မကြာခင်က
ထုတ်ပြန်တဲ့ အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက်
အစိုးရအသုံးစရိတ်မှာ ကျပ်ငွေ ကုဋေပေါင်းများစွာ လိုငွေပြနေတယ်လို့
ဖော်ပြထားပါတယ်။ နိုင်ငံခြားကို ကျပ်ငွေ ကုဋေကုဋာပေါင်းများစွာ
ပေးဆပ်ရမှာတွေ ရှိပါတယ်။
သယံဇာတတွေ
ကြွယ်ဝတယ်လို့ အစဉ်အလာ နားလည်ထားကြတဲ့ မြန်မာပြည်အတွက် အခုလို အခြေအနေတွေ
ဘာကြောင့် ဖြစ်ရသလဲ။အမေရိကန်နိုင်ငံ ဘာကလေတက္ကသိုလ်မှာ နိုင်ငံရေး
သိပ္ပံပါရဂူဘွဲ့အတွက် ဆည်းပူးနေတဲ့ ကိုမင်းဇင်က အစိုးရရဲ့
ငွေကြေးသုံးစွဲတဲ့ပေါ်လစီ အမှားကြောင့်လို့ သုံးသပ်ပါတယ်။
ဒါကြောင့်
အစိုးရငွေကြေးသုံးစွဲတဲ့ ပေါ်လစီကို အခြေခံကျကျ မပြောင်းလဲနိုင်ရင် အခြေခံ
ပြည်သူလူထု ဆင်းရဲသံသရာကနေ မလွတ်မြောက်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
ကိုမင်းဇင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
အစိုးရက ဘတ်ဂျက် လိုငွေပြနေတယ်လို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒါ အံ့ဩစရာ ဖြစ်သလားဗျ။
“ခက်တာက
မြန်မာပြည်မှာ ကိန်းဂဏန်းနဲ့ ပတ်သက်လို့ ရှင်းလင်းမြင်သာမှု မရှိတော့
ကျနော်တို့က ဘယ်ကိန်းဂဏန်းတွေကို အားကိုးပြီး ပြောရမှာလဲ။ ဒီလိုမျိုးပြတဲ့
ကိန်းဂဏန်းတွေက အာဏာရှိသူတွေရဲ့ သူတို့အကျိုးစီးပွားအတွက် တကွက်ချန်ပြီး
ပြောတာလား၊ တကွက်ပို ပြောတာလားဆိုတာ တွက်ရတာ သိပ်ခက်ပါတယ်။ ဘာလို့လဲဆိုတော့
အစိုးရရဲ့ စာရင်းအရကြည့်မယ်ဆိုရင် ၂၀၁၀ ခုနှစ်မှာ ဆိုကြပါတော့။ ဗမာပြည်ရဲ့
ပို့ကုန်သွင်းကုန် ပမာဏကို ကြည့်မယ်ဆိုရင် ပို့ကုန်က အမေရိကန်ဒေါ်လာ ၈ ဒဿမ ၇
ဘီလီယံလောက် ရှိပြီးတော့ သွင်းကုန်က ၅ ဘီလီယံလောက် ရှိတယ်။ သဘောက
ကျနော်တို့က ပို့ကုန်ကပိုများပြီး သွင်းကုန်က နည်းနေတယ်။
ကုန်သွယ်ရေးမှာတော့ အပိုထွက်တယ်။ တခါ ရင်းနှီးမြှုပ်နှံမှုတွေက
အများကြီးဝင်နေတယ်။ ဒီလိုအခြေအနေတွေမှာ ဘာကြောင့် ဘတ်ဂျက်က
