Friday, February 3, 2012

The Lady ရုပ်ရှင် ထိုင်းနိုင်ငံတွင် ရုံတင်ပြီ

November | 2/03/2012 09:47:00 AM | Best Blogger Tips
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးတင်ပြထားတဲ့ The Lady ရုပ်ရှင် ထိုင်းနိုင်ငံမှာ ရုံတင်ပြသနေပါတယ်။
The Lady ရုပ်ရှင်ကားကို ထိုင်းနိုင်ငံအနှံ့က Major Cineplex ရုပ်ရှင်ရုံတွေမှာ ဖေဖော်ဝါရီလ ၂ ရက်ကစပြီး တပြိုင်တည်း ပြသနေတာပါ။ ဒီရုပ်ရှင်ကားကို ဘန်ကောက်မြို့ စယမ်ဖာဝါလိုင် ရုပ်ရှင်ရုံမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က ဖွင့်ပွဲကျင်းပခဲ့တာပါ။
ဒီဖွင့် ပွဲကို ရုပ်ရှင်ဒါရိုက်တာ လုခ်ဘက်စန်က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သူ မင်းသမီး မစ်ချယ်ယိုတို့နဲ့အတူ ထိုင်းဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝါထရာ တက်ရောက် ဖွင့်လှစ်ခဲ့ကြပါတယ်။

The Lady ရုပ်ရှင်ကားမှာ ထိုင်းနိုင်ငံ Siam Movie ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံသားတွေကိုလည်း သရုပ်ဆောင်တွေအဖြစ် ရွေးချယ်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ထုတ်လုပ်ရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်သူ မစ္စစ်ပက်က ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်တဲ့ မြန်မာသရုပ်ဆောင်တွေ သရုပ်ဆောင် ကောင်းကြတယ်လို့ ဆိုပါတယ်။
အန်အယ်လ်ဒီပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးကြည်မောင်အဖြစ် သရုပ်ဆောင်ခဲ့သူ ဆရာဦးသိန်းဝင်းက The Lady ရုပ်ရှင်နဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။
“ကျနော်တို့ ဒီမိုကရေစီခေါင်းဆောင်ပေါ့နော်။ နောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝ တစိတ်တပိုင်းက ရုပ်ရှင်အနေနဲ့ ဖြစ်သွားတဲ့အခါမှာ။ တကမ္ဘာလုံးက ဒေါ်စုရဲ့ ဘဝ တစိတ်တပိုင်းကို အားလုံး သိခွင့်ရသွားတဲ့အတွက်။ ကျနော်တို့ကြားရတာ တော်တော် စိတ်ကျေနပ် ပါတယ်ခင်ဗျ။ ဒီရုပ်ရှင်ကို သရုပ်ဆောင်ရတာ ကျနော်အများကြီး ဝမ်းမြောက်ပါတယ်။”
ဒီရုပ်ရှင်ကို လာမယ့်သီတင်းပတ် အလုပ်ပိတ်ရက်တွေမှာ ကြည့်ရှုအားပေးကြဖို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေက ပြင်ဆင်နေကြတယ်လို့ မြန်မာအလုပ်သမား ကူညီရေးလုပ်ဆောင်နေတဲ့ HRDF ခေါ် လူ့အခွင့်ရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ရဲ့ မဇာက ပြောပါတယ်။
“အခု ရုံတင်နေပြီ။ ဒီမဟာချိုင်း Big C (ကုန်တိုက်) မှာ။ မြန်မာတွေက ခု လက်မှတ် ကြိုတင်သွားဝယ်ကြတယ်။ ကြည့်ဖို့။ တနင်္ဂနွေနေ့ကျရင် လူတိုးမှာ ကြောက်လို့တဲ့။ တနင်္ဂနွေနေ့ကျရင် အလုပ်သမားတွေအကုန် အလုပ်နားကြတယ်။ လူများမှာစိုးလို့ လက်မှတ်ကြိုတင် ဝယ်ထားကြတယ်။”
၂ နာရီကျော်ကြာတဲ့ The Lady ရုပ်ရှင်ကားကို ၂၀၁၀ ခုနှစ် ကုန်ပိုင်းက ဘန်ကောက်မှာ ရိုက်ကူးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မစ်ချယ်ယိုဟာ တရုတ်သိုင်းကားတွေ၊ ရာဇဝင်ကားတွေအပြင် ဂျိမ်းစဘွန်း ကားတွေနဲ့ နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။ သူဟာ မလေးနိုင်ငံဖွား တရုတ်အမျိုးသမီးဖြစ်ပြီး အင်္ဂလန်မှာ ကြီးပြင်းသူဖြစ်ပါတယ်။
ဒေါ် အောင်ဆန်းစုကြည်ရဲ့ခင်ပွန်း မိုက်ကယ်အဲရစ်အဖြစ် Harry Potter ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဒေးဗစ်သျူးလစ်စ်က သရုပ်ဆောင်ထားပါတယ်။ 
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1