မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်
မဲဆန္ဒနယ်မြေအတွက် ပြုလုပ်သည့် မဲဆွယ်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ
တောင်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က ပြိုင်ဘက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အား ပုတ်ခတ်ပြောဆိုခဲ့သည်ဟု NLD ပါတီက
စွပ်စွဲ ပြောဆိုလိုက်သည်။ကျောက်ပန်းတောင်းမြို့နယ် လက်ပန်ပြား၊ ကျုံရွာ၊ စက်ထိန်း၊ ဆုံကုန်း စသည့် ကျေးရွာများ၌ ဦးအောင်သောင်း စည်းရုံးဟောပြောစဉ်အတွင်း NLD ပါတီမှ အမတ်လောင်းများ ပုတ်ခတ် ပြောဆိုခဲ့ကြောင်း ကျောက်ပန်းတောင်း မြို့နယ် NLD အောင်နိုင်ရေးအဖွဲ့တာဝန်ခံ ဦးအေးခိုင် က ပြောသည်။
“‘ကျုပ်တို့ပါတီက ထောင်ထွက်တွေ မဟုတ်ဘူး။ ကျနော်တို့က ကျောင်းဆောက်ပေးမယ်’ တဲ့။ ‘ပြိုင်ဘက်လူက
ထောင်ထွက်၊ ထောင်ထွက်တွေကို မဲပေးမှာလား၊ မဲပေးစရာ မလိုဘူး။ ဒီမြို့နယ် သားလည်း မဟုတ်ဘူး။ သူ ဘာမှ ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူး’လို့ပြောတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ကျုပ်တို့ပါတီက
ထောင်ထွက်တွေ မဟုတ်ဘူး။ ကျနော်တို့က ကျောင်းဆောက်ပေးမယ်ဟု လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်သောင်း က ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
NLD အား ပုတ်ခတ်ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)
ဦးအောင်သောင်းမှာ ပြည်ထောင်စုအဆင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တဦးအဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး၊ မိုင်းလား၊ UWSA စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပြင် ကျောင်းသားတပ်မတော် ABSDF နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနေသူတဦးလည်း
ဖြစ်သည်။
ဦးအောင်သောင်း သည် သောကြာနေ့တွင်လည်း ပုပ္ပါးကျေးရွာတွင် စည်းရုံး ဟောပြောနေသည်ဟု သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းကြည်နှင့် NLD ပါတီမှ ဒေါက်တာဇော်မြင့်မောင် တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
NLD မှ ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ အရွေးချယ်ခံ အမတ်တဦး ဖြစ်ပြီး ထိုနှစ်ထဲတွင်ပင် နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီးခံရပြီး ၁၉၉၁ ခုနှစ်တွင် ထောင်တွင်းမှနေ၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ထောင်တွင်း ချိုးဖောက်မှုများကို တင်ပြခဲ့သဖြင့် ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံရကာ ၂ဝ၁၁ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
အလားတူ ကျောက်ပန်းတောင်းမြို့နယ် ဝက်လွတ်ချဉ် ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက မဲဆွယ်
ဟောပြောစဉ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပုတ်ခတ်ထားသည့် မေးခွန်းပေါင်း ၂၁ ခု မေးမြန်းထားသည့်စာပါ CD ခွေကို ဖွင့်ပြခဲ့သဖြင့် မြို့နယ် ကော်မရှင်ထံ ကြာသာပတေးနေ့တွင် တိုင်ကြား ခဲ့သည့်ဟု ဆိုသည်။
“ကျနော်တို့ ဝက်သချဉ်ကျေးရွာမှာ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးက အဲဒီခွေကို ဖွင့်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချနေတယ်။ အဲဒါ ကော်မရှင်ကို အရေးယူပေးဖို့ တိုင် ထားပါတယ်၊ အထက်ကို တင်ပြမယ်လို့ ပြောတယ်” ဟု ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးတာဝန်ခံ ဦးအေးခိုင်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ NLD က မြို့နယ်၊ ခရိုင်၊ တိုင်းကော်မရှင်ထံလည်း ၎င်း CD ခွေနှင့်အတူ တိုင်ကြားထားပြီး မြို့နယ်ကော်မရှင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြပေးသွားမည်ဟု ဆိုသည်။
ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆ သန်းကျော်ရှိပြီး မဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းများကို မတ်လ ၂၄ ရက်နေ့နောက်ဆုံးထား ပြင်ဆင်လိုက်ပြီး ဖြစ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
No comments:
Post a Comment