လိုငွေပြနေရတာလဲ။ ဘယ်နေရာတွေမှာ ပိုသုံးနေသလဲ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့
ရှင်းလင်းထင်သာတဲ့ တာဝန်ခံမှု မရှိဘူးဆိုရင် သိရခက်ပါတယ်။ တခါ လွတ်လပ်တဲ့
မီဒီယာတွေ လွတ်လပ်တဲ့ ပညာရှင်တွေက ဒါကိုစစ်ဆေးခွင့် မရှိဘူးဆိုရင်လည်း
ကျနော်တို့ဘက်က အတော်ကို သုံးသပ်ပြောဆိုရတာ ခက်ပါတယ်။ သုံးသပ်
မပြောဆိုနိုင်ဘူး ဆိုရင် ဘာဖြစ်မလဲဆိုတော့ စိတ်မှန်းနဲ့ ဆန္ဒနဲ့ အပြစ်တင်တာ
ဝေဖန်တာပဲ ဖြစ်နေမှာပါ။”
မကြာခင်က
ထုတ်ပြန်ထားတဲ့ အိုင်အမ်အက်ဖ် (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့)
ရဲ့ အကြံပြုချက် ရှိပါတယ်။ မြန်မာပြည် အနားမှာ တကယ်တမ်း
စီးပွားရေးတိုးတက်တဲ့ နိုင်ငံတွေရှိတယ်။ ဒီအားသာချက်ကို အသုံးချနိုင်ရင်
အာရှမှာ စီးပွားရေးတိုးတက်တဲ့ နိုင်ငံဖြစ်လာမယ်။ ပထ၀ီအနေအထား၊
နိုင်ငံတည်နေရာ ဆိုတာက လွန်ခဲ့တဲ့ နှစ်တွေကတည်း ဒီအတိုင်းရှိခဲ့တာပဲ
မဟုတ်လား။ ဆိုလိုတာက လွန်ခဲ့တဲ့နှစ်တွေက အစိုးရက ဒီအခွင့်အလမ်းကို
အသုံးမချနိုင်ခဲ့တဲ့ အဓိပ္ပာယ်မျိုး သက်ရောက်မနေဘူးလား။
“ကျနော်မြင်တာကတော့
အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံကို စိတ်ဝင်စားတယ်။
ဒီအခွင့်အလမ်းတွေကို အသုံးချချင်တယ်။ အရင်က အသုံးမချခဲ့လို့လားဆိုတော့
အသုံးချခဲ့ပါတယ်။ ဒါပေမယ့် အဓိကဖြစ်နေတာက မြန်မာနိုင်ငံမှာက
အရင်အစိုးရအဆက်ဆက် အခုချိန်ထိ ပြောလို့ရပါတယ်။ သူတို့က စီးပွားရေးမှာ
သယံဇာတကို ရင်းနှီးမြှုပ်နှံတဲ့ အဲဒီကဏ္ဍကို သိပ်ပြီးဦးစားပေးခဲ့တယ်။
အဲဒီကဏ္ဍကို ဦးစားပေးတဲ့အခါကျတော့ လာသမျှ ရင်းနှီးမြှုပ်နှံမှုတွေနဲ့
ကုန်သွယ်မှုတွေက များသောအားဖြင့် သဘာဝဓာတ်ငွေ့တို့၊ သစ်တို့၊
ကျောက်မျက်ရတနာတို့၊ ရေအားလျှပ်စစ်၊ ဒီလိုကိစ္စတွေမှာပဲ ရင်းနှီးမြှုပ်နှံတာ
များတဲ့အခါကျတော့ ဒါတွေက ငွေပင်ငွေရင်းနဲ့ ဇောင်းပေးလုပ်ရတဲ့ကိစ္စဖြစ်တယ်။
ငွေပင်ငွေရင်း ရှိတဲ့သူတွေသာလျှင် အကျိုးအမြတ် အများကြီးရပါတယ်။
ဒါကြောင့်မို့လည်း စစ်တပ်က ဦးစီးထားတဲ့ ကုမ္ပဏီတွေ၊ စစ်တပ်နဲ့ နီးစပ်တဲ့
