Saturday, March 31, 2012

 မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းခြင်း ခြောက်လပြည့် အထိမ်းအမှတ် ဧရာဝတီကို ကာကွယ်သူများ တွေ့ဆုံပွဲ ရန်ကုန်မြို့၌ ပြုလုပ်

Ever November | 3/31/2012 09:27:00 AM | Best Blogger Tips

ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ခြောက်လပြည့် အထိမ်းအမှတ်အဖြစ် ဧရာဝတီကို ကာကွယ်သူများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီသီရိခန်းမတွင် ပြုလုပ်ခဲ့ သည်။
 

အဆိုပါ တွေ့ဆုံပွဲ ဖြစ်မြောက်ရန် ထွန်းလွင်ဖောင်ဒေးရှင်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စာပေနှင့် အနုပညာ နယ်ပယ်မှ တာဝန်ရှိသူများနှင့် ကချင်ပြည်နယ်မှ ဒေသခံ များ ပါဝင် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နံနက် ၉ နာရီ ၀န်းကျင်တွင် စတင်ခဲ့ပြီး သစ်တောပညာရှင် ဦးအုန်းက စီမံကိန်း ရပ်ဆိုင်းသည်မှာ ခြောက်လပြည့်ပြီဆိုသော်လည်း မရပ်တရပ်ဖြစ်နေကြောင်း စသည်ဖြင့် အဖွင့်စကား ပြောကြားခဲ့သည်။

ထို့နောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ၎င်း၏ အမြင်သဘောထားကို ပြောကြားခဲ့ကာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က မြစ်ဆုံအပေါ် အမြင်များကို ဆက်လက်သုံးသပ် ပြောကြားခဲ့ပါသည်။
ထို့နောက် တွေ့ဆုံပွဲ ဖြစ်မြောက်ရေးစီစဉ်သူ ဒေါက်တာထွန်းလွင်က ဧရာဝတီကာကွယ်သူများ တွေ့ဆုံပွဲ စီစဉ်ဖြစ်ပုံနှင့် မြစ်ဆုံစီမံကိန်းတို့အကြောင်း ရှင်းလင်းခဲ့ကာ ဆရာကြီးဒဂုန်တာရာ ပေးပို့သော သ၀ဏ်လွှာကို ကဗျာဆရာအံ့မောင် က ဖတ်ကြားခဲ့ပါသည်။

မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ အမှတ်တရ စကားများ ပြောကြားခဲ့ရာတွင် ကချင်ပြည်နယ် မြစ်ဆုံတန်ဖဲရွာမှ ဒေသခံ ဦးသောမတ်စ်၊ ဆရာမဂျူး၊ ဆရာကိုတာ၊ ဦးစိန်မျိုးမြင့်၊ ဒေါ်ဒေ၀ီသန့်ဇင်၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာမောင်စိမ်းနီ၊ ဒေသခံ ကိုဇော်လွန်း၊ ဆရာဇော်မောင်၊ Eco Dev မှ ဦးဝင်းမျိုးသူ၊ ဆရာ ငြိမ်းအေးအိမ်၊ ပန်းချီဝင်းဖေမြင့်၊ မြစ်ကြီးနားမြို့မှ ဒေါ်ဂျာဆိုင်းခေါန် စသူတို့က စီမံကိန်းနှင့်ပတ်သက်၍ အမြင်များကို ပြောကြားခဲ့ကြကာ အခမ်းအနားကို မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ရုပ်သိမ်းခဲ့ပါသည်။ 
ကချင်ပြည်နယ်တွင်း မေခ နှင့် မလိမြစ်ဆုံရာ မြစ်ဆုံဒေသ အောက်ဘက်တွင် တည်ဆောက်မည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ဆိုင်းထားခဲ့ကာ လက်ရှိတွင် ရပ်ဆိုင်းထားပြီဟုဆိုသော စီမံကိန်းကို ဆက် လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကချင်ပြည်နယ်မှ တက်ရောက်လာသော ဒေသခံများက တွေ့ဆုံပွဲသို့ လာရောက်ကြသူများအား အချက်ငါးချက်ကို ပံ့ပိုးကူညီကြပါရန် အကြံပြုခဲ့ပြီး ယင်းတို့မှာ '(၁) မြစ်ဆုံ နှင့် မြန်မာ့မြစ်ချောင်းများအား ဆက်လက် ကာကွယ်စောင့်ရှောက်ပေးပါရန်၊ (၂)မြစ်ဆုံဒေသရှိ ဒေသခံများအား မိမိမူလကျေးရွာများတွင် ပြန်လည် နေရာချထားပေးရန်နှင့် လုပ်ကိုင်စားသောက်ခွင့်ပြုရန်၊ (၃) မည်သည့် ကျေးရွာသားများမဆို အာဏာပိုင်များနှင့် စီးပွားရေးသမားများက အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်းများမှ ကာကွယ်စောင့်ရှောက်ပေးရန်၊ (၄)သတင်းမီဒီယာများမှ အတူတကွ ရှိနေမှုသည် ရွာသားများအား ခွန်အားရှိစေသည့်အပြင် လုံခြံရေးအတွက်လည်း အကာအကွယ်ပေးကြောင်း သက်သေသာဓကရှိပါသည်။ ထို့ကြောင့် သတင်းမီဒီယာများမှ မြစ်ဆုံကျေးရွာများနှင့် လက်လှမ်းမီရာတွင် ရှိနေပေးပါရန်၊ (၅)ကျေးရွာဟောင်းများမှာလည်း ပြိုကျ ပျက်စီးနေပြီဖြစ်ပြီး ရွာသစ်တွင်လည်း လုပ်ကိုင်စားသောက်ရန် နေရာမရှိပါ။ ထို့ကြောင့် ဒေသခံအိမ်ခြေ ၃၈၀ နီးပါးခန့်၏ အသက်မွေးဝမ်းကျောင်းမှုကို ရေရှည် တည်တံ့သောနည်းဖြင့် ပံ့ပိုးပေးနိုင်မည့် လုပ်ငန်းများ ဖော်ထုတ်ပေးနိုင်ရန် ကူညီပေးပါရန်' စသည်တို့ ဖြစ်ပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1