Monday, March 19, 2012

ကန့်ဘလူ မဲစာရင်း အလွဲအမှား တသောင်းနီးပါးရှိဟု NLD ဆို

Ever November | 3/19/2012 10:08:00 PM | Best Blogger Tips
စစ်ကိုင်းတိုင်း၊ အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ် ၃ နယ်မြေတွင် ပါဝင်သည့် ကန့်ဘလူမြို့နယ် မဲစာရင်း လွဲမှားမှု အရေအတွက် တသောင်းနီးပါး ရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွှေဘိုခရိုင် အောင်နိုင်ရေး ကော်မတီက ပြောသည်။
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၉၆ စု၌ ကျေးရွာပေါင်း ၂၇၁ ရွာ ရှိရာတွင် မဲပေးနိုင်သူဦးရေ ၁ သိန်း ၆ သောင်းကျော် ရှိသည့်အနက် လူဦးရေ တသောင်းနီးပါးမှာ မဲစာရင်း လွဲမှားမှု အမျိုးမျိုး ဖြစ်နေသည်ဟု NLD
ရွှေဘိုခရိုင် အောင်နိုင်ရေး ကော်မတီဝင် ကိုဝင်းအောင် က ပြောသည်။

“ကျေးရွာမှာ မဲစာရင်းပြုစုတဲ့အခါမှာ ၂ဝ၁ဝ မဲစာရင်းတွေပဲ ပြန်သုံးထားတယ်။ သေတဲ့လူတွေ ပါတယ်။ နာမည် ထပ်တာတွေလည်း ရှိတယ်။ ‘မောင်’နဲ့ ‘မ’နဲ့ မှားတယ်။ မှတ်ပုံတင်နံပါတ်တွေ လွဲတယ်။ စာရင်းထဲမှာ မရှိတဲ့ နာမည်တွေ ပါတယ်။ အချို့ဆို တရွာလုံး အုပ်စုလိုက် မဲစာရင်း ပျောက်တယ်”ဟု ကိုဝင်းအောင်က ဆိုသည်။

စစ်ကိုင်းတိုင်း အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ်(၃) တွင် မဲရုံပေါင်း ၄၅၆ ရုံရှိပြီး ကန့်ဘလူမြို့နယ်တွင် ၁၈၆ ရုံ၊ ရေဦးမြို့တွင် ၇၉ ရုံ၊ ကျွန်းလှမြို့တွင် ၇၇ ရုံနှင့် တန့်ဆည်မြို့တွင် ၁၁၃ ရုံ ရှိကြောင်း သိရသည်။

ကန့်ဘလူ ကဲ့သို့ပင် ကျွန်းလှ၊ ရေဦး၊ တန့်ဆည် များတွင်လည်း မဲစာရင်း လွဲမှားမှုများ တွေ့ရကြောင်း၊ အရေအတွက် အတိအကျကို NLD အနေဖြင့် အသေးစိတ် စာရင်းပြုစုနေဆဲ ဖြစ်ကြောင်း ကိုဝင်းအောင်က ပြောသည်။

ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာရှိ ဘုရားဝင်းအတွင်း တနင်္ဂနွေနေ့က ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဟောပြောမှုများ ရှိသလို ပါတီနှင့် ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်ပြောဆိုခြင်းများ ရှိခဲ့သဖြင့် ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်ရာ ရောက်
ကြောင်း သူက ဆက်ပြောသည်။

“NLD က ထောင်ထွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီ၊ မဲပေးလို့ ဖြစ်မလား ပြောတယ်။ NLD က ဆင်းရဲတဲ့ပါတီ ဖြစ်တဲ့ အတွက် ဒီလိုပါတီကို ယုံပြီး မဲပေးလို့ ဖြစ်ပါ့မလားဆိုတာကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း ကိုယ်တိုင်က ပြောတာ”ဟု ဆိုသည်။

ထိုမဲဆန္ဒနယ်တွင် NLD မှ ဒေါက်တာမြင့်နိုင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးတင်မောင်ဝင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ပါတီမှ ဦးဘိုမြင့်အောင် နှင့် ပြည်သူ့ဒီမိုကရေစီပါတီမှ ဦးလှဆန်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

NLD ဗဟိုအောင်နိုင်ရေးအဖွဲ၏ တနင်္လာနေ့ သတင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် စမြင်ကျေးရွာအုပ်စုတွင် ကြံ့ခိုင်ရေးပါတီ၏ အစည်းအဝေးသို့  တအိမ် တယောက် မတက်မနေရ တက်ရောက်ရန် မတ်လ ၁၆ ရက်နေ့က ဆင့်ခေါ်ခြင်း၊ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ဒေါက်တာ စန်းဝင်းက ပုတ်ခတ်ဟောပြော
ခြင်းများ ရှိသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ငြိစွန်းနေသည်ဟု  ဖော်ပြထားသည်။
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1