စီးပွားရေးသမားတွေပဲ အကျိုးကျေးဇူး ဖြစ်ထွန်းပြီးတော့ ဒီလုပ်ငန်းတွေက
တိုင်းပြည်အတွက် အလုပ်အကိုင် မဖန်တီးပေးနိုင်ဘူး။ တနည်းအားဖြင့်
လယ်ယာကဏ္ဍတွေလို ကိစ္စမျိုးတွေမဟုတ်ဘူး။ ကုန်ထုတ်လုပ်ရေး လုပ်ငန်းလို
ကိစ္စမဟုတ်တဲ့ အခါကျတော့ သာမန်လူတွေအတွက်က အကျိုးစီးပွား မဖြစ်တာပါ။
ဒါပေမယ့် ကိန်းဂဏန်းအရတော့ တိုင်းပြည်တိုးတက်နိုင်တယ်၊ ချမ်းသာနိုင်တယ်။
ဒါပေမယ့် စီးပွားရေးပေါ်လစီမှာ ဘယ်ကဏ္ဍကို ဇောင်းပေးပြီး မြှင့်တင်မှာလဲဆိုတဲ့
မူဝါဒက အရေးကြီးပါတယ်။ အဲဒီမူဝါဒက ခုချိန်ထိ သယံဇာတ
ထုတ်ရောင်းတဲ့နယ်ပယ်မှာ ဇောင်းပေးနေမယ်။ နောက်နောင်မှာလည်း
အိမ်နီးချင်းနိုင်ငံတွေက လာမှာပဲ။ အခုမြန်မာပြည်ရဲ့ ကိန်းဂဏန်းကို
ကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေက စိတ်ဝင်စားနေတယ်။ ထိုင်းနိုင်ငံ၊
တရုတ်နိုင်ငံ၊ ဒီနိုင်ငံတွေ အကုန်လုံးကလည်း ဘယ်မှာမြှုပ်နှံမလဲဆိုတော့
ဒီသဘာဝ သယံဇာတ နယ်ပယ်မှာ မြှုပ်နှံမှာပါ။ အကျိုးကျေးဇူးက အလုပ်အကိုင်
မဖန်တီးပေးနိုင်ဘူး။ ကျွမ်းကျင်လုပ်သားတွေ မပေါ်နိုင်ဘူး။ လူများစုကြီးကလည်း
စီးပွားရေးရဲ့ အကျိုးကျေးဇူးကို မခံစားနိုင်ဘူး ဖြစ်နေမှာပါ။
ကိန်းဂဏန်းအရတော့ စီးပွားရေး တိုးတက်ကောင်း တိုးတက်နေမယ်၊ ဒါပေမယ့်
အဲဒီအကျိုးကျေးဇူးကိုတော့ လူထုက ခံစားရဖို့ သိပ်မလွယ်ပါဘူး။”
သဘာဝသယံဇာတ
အကြောင်းပြောတော့ ကျနော်တို့ဆီမှာ သဘာဝသယံဇာတတွေ ပေါတယ်၊ ထိုင်းကို
(ဓာတ်ငွေ့) ရောင်းနေတာတွေ တွေ့ရတယ်။ သိရတယ်။ ဒီက ရတဲ့ ငွေက နည်းမှာမဟုတ်ဘူး
ဆိုတာ တွက်ကြတာပေါ့။ အစိုးရက တကယ်တမ်း ဘတ်ဂျက်ကို ထုတ်ပြန်လိုက်တော့
လိုငွေပြနေတယ် ဆိုတာမျိုး ဖြစ်နေတယ်။ ကျနော်တို့က ရောင်းတဲ့ ပိုက်ဆံတွေက
ဘယ်ရောက်သွားသလဲ။ ရောင်းတဲ့ နိုင်ငံတွေက ကျနော်တို့ကို အကြွေးနဲ့
နှိမ်နေတာလား။ ဘယ်လိုဖြစ်နိုင်မလဲ။
“သုတေသန
လုပ်တဲ့သူတွေမှာ သုံးသပ်ကြတာ ဘာရှိလဲဆိုတော့ ဥပမာ ဗမာနိုင်ငံကနေ ထိုင်းကို
