မြစ်ကြီးနားမြို့နယ် တန်ဖဲကျေးရွာရှိ ဒေသခံများကို ၂၀၁၂ မတ်လ ၁၇ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့နေထိုင်ကြရန် ဒေသဆိုင်ရာ တာဝန်ရှိသူတချို့က လက်မှတ်ထိုးခိုင်း ထားသောကြောင့် ရွာသား အများစု လက်မှတ်ထိုးခဲ့ပြီး တစ်ရွာလုံးနီးပါး ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
၂၀၁၂ ခုနှစ်မတ်လ ၆ရက်နေ့က တန်ဖဲကျေးရွာသို့ တာဝန်ရှိသူများမှ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ကားများဖြင့် ရောက်ရှိလာပြီး ကျေးရွာတွင် နေထိုင်နေသည့် ဒေသခံများကို ခရိုင် အုပ်ချုပ်ရေးမှုးရုံးသို့ ခေါ်ဆောင်သွားကာ ပြောင်းရွှေ့ပေးရန် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် မတ်လ ၁၃ ရက်နေ့က တန်ဖဲကျေးရွာအ၀င်၊ ကျေးရွာအထွက်နဲ့ အလယ်တွင် အစိုးရမြေ ကျူးကျော်ခြင်းမပြုရ၊ ကျူးကျော်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည် စသည့် ဆိုင်းဘုတ်များထား ရှိခြင်းကြောင့် ဒေသခံများစိုးရိမ်မှု ပိုမိုခဲ့ကြောင်း သိရသည်။ ထို့ပြင် တန်ဖဲကျေးရွာရှိ ဒေသခံများ နေထိုင်သည့် အိမ်ဟောင်းများကိုလည်း မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် အကြောင်းကြားထားသော်လည်း ဒေသခံအများစုမှာ သက်ဆိုင်ရာများသို့ အသနားခံလွှာ တင်ထားသဖြင့် အများစုမှာ အိမ်များကို မဖျက်သိမ်းပဲ ထားရှိထားကြောင်း သိရသည်။
တန်ဖဲကျေးရွာမှ အောင်မြေသာ စံပြကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ရာတွင် သက်ဆိုင်ရာမှ ဆန်တစ်နှစ်စာအတွက် တစ်ဦးလျှင် ခုနစ်ပြည်နှုန်း အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်တစ်သိန်းနှင့် ရုပ်မြင်သံကြားစက်တစ်လုံး စီမံပေးထားသော်လည်း ဒေသခံများမှာ ရေရှည်တွင် စားဝတ်နေရေး အခက်ခဲရှိနိုင်ကြောင်း သိရှိရသည်။ အောင်မြေသာ စံပြကျေးရွာတွင် တန်ဖဲ ကျေးရွာ၊ မြစ်ဆုံကျေးရွာ၊ ပဒန်ကျေးရွာ၊ မလိယန်ကျေးရွာရှိ ဒေသခံများရှိကြောင်း သိရှိရသည်။ တန်ဖဲကျေးရွာတွင် အိမ်ထောင်စု ၁၇၄ ဦးရေ ၁၀၇၅ ယောက် နေထိုင်လျက်ရှိကြောင်း သိရသည်။
Ref; ဒီဗွီဘီ
No comments:
Post a Comment