
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ အပါအ၀င် ပြည်တွင်း၊ ပြည်ပ သတင်းဂျာနယ်လစ် ၃၀၀ ကျော် တက်ရောက် သတင်းရယူခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်လများအတွင်း ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားပါက ကြားဖြတ်ရွေးကောက်ပွဲသည် စစ်မှန်သည့် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဆိုသည်ကို စဉ်းစား၍ ရနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပသွားမည့် မဲဆန္ဒနယ်များတွင် များနိုင်သမျှ များများအနိုင်ရရှိရန် ကြိုးစားခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ယင်းအနက် လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာတွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဆိုင်ရာ မှားယွင်းမှုများသည် ဒီမိုကရက်တစ်ကျသည့် ရွေးကောက်ပွဲတစ်ခုက လက်ခံနိုင်သည်ထက် ကျော်လွန်နေကြောင်း၊ သို့ရာတွင် မိမိတို့ ပြည်သူများ လိုချင်နေသည့် အရာဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက် သွားရန် ဆုံးဖြတ်ထားပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကြားဖြတ် ရွေးကောက်ပွဲကြောင့် ပြည်သူများ၏ နိုင်ငံတွင်း နိုင်ငံရေး အသိတရား နိုးကြားမှုများ တိုးတက်နေပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ''သိပ်ကြီးတော့ နေမကောင်းသေးပါဘူး''ဟု ပြောကြားခဲ့ပြီး လုံခြုံရေးနှင့် ပတ်သက်၍ လုံးဝမစိုးရိမ်ပါကြောင်းနှင့် ပြည်သူများအနေဖြင့် စိတ်မပူရန် ပြောကြား လိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ကိုယ့်လမ်းကို ကိုယ်ခင်းပြီး သွားရမည်ဖြစ်ကြောင်းနှင့် မြစ်ဆုံရေကာတာ ထာဝရ ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ဂျာနယ်လစ်တစ်ဦး၏ မေးမြန်းမှုအပေါ် အားလုံးကလက်ခံနိုင်သည့် ထာဝရ အဖြေတစ်ခုကို ရှာဖွေရမည်ဖြစ်ကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
ဝန်ကြီးနေရာအတွက် ကမ်းလှမ်းမှုများ ရှိလာပါက မည်ကဲ့သို့ ဆောင်ရွက်သွားမည်နည်းဆိုသည့် ဂျာနယ်လစ်တစ်ဦး၏ မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲရောက်ရှိရန်အတွက် ဆောင်ရွက်ရသည်မှာ လွယ်လွယ်လေး မဟုတ်သည့်အတွက် လွှတ်တော်ထဲမှ ထွက်သွားမည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရ မည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတကြောင်း ပြသလို၍ မြန်မာအစိုးရသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူ ၁၅၀ ကျော်ကို ဖိတ်ကြား ထားသလို ပြည်ပမီဒီယာများကိုလည်း ဖိတ်ကြားထားသည်။
EMG
No comments:
Post a Comment