မြန်မာ့လူ့အခွင့်အရေးနေ့နဲ့ စက်မှုတက္ကသိုလ် ကျောင်းသားကိုဖုန်းမော်ကျဆုံးတဲ့ ၂၄ နှစ် မြောက်နေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးနဲ့ တခြား မြို့တွေမှာ ပထမဆုံး အကြိမ် တရားဝင် လွတ်လွတ်လပ်လပ် ကျင်းပခဲ့ကြပါတယ်။
အခမ်းအနားကို
ရန်ကုန် တော်ဝင်နှင်းဆီ ခန်းမမှာကျင်းပရာမှာ ၈၈မျိုးဆက် ကျောင်းသား
ခေါင်းဆောင်တွေ၊ လက်ရှိ ကျောင်းသား သမဂ္ဂက ခေါင်းဆောင်တွေ အပါအ၀င်
နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေး
သမားကြီးများ တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီအောက်မေ့ဖွယ် အခမ်းအနားကို
တက်ရောက်ပြီးတော့ မိန်ခွန်း ပြောကြားခဲ့ တယ်လို့ ၈၈ မျိုးဆက်
ကျောင်းသားများ အဖွဲ့က မမီးမီးက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က
သူ စကားပြောတဲ့အခါမှာ သူ့အသက် ၄၄ နှစ်ကနေ စပြီး မြန်မာကျောင်းသားတွေနဲ့
စပြီး ထိတွေ့ခဲ့တာတွေ နောက်ကြောင်း ပြန်ပြီး ရှင်းပြ သွားတယ်။ နောက်ပြီး
၁၉၈၉ ခုနှစ် ဖုန်းမော် ၁ နှစ်ပြည့်မှာ မတ်လ ၁၃ ရက်နေ့ကို
လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တယ် ဆိုတဲ့ အကြောင်းပေါ့။ စက်မှုတက္ကသိုလ်
ကျောင်းသားတွေနဲ့ တိုင်ပင်ပြီးတော့ ဒီနေ့ကို မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့
အဖြစ် သတ်မှတ်ခဲ့တယ် ဆိုတဲ့ အကြောင်းကိုရှင်းပြသွားတယ်။”
ကိုဖုန်းမော်ကျဆုံးတဲ့
၁ နှစ်ပြည့်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
ကျောင်းသားခေါင်းဆောင်တွေက မတ် ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ လူအခွင့်အရေးနေ့
အဖြစ် သတ်မှတ်ထားခဲ့တာပါ။
မြန်မာနိုင်ငံ
လူအခွင့်အရေးနေ့ သတ်မှတ်ခဲ့ရတာနဲ့ ပတ်သတ်ပြီး ၈၈ မျိုးဆက်
ကျောင်းခေါင်းဆောင် ကိုကိုကြီးက “အဓိကတော့ စစ်သားတယောက် စစ်မြေပြင်မှာ
ကျဆုံးသွားတာက ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပေမယ့် ရန်ကုန်မြို့လယ်ခေါင်က တက္ကသိုလ်
ကျောင်းဝင်းထဲမှာ တက္ကသိုလ် ကျောင်းသား တယောက် ကျည်ဆံထိပြီး ကျဆုံးတယ် ဆိုတာ
မြန်မာနိုင်ငံ သမိုင်းမှာ အင်မတန်ကို ဆိုးဝါးတဲ့ ရုပ်ပျက် ဆင်းပျက်
ဖြစ်တဲ့ အနိဋ္ဌာရုံ တခုလို့ မြင်တယ်။ လွတ်လပ်စွာ
ထုတ်ဖော်ခွင့်၊ဟောပြောခွင့်၊ စုရုံးခွင့် ဆိုတဲ့ အခွင့်အရေး တွေနဲ့
လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့လို့လည်း ကျနော်တို့ နိုင်ငံက ဖွံ့ဖြိုးမှု
အနည်းဆုံး နိုင်ငံ၊ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံအဖြစ်ကို ရောက်ခဲ့ရတယ်။
ဒါ့အပြင်
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားဖို့အတွက် မြန်မာနိုင်ငံမှာ
အရေးတကြီး လိုအပ်နေပြီဆို တာကို ပထမဆုံး ထုတ်ပြောလိုက်တဲ့ နေ့ရက် ဖြစ်တဲ့
အတွက်ကြောင့် ဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အနေနဲ့
သတ်မှတ်ခဲ့တာပါ။”
ကိုဖုန်းမော်ကျဆုံးတဲ့
၂၄ နှစ်မြောက် နေ့နဲ့ မြန်မာနိုင်ငံ လူအခွင့်အရေးနေ့မှာ ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့က ကြေညာချက် ၁ စောင် ထုတ်ပြန် ခဲ့ပါတယ်။
ဒီကြေညာချက်နဲ့
ပတ်သက်ပြီး လည်း ကိုကိုကြီးက “အဓိက က ဒီနေ့ ဒီရက်မှာ ကိုဖုန်းမော်
ကျဆုံးရခြင်း က မြန်မာနိုင်ငံကို အမှောင်ခေတ်ကနေ ပြီးတော့ အလင်းခေတ် ကို
ကူးပြောင်းဖို့ အတွက် အချက်ပေးလိုက်တဲ့ ခေါင်းလောင်းသံဖြစ်တယ်။ ၁၉၈၉ ခုနှစ်
မတ်လ ၁၃ရက်နေ့မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ်နဲ့ အားလုံးက
သတ်မှတ်ခဲ့ပေမယ့်လည်း တောက်လျှောက် ဖိနှိပ်မှုတွေ ကြောင့်မို့လို့ ဒီနေ့ဟာ
မှေးမှိန်ခဲ့နေရာကနေ အခု ပြည်တွင်းပြည်ပမှာ ကျင်းပခွင့်တွေ ရခဲ့ကြတယ်၊
ဒါတွေက အရင်းအနှီးတွေ အများကြီး ပေးဆပ်ခဲ့တဲ့ အသီးအပွင့်ဖြစ်တယ်။
မြန်မာနိုင်ငံ ကိုယ်တိုင် ပါဝင် လက်မှတ် ရေးထိုးခဲ့တဲ့ နိုင်ငံတကာ
လူ့အခွင့်အရေး ကြေညာ စာတမ်းပါ အချက်အလက် တွေကို ပြည်သူတွေ
သိရှိနိုင်ဖို့နဲ့ ခံစား ကျင့်သုံးနိုင်စေဖို့အတွက် နိုင်ငံရေး ပါတီတွေ
အပါအ၀င် နိုင်ငံသား အားလုံးက ပူးပေါင်း ကြိုးပမ်းကြဖို့ အတွက် ကျနော်တို့
၈၈ မျိုးဆက် ကျောင်းသားများက တိုက်တွန်း နှိုးဆော်လိုက်တယ် ဆိုတဲ့
ကြေညာချက်ပါ။” လို့ ပြောပါတယ်။
၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ မြန်မာနိုင်ငံ လွတ်မြောက် ရေး
တိုက်ပွဲဟာ မပြီးဆုံးသေးဘူးလို့ ကိုဖုန်းမော်ကျဆုံးတဲ့ ၂၄နှစ်ပြည့်မှာ
ပေးပို့တဲ့ မိန့်ခွန်းမှာ ခုလို ပြောကြားပါတယ်။
“လွတ်မြောက်ရေး
တိုက်ပွဲတွေ ကျနော်တို့ အားလုံး ဆင်နွှဲခဲ့ကြပြီးပြီ။ ပြီးရင် အောင်ပွဲ
လည်း ဖြစ်မယ်၊ ပြန်လည် တည်ဆောက်ရေး ဖြစ်ပါလိမ့်မယ်။ ခက်တာက ကျနော်တို့