သဘာဝဓာတ်ငွေ့တွေ ရောင်းတဲ့ဝင်ငွေဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံကနေ ၁
ဒဿမ ၅ ဘီလီယံထိ ရှိပါတယ်။ ဥပမာဆိုပါတော့ ဘန်ကောက်တမြို့လုံးက လျှပ်စစ်ရဲ့
၁၀ ရာခိုင်နှုန်းက ဗမာပြည်ရဲ့ သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တာပါ။ အဲဒီအခါကျတော့
ဥပမာ ၂၀၀၆ – ၂၀၀၇ မှာဘတ်ဂျက်ငွေ လဲလှယ်မှုအရဆိုရင် ၁ ဒဿမ ၅ ဘီလီယံ
လောက်ဆိုတာကို မြန်မာငွေနဲ့ဆိုရင် အများကြီးရမယ်။ ထရီလီယံ (သန်းပေါင်း ၁
သန်း) နဲ့ ချီပြီး ရပါတယ်။ အများကြီးရပါတယ်။ ဒါပေမယ့် ဗမာနိုင်ငံရဲ့
ကျပ်ငွေနဲ့ ဒေါ်လာနဲ့ လဲလှယ်မှု စနစ်အရဆိုရင် ၁ ဒေါ်လာကို ၆ ကျပ်နဲ့ပဲ
လဲမယ်ဆိုရင် ရတဲ့ဝင်ငွေက တိုင်းပြည်ကို ၀င်တဲ့ဝင်ငွေက ထရီလီယံ မဟုတ်တော့ဘဲ ၇
ဒဿမ ၂ ဘီလီယံကျပ်လောက်ပဲ ဖြစ်သွားမှာပါ။ သဘောကတော့ ငွေလဲလှယ်မှုပမာဏက
တရားဝင်နှုန်းက ၁ ဒေါ်လာကို ၆ ကျပ်၊ တရားမ၀င်နှုန်းက ၁ ဒေါ်လာကို ၁
ထောင်ဖြစ်နေတော့ အာဏာရှိနေတဲ့သူတွေက ရတဲ့ဝင်ငွေကို ဘယ်နှုန်းနဲ့ ပြတယ်ဆိုတဲ့
အပေါ်မှာ မူတည်ပါတယ်။ အဲဒါကို ကျနော်တို့က မသိနိုင်ပါဘူး။
“အရင်ခေတ်အဆက်ဆက်မှာလည်း
ဘတ်ဂျက်ကို လူထုကို ချပြတာမျိုး၊ ရှင်းရှင်းလင်းလင်း ပြောပြတာမျိုး
မရှိတော့ ရတဲ့ဝင်ငွေတွေကို ဘယ်ငွေလဲနှုန်းနဲ့ စာရင်းသွင်းပြီးတော့
ဘယ်လိုသုံးစွဲနေသလဲ၊ ဆိုလိုတာက တိုင်းပြည်ရဲ့ ၀င်ငွေတွေကို ဥပမာ
နေပြည်တော်လို နေရာမျိုးဆောက်တယ်။ နေပြည်တော်ကို ဆောက်တာဆိုရင်
အိုင်အမ်အက်ဖ်ရဲ့ ထောက်ပြချက်အရဆိုရင် ဂျီဒီပီရဲ့ ၁ ကနေ ၂
ရာခိုင်နှုန်းလောက်ကို သုံးပါတယ်။ တနှစ်ကို နေပြည်တော်အတွက် စရိတ်က
အနည်းဆုံး ဒေါ်လာသန်း ၂၀၀ ကျော်လောက် သုံးတယ်လို့ သူတို့ပြောတယ်။
ကျနော်ဆိုလိုချင်တဲ့သဘောက ကိန်းဂဏန်းတွေ အများကြီးပဲ။ ဒီကိန်းဂဏန်းတွေကို
ဘယ်လိုစာရင်းပြနေသလဲ၊ တရားဝင်ငွေလဲနှုန်းနဲ့ စာရင်းပြနေသလား၊ ဒါမှမဟုတ်
တရားမ၀င်နှုန်းနဲ့ စာရင်းပြနေသလား။ အဲဒီကြားထဲမှာရှိတဲ့ ကွာဟချက်တွေကို
ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ သုံးစွဲနေသလဲ၊ ကျနော်တို့ မသိရပါဘူး။
ဒါကြောင့်မို့ ကျနော်ပြောချင်တာက ငွေလဲနှုန်းပြဿနာက အရေးကြီးတယ်။
တချိန်တည်းမှာလည်း မြင်သာရှင်းလင်းမှုရှိဖို့လိုတယ်။ အခုချိန်မှာ
လွှတ်တော်တွေပေါ်လာပြီ၊ လွတ်လပ်တဲ့ မီဒီယာတွေပေါ်လာပြီ။ အဲဒီတော့ လွတ်လပ်တဲ့
မီဒီယာတွေနဲ့ လွှတ်တော်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးတာတွေ
လုပ်သင့်ပါတယ်။ ဒီလိုမလုပ်ဘူးဆိုရင်တော့ အဲလိုပဲ ဂျာအေးသူ့အမေရိုက်တဲ့ကိန်း
ဆိုက်နေဦးမှာပဲ။”
အိုင်အမ်အက်ဖ်က
အကြံပြုချက်တခုကိုပဲ ပြန်ကောက်ချင်ပါတယ်။ သဘာဝ သယံဇာတ အရင်းအမြစ်တွေကို
လူသားအရင်းအမြစ်၊ အခြေခံအဆောက်အအုံ၊ တည်ဆောက်တဲ့ နေရာမှာ
အသုံးချရမယ်ဆိုတာမျိုးပေါ့၊ ကျနော်ထင်တယ် ဒါအသစ်မဟုတ်ဘူး။
လူသားအရင်းအမြစ်ဆိုတာ န၀တ၊ နအဖ ခေတ်ကတည်းက အစိုးရ သတင်းစာတွေမှာ
တွေ့ခဲ့ရတာပဲ။ ဒါပေမယ့် လက်တွေ့မှာ ကျနော်တို့နိုင်ငံက
ပြီးခဲ့တဲ့နှစ်တွေမှာ ပြန်ကြည့်ရင် အခြေခံလူထုရဲ့ စီးပွားရေးဘ၀တွေက
ဆိုးမြဲဆိုးခဲ့တယ်ပေါ့။ အဲ့တော့ ကျနော်တို့ နိုင်ငံမှာ ဘာတွေ မှားခဲ့လဲ။
“ဆိုးတာကတော့
မြန်မာပြည်ရဲ့ ရတဲ့ငွေကြေးကို တိုင်းပြည်အတွက် တကယ် လိုအပ်တဲ့ နေရာတွေမှာ
ပြန်ပြီး ရင်းနှီးမြှုပ်နှံမှု လုံးဝ မရှိတာပါပဲ။ ဒါတွေက လုပ်ကြံပြောစရာ
မလိုပါဘူး။ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ လူသားဖွံ့ဖြိုးမှု ဆိုင်ရာ
အညွှန်းကိန်းတွေမှာဆိုရင် ဘာတွေ တွေ့နိုင်လဲဆိုတော့ မြန်မာနိုင်ငံဟာ
ဒေသတွင်းမှာ ကမ္ဘောဒီးယား၊ လာအိုတို့ထက် နိမ့်ပါတယ်။ မြန်မာပြည်ရဲ့
ကျန်းမာရေး၊ ပညာရေး၊ လူနေမှုဘ၀ အဆင့်အတန်းဟာ လာအို၊ ကမ္ဘောဒီးယားထက်
ပိုနိမ့်တယ်လို့ သူတို့က ပြောတာ ရှိပါတယ်။ တချို့ ကိစ္စတွေ ဆိုရင်
ကျနော်တို့ စာရင်းအင်းတွေ ဖတ်လို့ရှိရင် အင်မတန်မှကို ရင်နာစရာ
ကောင်းပါတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံမှာ မိသားစု တခုက သူတို့ဝင်ငွေရဲ့ ၇၃
