ဟင်္သာတမြို့နယ်မှာ ပညာရေးတာဝန်ရှိသူတွေက
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဟင်္သာတ)
အဖွဲ့ဝင် ကျောင်းသား ၈ ဦးကို စစ်မေးနေတယ်လို့ ဟင်္သတာ ဗကသ ဥက္ကဋ္ဌ
ကိုသန့်ဇင်က ပြောပါတယ်။
“ဟင်္သာတတက္ကသိုလ်က ကျောင်းသားတွေကို ဒီနေ့
အဆင့်မြင့်ပညာဦးစီးဌာနက လာတဲ့ အဖွဲ့တွေက ခေါ်တွေ့တယ်ပေါ့။
ကျောင်းအုပ်ကြီးက တဆင့် ဟင်္သာတ တက္ကသိုလ်ထဲက ကလေးတွေချည်းပဲ
သီးသန့်ခေါ်ပြီး စစ်ဆေးတယ်။ အခု ကျနော်တို့လည်း ကျောင်းရှေ့မှာ
အခုလောလောဆယ် ရှိနေတယ်။ ဖိအားပေး အင်အားသုံးတဲ့ ခြိမ်းခြောက်တဲ့
စကားမျိုးတော့ မပြောဘဲနဲ့ ပညာရေးကို ထိခိုက်နိုင်တယ်၊ ပညာရေးကို
အနှောင့်အယှက် ဖြစ်နိုင်တယ် ဆိုတဲ့ ဟာမျိုးနဲ့ပေါ့။ သူတို့က
လူမှုရေးနဲ့ အဲဒီလိုမျိုး ဝင်တာပေါ့။ မိဘတွေကတော့
နားမလည်တဲ့အခါကျတော့ အခု ကျနော်တို့မြို့မှာတော့ အထိတ်တလန့်တော့
ဖြစ်သွားတာပေါ့။”
အဆင့်မြင့်ပညာဦးစီးဌာနက ဒု – ညွှန်ချုပ် ဒေါက်တာမျိုးသိန်းနဲ့
ဟင်္သာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစံလင်းတို့က ကျောင်းသူ
ကျောင်းသား ၈ ဦးကို မိဘတွေနဲ့အတူ ပါမောက္ခချုပ်အခန်းမှာ
ခေါ်ယူတွေ့ဆုံနေတာ ဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ-ဟင်္သာတ)ကို
ဟင်္သာတမြို့ပေါ်က တက္ကသိုလ် ၄ ခုက ကျောင်းသားတွေက စတင်ဖွဲ့စည်းခဲ့ပြီး
ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက မတ် ၂၉ ရက်နေ့မှာ အသိအမှတ်ပြုပြီး ဗကသအလံ
လွှဲအပ်ခဲ့ပါတယ်။
ဟင်္သာတမြို့နယ် ဗကသ ဥက္ကဋ္ဌ ကိုသန့်ဇင်တို့က ဒေါက်တာမျိုးသိန်းတို့နဲ့
တွေ့ခွင့် တောင်းပေမယ့် မရတာကြောင့် ကလေးတွေရဲ့ အခြေအနေကိုပဲ
စောင့်ကြည့် နေကြရတယ်လို့ ပြောပါတယ်။
DVB
No comments:
Post a Comment