ဆီမှာက လွတ်မြောက်ရေး တိုက်ပွဲကလည်း ပြီးတယ်လို့ မယူဆဘူး။ တဖက်ကလည်း
တည်ဆောက်ရေးကို လုံးလုံး ရောက်သွားပြီ မဟုတ်ဘူး။ ကြားထဲမှာ အသွင်
ကူးပြောင်းရေး ကာလဖြစ်နေတယ်။ အဲဒါကြောင့် လွတ်မြောက်ရေး တိုက်ပွဲတွေ
အခန်းကဏ္ဍ တခုအနေနဲ့ ဆက်ပြီးတော့ ပါနေရတာ၊ အများစုကတော့ လွတ်မြောက်ရေး
တိုက်ပွဲဝင်နေတဲ့ သူတွေဟာ များသောအားဖြင့် အများစုက ပြည်တွင်း၊
ထောင်တွေထဲမှာ နေခဲ့ရတဲ့အခါမှာ နိုင်ငံတကာ ရောက်နေတဲ့ ရဲဘော်တို့
အင်အားစုတွေ လောက်တော့ လေ့လာမှု အားမှာတော့ ကျနော်တို့ဘက်က နည်းပါလိမ့်မယ်။
ရဲဘော်တို့ကတော့
တည်ဆောက်ရေး အတွက်ကိုတော့ နိုင်ငံတကာမှာ သင်ကြားပြီးသား ပါ။ အဲဒီတော့
ကျနော်တို့ လွတ်မြောက်ရေး တိုက်ပွဲ ပြီးသွားလို့ တကယ်တည်ဆောက်ပြီး
ဆိုတဲ့အခါမှာ ပြည်ပက ရဲဘော်တို့ အင်အားတွေ အများကြီး လိုပါတယ်။ ရဲဘော်တို့
သင်ကြားထားတဲ့၊ လေ့လာထားတဲ့ ဆည်းပူးခဲ့သမျှက ပြည်တွင်းမှာ ပြန်လည်
တည်ဆောက်ဖို့ အတွက် အားဖြစ်ပါစေ၊ လွတ်မြောက်ရေး တိုက်ပွဲဝင်နေသူတွေက
တဖြည်းဖြည်းနဲ့ နောက်တန်းကို ရောက်သွားပြီးတော့ တိုင်းပြည် တည်ဆောက်မယ့်
အင်အားစုတွေက ရှေ့ကို ရောက်လာပါလိမ့်မယ်။ ကျနော်တို့ ဒါဟာ အမှန်တကယ်
လိုအပ်ချက် အနေနဲ့ ရိုးရိုးရှင်းရှင်း ရှုမြင်တာပါ။
ဒါကြောင့်
ရဲဘော်တို့ သင်ကြားလေ့လာ ဆည်းပူးခဲ့သမျှတွေကို အသုံးချဖို့ ပြင်ဆင်လာပါ
နောက်ဆုံး တချက်က ပြည်ပမှာလည်း ရဲဘော်တို့အားလုံးက အခမ်းအနားတွေ
ကျင်းပနေရုံနဲ့ မပြီးသေးပဲ ပြည်တွင်းကို ဒီထက်ပိုပြီး အားကောင်းအောင်
ရဲဘော်တို့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာ ကျနော်တို့ လက်တွေ့ကျကျ
ကြည့်ချင်ပါတယ်။ အခု အချိန်မှာ ရောင်နီသန်း လာပါပြီ။ အဲဒီ့
ရောင်နီသန်းလာတဲ့ အချိန်မှာ အားလုံးက ဒေါင်းတွေ အဖြစ်ပဲ ကျနော်တို့
ပြန်မြင်ချင်တယ်။ အားလုံး သံပြိုင် အိုးဝေသံနဲ့ပဲ ညီချင်ပါတယ်။”
ရန်ကုန် မှာ
ကိုဖုန်းမော်ကျဆုံးတဲ့ အခမ်းအနားကို ကျင်းပကြသလို မန္တလေးမြို့နဲ့
မြင်းခြံမြို့နဲ့ပြည်ပမှာလည်း ကျင်းပခဲ့ကြပါတယ်။ အလားတူ ထိုင်းနိုင်ငံနဲ့
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဆန္ဒပြပွဲတွေနဲ့
အထိမ်းအမှတ်နေ့  ဟောပြောပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
Ref; DVB
No comments:
Post a Comment