ရာခိုင်နှုန်းကို အစားအသောက်မှာ သုံးရပါတယ်။ ကုလသမဂ္ဂရဲ့ စာရင်းပါ။
ဆရာဦးမြင့်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောထားတာ ရှိပါတယ်။ ဒီစာရင်းဟာ
ကမ္ဘောဒီးယားတို့ လာအိုတို့ထက် အများကြီး ပိုဆိုးပါတယ်။ ဘယ်လောက်တောင်
ဆိုးသလဲ ဆိုရင် ပါလက်စတိုင်းမှာ စစ်ဖြစ်နေတဲ့ ဂါဇာ ဒေသက လူတွေတောင်မှ ၆၈
ရာခိုင်နှုန်းပဲ သုံးပါတယ်။
“ဒါက
ဘာကိုပြနေလဲဆိုရင် တိုင်းပြည်သိပ်ပြီးတော့ ဆင်းရဲတယ်၊ လူတွေဟာ နေ့စဉ်
နပ်မှန်အောင် မနည်းလုပ်နေရတယ်ဆိုတာကို အချက်အလက် အရ ပေါ်နေတာဗျ။ ဘာပြဿနာလဲ
ဆိုတော့ တိုင်းပြည်မှာ မြင်သာ ထင်သာတဲ့ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိသလိုပဲ၊ မမြင်ရဘဲနဲ့ လူတွေဟာ အကြမ်းဖက်
ခံနေရတယ်။ အဲဒါ ဘာလို့လဲဆိုတော့ အစိုးရရဲ့ ဘတ်ဂျက်ဆိုင်ရာ မူဝါဒ ဘာကို
ဦးစားပေးမှာလဲ။ ကာကွယ်ရေး၊ လုံခြုံရေးကိုပဲ ဦးစားပေးပြီးတော့ လူထုဘဝ
ဖွံ့ဖြိုးမှုကို ဦးစားမပေးတာက ဘယ်လောက်ပဲ သတင်းစာကြီးထဲမှာ စာလုံးမည်းတွေနဲ့
ရေးနေ၊ ကုလသမဂ္ဂနဲ့ အစိုးရ ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ
ကြည့်မယ်ဆိုရင် အစိုးရဟာ ရတဲ့ တိုင်းပြည်ရဲ့ ငွေပင်ငွေရင်းကို လူထုဘ၀အတွက်
အကျိုးရှိစေမယ့် ကျန်းမာရေး ပညာရေးအတွက်မှာ မရှိဘူး။ လုံခြုံရေးနဲ့
ကာကွယ်ရေးမှာ ပိုပြီး လုပ်နေတာကို ပြတယ်။ အဲတော့ ဘာဖြစ်လဲဆိုတော့
လူတယောက်ကို သတ်လိုက်တယ်၊ ထောင်ချလိုက်တယ်ဆိုတာ လူတယောက် တမိသားစုလုံးတောင်
နစ်နာသွားစေနိုင်တယ်။ ဒုက္ခရောက်သွားနိုင်တယ်။ ဘ၀ ပျက်သွားနိုင်တယ်။
ကျန်းမာရေးနဲ့ ပညာရေးလိုနေရာမှာ အသုံးစရိတ်ကို လျှော့ချတာဟာ တိုင်းပြည်မှာ
ပညာမဲ့တဲ့၊ ကျွမ်းကျင်မှုမဲ့တဲ့ လုပ်သားတွေ မျိုးဆက်လိုက် ပေါ်လာတာ
ဖြစ်လာနိုင်တယ်။ အာဟာရ ချို့တဲ့သူတွေ၊ ဉာဏ်ရည်မမီတဲ့ကလေးတွေ မျိုးဆက်လိုက်
ဖြစ်သွားမယ့် သဘော ဖြစ်ပါတယ်။”
DVB
No comments:
Post a Comment