blogger Tips
tomas


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana သည် ၎င်း၏ ခြောက်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဆုံးတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖေဖော်ဝါရီ လ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။



အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana က ကြေညာချက်တစ်စောင် ထုတ်ပြန်ဖတ်ကြားရာတွင် ဖိတ်ကြားခဲ့ရုံသာမက ခရီးစဉ်အတွင်း အဆင်ပြေချောမွေ့အောင် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ကြောင်း၊ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နေပြည်တော် တွေ့ဆုံမှုများအတွင်း နိုင်ငံတော်သမ္မတ အကြံပေးများ၊ သက်ဆိုင်ရာ ကိုယ်စားလှယ်များကိုလည်း တွေ့ဆုံခဲ့ကြောင်း ဦးစွာပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ အကျိုးရှိလှသည့် အမြင်များကို ဖလှယ်ခဲ့ကြောင်း၊ မကြာသေးမီက တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံကာ လူ့အခွင့်အရေးကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နှစ်ဦးနှင့် အချုပ်သားတစ်ဦးတို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့ သုံးဦးမှာ ဖြိုးဝေအောင်၊ အောင်နိုင်၊ နိုင်ယက္ခ တို့ဖြစ်ကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ခရီးစဉ်အတွင်း ကရင်နှင့် မွန်ပြည်နယ်သို့လည်း သွားရောက်ခဲ့ကြောင်း၊ အဆိုပါပြည်နယ်များတွင် သက်ဆိုင်ရာ ၀န်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်များမှ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ခရီးစဉ်အဆုံးတွင် သံတမန်အသိုင်းအ၀ိုင်းကို ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားသည်။

နောက်ဆုံးခရီးစဉ်ဖြစ်သည့် ၂၀၁၁ ခုနှစ် သြဂုတ်လ ခရီးစဉ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုလှိုင်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြောင်းလဲမှုအရှိန်က ပြည်တွင်းရှိ လူအများနှင့် နိုင်ငံတကာလေ့လာသူများကို အံ့အားသင့်စေခဲ့ကြောင်း၊ ဥပဒေပြုရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဆင်ဆာဖျက်သိမ်းရုံသာမက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အာမခံမည့် မီဒီယာဥပဒေကြမ်းသစ်အကြောင်းကိုလည်း ကျွန်တော့်ကို ပြောပြခဲ့ကြောင်း၊ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲများအတွက် စည်းရုံးလှုပ်ရှားမှုများ အားတက်သရော စတင်နေပြီဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ မီဒီယာများက ဖော်ပြကြကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပဏာမသဘောတူညီမှုရရှိမှုများ၊ အခြားအဖွဲ့များနှင့် ဆက်လက်ဆွေးနွေးမှုများ ရှိနေကြောင်း၊ ကျွန်တော်၏ အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီသို့ ၂၀၁၂ ခုနှစ် မတ်လတွင် တင်သွင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အရေးကြီးသည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အများအပြား လွတ်မြောက်လာမှုဖြစ်ကြောင်း၊ ဒီအတွက် မြန်မာအစိုးရကို ကြိုဆိုခဲ့ကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာသူများနှင့် တွေ့ဆုံရာတွင် ၎င်းတို့က ဒီမိုကရက်တစ်အကူးအပြောင်း ပိုမိုဖြစ်ထွန်းရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် အပြုသဘောဆောင်စွာ ပါဝင်ဆောင်ရွက်ရေး ဆန္ဒရှိကြောင်းကို ပြသခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ကျွန်တော့်အနေနဲ့ ကျန်ရှိနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ချွင်းချက်မရှိ  မဆိုင်းမတွ လွှတ်ပေးရန် မြန်မာအစိုးရကို ထပ်လောင်းပြောကြားလိုပါတယ်။ ဒါက ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အဓိကကျပြီး လိုအပ်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်လို့ပါ"ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သည့်ရလဒ်များ ပေါ်ထွန်းခဲ့ကြောင်း၊ သို့ရာတွင် အရေးကြီးသည့် စိန်ခေါ်မှုများ ကျန်ရှိနေသေးပြီး ဖြေရှင်းရန် လိုအပ်နေကြောင်း၊ လက်ရှိအချိန်ထိ ရရှိခဲ့သည့်တိုးတက်မှုများ လာလမ်းအတိုင်းပြန်သွားနိုင်သည့်အန္တရာယ်လည်း ရှိနေကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် အထွေထွေညီလာခံတွင် အစီရင်ခံစာ နောက်တစ်စောင် မတင်သွင်းခင် မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်နိုင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ လူ့အခွင့်အရေး အခြေအနေများကို အကဲဖြတ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana သည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၃၁ ရက်နေ့ ညနေပိုင်းက ရောက်ရှိလာသည်။

၎င်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် သြဂုတ်လက ပထမဆုံး လာရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင်ဆောင်ရွက်နေသည်။  Tomas Ojea Quintana နောက်ဆုံး လာရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်မှာ ၂၀၁၁ ခုနှစ် သြဂုတ်လက ဖြစ်သည်။

From EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1